ရန်ကုန် ၊ နိုဝင်ဘာ ၁၅။ ။ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် တရုတ်ပြည်ဘက်ခြမ်းမှ တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်လာသည့် ခြောက်ဘီး မော် တော်ယာဉ် ငါးစီးအား ယမန်နေ့ ည(၈)နာရီဝန်းကျင်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်ဝင်/ထွက်လမ်း ကြောင်းများ ကြီးကြပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ဟင်္သာမီဒီယာသို့ပြောသည်။

logo-copy

“လက်ရှိကတော့ ကျိုင်းတုံရဲစခန်းမှာ အသေးစိတ်စစ်ဆေးနေတယ်။ ကားငါးစီးဆိုတော့ ကားထဲမှာပါလာတဲ့ ပစ္စည်းတွေ အပေါ်မူတည်ပြီးတော့ ကာလတန်ဖိုးတွက်ချက်မှာပါ။ ကာလတန်ဖိုးများမှာပါ။ အိမ်သုံးဆေးဝါးပါရင် တန်ဖိုးတစ်မျိုးဖြစ်မယ်။ စက်ပစ္စည်းပါရင်တန်ဖိုးတစ်မျိုးဖြစ်မယ်။ ဒါကြောင့် ကာလတန်ဖိုးကခန့်မှန်းလို့မရဘူး။ အတိအကျကတော့ ဖွင့်ကြည့်မှပဲသိမယ်” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ တရားမဝင်ပစ္စည်းများသည် တရုတ်ပြည်မှ တစ်ဆင့် စီလူး- မိုင်းယမ်း- မိုင်းဆက်- ကျိုင်းတုံ လမ်းကြောင်းအတိုင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း နယ်စပ်ဝင်/ထွက်လမ်းကြောင်းများ ကြီးကြပ်ရေးမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တာချီလိတ်ခရိုင်အတွင်းတွင် တရားမဝင်တင်ဆောင်လာသော အချိုရည်များကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုင်းလားနယ်မြေအတွင်း ‘ဝ’ တပ်ဖွဲ့များစစ်ရေးလှုပ်ရှားမှုကြောင်း ဝမ့်တာပင်းနယ်ခြားဂိတ် နှင့် မိုင်းယုနယ်ခြားဂိတ်တို့ကို အောက်တိုဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ပိတ်ထားခဲ့သည်။

လက်ရှိအချိန်ထိ ယင်းဂိတ် နှစ် ဂိတ်ပြန်လည် ဖွင့်လှစ်ခြင်း မရှိသေးသဖြင့် မိုင်းဆက်၊ မိုင်းယမ်း လမ်းကြောင်းများမှ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်မှု မြင့်တတ်နေကြောင်း ဦးမင်းအောင်ကဆိုသည်။

Written by – ဆုမင်းကို

Leave a Reply