Advertisements

KG မှ နဝမတန်းအထိ အတန်းတင်အောင်စာရင်းများထွက်ခဲ့ပြီး ယခင်နှစ်များက မြန်မာနှစ်ဆန်း(၂) ရက်၊ ခရာဇ်နှစ်ဧပြီလ(၁၈)တွင် ထွက်နေကျအောင်စာရင်းများယခုနှစ်တွင်(၂၂)ရက် တနင်္ဂနွေနေ့တွင်မှထွက်ခြင်း သည်ထူးခြားသည်ဟုထင်သည်။ ပညာရေး၏ပြောင်းလဲမှုတစ်ခုမှသည် တိုးတက်သောပညာရေးပြောင်းလဲမှု ထူးခြားဖြစ်စဉ်များလည်းဖြစ်ပေါ်လာလျှင်အလွန်ကောင်းပေလိမ့်မည်ဟုမျှော်လင့်မိသည်။

အိမ်နားမှမူလတန်းကျောင်းတစ်ကျောင်းတွင် အောင်စာရင်းများကပ်ထားတော့မိဘများ၊ ကျောင်းသား ကျောင်းသူလေးများ ဝမ်းသာအားရလာကြည့်ကြသည်။ ၎င်းတို့ကိုကြည့်ရင်းမှ လွန်ခဲ့သောနှစ်ပေါင်း(၄၀)ကျော် ကပုံရိပ်ကလေးတစ်ခုကိုပြန်လည်အမှတ်ရမိသည်။ ထိုစဉ်က(၁၀)တန်းအောင်စာရင်းများထွက်တော့စာရေးသူ က သွားမကြည့်ဝံ့သဖြင့် အိပ်ရာထဲတွင်စောင်ခြုံထဲမှ မထွက်သောအခါဖခင်ကြီးက သွားကြည့်ပေးခဲ့ရဖူးသည်။ ဖခင်ကြီးခမျှာစာမတတ်ရှာပါ။

အနီးအနားရှိဆရာ/ဆရာမနှင့်ကျောင်းသားများကိုမေး၍သမီး၏ အောင်စာရင်းကိုကြည့်ခဲ့ရခြင်းသာဖြစ်သည်။ အောင်သည်ဟုဝမ်းသာအားရလာပြောမှ အိပ်ရာထဲမှထွက်ရဲသည်။ မိမိ၏အောင်မြင်သောခုံအမှတ်၊ အမည်နှင့် အဘအမည်တို့ကိုမကြာခဏ ကြည့်ပြီးရင်းကြည့်ခဲ့ရသည်ကိုပြန်လည်၍အမှတ်ရမိသည်။ဟိုတုန်းကရင်ခုန်ပျော် ရွှင်ခဲ့ရသည့်ပီတိအဟုန်ကို သတိရတော့ နှုတ်ခမ်းများတွင်အပြုံးတစ်စထင်ဟပ်ရင်းတစ်စုံတစ်ခုကိုလည်းခံစား မိရသည်။

“မိမိသည်အစကတည်းကသေချာသောအောင်မြင်မှုကိုရယူချင်ပါလျှင် သေချာသောကြိုးစားအား ထုတ်မှုမျိုးသာပုံမှန်ပြုလုပ်ခဲ့ပါက မိမိဖြေဆိုခဲ့သောအဖြေလွှာအတွက်အောင်ခြင်းရှုံးခြင်းကိုစိုရိမ်ပူပန်စရာလိုပါ မည်လား”၊ မိမိအတွက်ကတော့ (၁၀)တန်းအောင်စာရင်းမှရရှိခဲ့သောခံစားချက်သည်ဘဝတစ်လျှောက်လုံးအ ဆင်ပြေပြေဖြင့်အောင်မြင်မှုများရရှိစေခဲ့သည့်သင်ခန်းစာကောင်းတစ်ခုဖြစ်ခဲ့ပါသည်။

အောင်စာရင်းလာကြည့်သော(၄)တန်းကျောင်းသားလေး၊ သူ့အမည်ပါရှိသော အောင်စာရင်းကိုရှေးဦး စွာတစ်ဦးတည်းလာကြည့်သည်။ထို့နောက် သူငယ်ချင်းများနှင့်လာကြည့်သည်၊ သူ့ကလေးပြောသွားသော စကားတစ်ခွန်းကြောင့် စာရေးသူအိပ်ရာမှလန့်နိုးသလိုဖြစ်သွားသည်။ “အကုန်အောင်တယ်၊ အရမ်းညံ့တဲ့ ကောင်တွေပါအောင်တယ်” ၊ အကုန်အောင်သည်မှာကောင်းပါသည်။ အရမ်းညံ့တဲ့ကောင်တွေပါအောင်တာ တော့မကောင်းဟုထင်မိသည်။ ကြိုးစားအားထုတ်မှုလည်းမရှိ၊ ပုံမှန်ဉာဏ်ရည်လည်းမရှိ၊ ၁၅၀၀ (တစ်ထောင့် ငါးရာကို၁၀၀၀နှင့်၅၀၀ ခွဲရေးရသည်ဟုထင်ပြီးအိမ်ရောက်သည်နှင့်စာအုပ်တခြားလူတခြားဖြစ်သွားသော ကျောင်းသားတစ်ဦးအဖို့အောင်မြင်ဖို့အတွက်လည်းစိုရိမ်ပူပန်ဖို့မလိုအပ်သောအနေအထားတစ်ခုသည်ဤက လေး၏အနာဂတ်အတွက်သင်ခန်းစာကောင်းတစ်ခုဖြစ်နိုင်ပါမည်တဲ့လား။

“တတ်အောင်သင်၊ အောင်အောင်စစ်” ဟူသောစကားသည်အလွန်လေးနက်ပါသည်။ စာရေးသူ၏ဆ ရာကြီးတစ်ဦးကပြောခဲ့ဖူးသည်။ သူငယ်တန်းမှာတစ်နှစ်လုံးနေပြီးကမှအအထိတတ်မြောက်အောင်မသင်နိုင် လျှင်အလွန်ညံ့ဖျင်းသောဆရာဖြစ်သည်တဲ့၊ သင်၍မတတ်လောက်အောင် ဉာဏ်ရည်မမှီသော ၊သန်စွမ်းကြံ့ခိုင်မှု မရှိသော ကလေးမျိုးလည်းရှိပါသည်။ ခြွင်းချက်တစ်ခုအဖြစ်မှတ်ယူရပေမည်။သို့သော် ဤကလေးများအတွက် သီးသန့်သင်ပေးနိုင်မည့်အစီအစဉ်များကိုနိုင်ငံတော်ပညာရေးမူဝါဒ မှချမှတ်ပေးထားပါသည်။ ၎င်းတို့အတွက်စား ဝတ်နေရေး ၊ လူမှုရေးလိုအပ်ချက်များကို ကဏ္ဍအလိုက်ဖန်တီးပေးထားသော အစီအစဉ်များလည်းရှိပါသည်။ ပုံမှန်ဉာဏ်ရည်ရှိသူများအတွက် ကောင်း၊ သင့်၊ညံ့အရည်အသွေးအလိုက်သင်ကြားပေးရာတွင်အညံ့ဆုံးဟုသတ် မှတ်ထားသောကလေးကိုကမှအအထိဖတ်တတ်ရေးတတ်ရန်တစ်နှစ်လုံးသင်ကြားပေးသော်မှ မတတ်မြောက် ဟုဆိုလျှင် သင်ကြားပေးသောဆရာသည် အလွန်ပင်ည့ံ့ဖျင်းပါသည်။

ဤမျှလောက်မှမရေးတတ်သောကလေး၊ မဖတ်တတ်သောကလေးသည် တစ်ဆင့်တက်သွားသောနောက်တစ်တန်းတွင် သင်ကြားသောတစ်ဆင့်မြင့် သည့်စာများကို မည်သို့မည်ပုံရေးတတ်ဖတ်တတ်ပါအံ့နည်း။

ကလေးငယ်များအလွန်သနားဘွယ်ကောင်းပါသည်။စတုတ္ထတန်းရောက်သည်အထိ စာကိုပေါင်းဖတ်ရန် ပင်ခက်ခဲသောကလေးများအမှန်ရှိသည်။ဤကလေးများသည် “မအောင်မရှိငါ့တပည့်”ဟူသောစကားကိုတလွဲ တွေးကြသောဆရာ/ဆရာမ တချို့၏လက်တွင်တစ်နှစ်တစ်တန်းကားအောင်ပါ၏။ နမဝတန်းအထိ ဘာမှန်းမ သိအောင်ကြသည်။ ဒသမတန်းသို့ရောက်ပါလျှင်ကားဤတောင်ကိုကျော်နိုင်စွမ်းအား မရှိကြတော့၊ ထိုအခါနဝမ တန်းထိအောင်သည်အထိ အားခဲခဲ့ကြသော ၊ မျှော်လင့်ခဲ့ကြသော သားသမီးတို့၏အနာဂတ်ကို ပုံဖော်၍ဝမ်းသာ ဂုဏ်ယူခဲ့ကြသောမိဘများအတွက် စိတ်ပျက်ဝမ်းနည်းခြင်း ၊ကလေးသူငယ်များ၏ အားငယ်စိုးရွံ့ခြင်းများသည် KTV အရက်ဆိုင်နှင့်အလုပ်ကြမ်းသမားများအဖြစ် အဆုံးသတ်သွားကြသည်။ “ ကျောင်းတစ်ကျောင်းဖွင့်ခြင်း သည် ထောင်တစ်ထောင်ပိတ်သည်မည်၏ ” ဟူသောအဆိုသည်မည်သို့ဖြစ်သွားပါသနည်း။ဆရာ/ဆရာမတချို့ သတိပြုရန် လိုအပ်လှပါသည်။

မည်သည့်လုပ်ငန်းတွင်မဆို ချမှတ်ထားသောမူဝါဒများသည် သေချာစွာသုတေသနပြု၍ ကောင်းစွာချမှတ်ထားခြင်းများသာဖြစ်သည်။အကောင်အထည်ဖော်ရသောသူများ သစ္စာ၊ သမာဓိ၊ စေတနာထား ၍ဆောင်ရွက်ကြလျှင်မုချအောင်မြင်ရမည်။ စာရေးသူတို့ငယ်စဉ်ကအင်္ဂလိပ်စာကိုပဉ္စမတန်းရောက်မှသင်ရသည် သတ္တမတန်းလောက်ရောက်လျှင်ဝါကျများတည်ဆောက်တတ်သည်။ မိမိသည်အတော်ဆုံးကလေးစာရင်းတွင် မပါဝင်ပါ၊ နဝမတန်းနှင့်ဒသမတန်းအစိုးရစစ်စာမေးပွဲများတွင်မေးသော Letter နှင့်Essayများကိုကိုယ့်စိတ်ကူး နှင့်ကိုယ် ပုံဖော်၍ရေးတတ်သည်။ သင်ကြားပေးသောဆရာ/ဆရာမများ၏စေတနာနှင့်မေတ္တာကြောင့်ဟုထင်ပါ သည်။ ဟိုတစ်ခေတ်ကကျူရှင်ဆိုသည်မှာမရှိခဲ့ပါ။ယခုခေတ်တွင်သူငယ်တန်းမှစ၍အင်္ဂလိပ်စာကိုသင်ကြားပေး သည်။ တစ်နှစ်တစ်တန်းအောင်ဖို့သာအလေးထားနေကြသည်။ ဒသမတန်းရောက်သည်အထိ Letterနှင့်Essay တစ်ပုဒ်ကိုဖြောင့်အောင်မရေးတတ်၊ ဘာကြောင့်လဲ၊ ဘယ်လိုနည်းစနစ်တွေလိုအပ်နေသည်လဲ။

ပညာရေးစာစောင်တစ်ခုတွင်ဖတ်ခဲ့ဖူးသောဆရာတစ်ဦးသည် သတ္တမတန်းတွင်အင်္ဂလိပ်စာသင်သည်။ ပထမဆုံးသင်ခန်းစာကိုအရေး၊ အဖတ်၊ လေ့ကျင့်ပုံနည်းစနစ်အပြည့်အစုံသင်ကြားပေးသည်။ထိုသို့သင်ကြား ပြီးမြောက်ရန် ပထမဆုံးသင်ခန်းစာအတွက် အချိန်ယူရသည်။ နောက်ပိုင်း သင်ခန်းစာများတွင် ကျောင်းသားကိုယ်တိုင်လေ့လာစေသည်။ ဖြေဆိုစေသည် Child Centre Approach ဟူသော ကလေးဗဟိုပြုစနစ်ကိုသေချာစွာအသုံးချ၍ နည်းပေးလမ်းပြပြုလုပ်သည်။ ၎င်း၏တပည့်များ အင်္ဂလိပ်စာဘာသာရပ်တွင် တတ်မြောက်ကြသည်၊ အောင်မြင်ကြသည်၊ ဉာဏ်ရည်မြင့်သော ကလေးများထူးချွန်ကြသည်။ ကလေး၏ ကိုယ်ပိုင်ဉာဏ်အသုံးချမှုကို ဆရာကလည်း စစ်ဆေးပေးရန်တော့လိုအပ်သည်။ အတုယူဘွယ် အလွန်ကောင်းပါသည်။

ယခုခေတ် ဆရာ/ဆရာမ အချို့သည် လေ့ကျင့်ခန်းစာအုပ်များကို သေချာစွာစစ်ဆေးမှု အလွန်အားနည်းကြပါသည်။ ဖြေဆိုပုံမှန်သည်၊ မမှန်သည်ကို ကြည့်ခြင်း၊ ပြုပြင်ပေးခြင်းထက် စာအုပ်ထဲတွင် ရေးထားသော စာကို အမှတ်တစ်ခုခြစ်ပေးခြင်းသည် မှန်ကန်သော စစ်ဆေးခြင်းဖြစ်ရန်လိုပါသည်။ တွေ့ဖူးသော ကျောင်းအုပ်ကြီးတစ်ဦးသည် အတန်းလိုက်၊ ဘာသာလိုက်လေ့ကျင့်ခန်း စာအုပ်များကိုနေ့အလိုက်ခွဲ၍ စစ်ဆေးသည်၊ မှားယွင်းစွာ အမှတ်ပေးထားမှုများကို မှတ်ချက်ရေးသည်၊ ဘာသာရပ်ဆရာကို ခေါ်ယူဆွေးနွေးသည်။ နောင်တွင် မသေချာသောစစ်ဆေးမှုများလျော့နည်းလာသည်ကို တွေ့ရသည်။

အဆိုးဆုံးသော ပြုမူဆောင်ရွက်ချက်များအနက် အချို့သော ဆရာ/ဆရာမများ အထူးထုတ်စာအုပ်ကို ကိုယ်တိုင်သေချာစွာဖတ်ရှုလေ့လာခြင်းမရှိဘဲ ပါဝင်သော စာသားများကို တပည့်များအား နှုတ်တိုက်အာဂုံဆောင်စေခြင်းပင်ဖြစ်သည်။ အထူးထုတ် စာအုပ်များကောင်းပါသည်။ ဆရာနှင့် ကျောင်းသားများအတွက် အလွယ်တကူသင်ကြားသင်ယူမှုပြုနိုင်ရန် ပညာရှင်များက လမ်းညွှန်မှုပေးထားသော စာအုပ်ဖြစ်သည်။ သို့သော် စာစီစာရိုက်ရာတွင် ၎င်းပုံနှိပ်ရာတွင် ၎င်းအချို့စာသားများမှားယွင်းသည့်အတိုင်း ပို့ချပေးလိုက်ပါလျှင် စေ့စပ်သော ကျောင်းသား၊ စေ့စပ်သော မိဘအုပ်ထိန်းသူများအတွက် ဆရာသည် အလွန်အထင်သေးဘွယ် ကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သွားမည်ကို သတိပြုသင့်လှပါသည်။

ကျူရှင်ဆိုသည်မှာ အလွတ်သင်ကြားခြင်း၊ အချိန်ပိုသင်ကြားခြင်းဖြစ်ပါသည်။ ယခုခေတ် မိဘများသည် အဖေရော အမေပါ လုပ်ငန်းခွင်ဝင်ကြသူများပါသည်။ မိမိတို့သားသမီးကို မိမိတို့ကိုယ်တိုင်ဂရုစိုက်နိုင်မှုအားနည်းလာကြသည့်အခါ ဆရာ/ဆရာမများလက်သို့ မေတ္တာရပ်ခံအပ်နှံထားကြသည်။ ထူးချွန်သူများကို ပို၍ထူးချွန်စေရန် သင့်သောသူများကောင်းလာစေရန် ညံ့သောသူများ သင့်လာစေရန် အပ်နှံသူများလည်းရှိသည်။

အကယ်စင်စစ် ကျောင်းမှ ဆရာ/ဆရာမများသည် မိမိတို့တပည့်များ၏ အခြေအနေကို မိမိတို့အသိဆုံးဖြစ်သည်။ မူလရည်ရွယ်ရင်းအတိုင်း စေတနာ၊ မေတ္တာထားကြလျှင် ပို၍ထူးချွန်၊ ပို၍ကောင်း ပို၍သင့်သောသူများ ဖြစ်လာမည်မှာ မလွဲပါ။ သို့သော် မည်သို့မည်ပုံလွဲချော်မှုများ ဖြစ်သွားကြသည်မသိပါ၊ တပည့်တို့၏ စိတ်တွင် ကျူရှင်မှ မတက်ရလျှင် အားငယ်သောစိတ်၊ ကျောင်းမနေလိုတော့သောစိတ်၊ ကိုယ့်အားကိုယ်ကိုးခြင်းစိတ်များ လျော့နည်းလာကြသည်။

ကျူရှင်တက်မှ အောင်မှတ်ရမည်ဟုခံယူလာကြသည်။ မိမိစိတ်ကူးဖြင့် ချဲ့ထွင်စဉ်းစားလိုစိတ်များ ဆုံးရှုံး၍ ဒီလိုပေး၊ ဒီလိုဖြေ အပေါ်အောက် ပြောင်းလဲမှုရှိလျှင် အမှတ်မရသော အခြေအနေမျိုးဖြစ်လာသည်။ အချို့ ဆရာ/ဆရာမများ ကျူရှင်တက်သော ကလေးကို မေးခွန်းပေးခြင်း၊ ဘက်လိုက်၍ စစ်ဆေးခြင်းများသည် ကလေးကို ချစ်ရာမရောက်၊ စေတနာထားရာမရောက်ဘဲ စိတ်ဓာတ်ပျက်ပြားခြင်း၊ ဆရာကို အထင်သေးခြင်း၊ အချောင်သမား စိတ်ဓာတ်ကိန်းအောင်စေခြင်း၊ စသော ဆိုးကျိုးများသာရရှိသွားနိုင်ပါသည်။ မိမိ၏ တပည့်လေးများကို ဆင်းရဲချမ်းသာမရွေး စေတနာရှေ့ထား၍ သမာဓိ စိတ်ဓာတ်ဖြင့် သင်ကြားပေးပါက ကျောင်းသားမိဘများ၏ ယုံကြည်ကိုးစားမှုကို ခံယူနိုင်သော ခံယူရသော ဆရာကောင်း ဆရာမြတ်များအဖြစ်ရပ်တည်နိုင်ပါလိမ့်မည်။

လူဆိုသည်မှာ လောဘသားများဖြစ်ပါသည်။ တပည့်များကို တတ်မြောက်စေလိုသော လောဘ၊ ထူးချွန်စေလိုသော လောဘ၊ အောင်မြင်စေလိုသော လောဘမျိုးထားလျှင် ဤလောဘသည်ကောင်းသည်။ သို့သော် မတော်လောဘမျိုးထားလျှင် သံသရာတွင်လည်း ကောင်းမှာမဟုတ်သလို လက်ရှိတာဝန်ထမ်းဆောင်နေစဉ်၌လည်း ကျောင်းသားက ဆရာကိုရိုက်နှက်ခြင်း၊ ကျောင်းသားမိဘက ဆရာကို အုတ်အော်သောင်းတင်းရန်လာတွေ့ခြင်း၊ ကျောင်းသားက ဆရာကို ဂါရဝတရားနည်းပါးခြင်း၊ အထင်သေးခြင်းများကို မလွဲဧကန်ကြုံတွေ့ရမည်သာဖြစ်သည်။ ဆရာဆိုသည်မှာ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့´´ဟူသော ဆရာကျင့်ဝတ်ငါးပါးနှင့် ပြည့်စုံပါက တပည့်များ၏ ချစ်ခင်လေးစား၊ ယုံကြည်အားထားခြင်းကို ခံယူရသော ပီတိဖြင့် လောကအလယ်တွင် တင့်တယ်မည်သာဖြစ်သည်။

မိဘအများစုသည် လက်ဦးဆရာဟူသော မိမိတို့၏ ဂုဏ်ပုဒ်ကို မေ့နေကြဟန်ရှိသည်။ သားသမီးများကို ကျူရှင်တက်စေမှသာ ဂုဏ်ရှိသည်ဟုထင်ကြသည်။ ယခင်က ဘာသာရပ်တစ်ခုစီကို တစ်နေရာစီခွဲ၍ သင်ယူကြသည်။ ယခုနောက်ပိုင်း ဘာသာစုံကျူရှင်ဝိုင်းများ ခေတ်စားလာသည်။ အချို့စာသင်ဝိုင်းများတွင် ဘာသာစုံကိုဆရာတစ်ဦးကသင်သည်။ မိမိတို့သည် မိမိသားသမီး၏ ဉာဏ်ရည်နှင့် ကြိုးစားအားထုတ်မှုကိုသိရန် ကြိုးစားရမည့်အစား မိမိသားသမီးကို အဆင့်ကောင်းကောင်းရစေချင်ကြသည်။ မရလျှင် သင်ကြားပေးသူကပင် အရည်အချင်းမရှိလေဟန်ချဲ့ကားပြောကြပြန်သည်။

ဆရာ/ဆရာမထံ ရိုသေ၊ လေးစားစွာ ချဉ်းကပ်ခြင်းသည် ပျောက်ကွယ်ခဲ့လေပြီ၊ ဟိုလိုသင်၊ သည်လိုသင်စသည်ဖြင့် ကျောင်းသားက ဆရာပြန်လုပ်သည်ကိုလည်း ခံကြရသည်။ နိုင်ငံတော်အစိုးရခမှာ ကျူရှင်ပပျောက်ရန်နှင့် စားဝတ်နေရေးအဆင်ပြေရန် မကြာခဏဆိုသလို လစာတိုးပေးနေပါသည်။ သို့သော် တိုင်းပြည်တစ်ဝက်ပေးသော်မှ ပဲဝက်လည်းယူမည်ဟူသော ရေသည်ကဲသို့သူများ တိုးပွားလာသည်မှာ အလွန်ဝမ်းနည်းဘွယ်ကောင်းလှပါသည်။

ဆရာ/ဆရာမသည် အနန္တော အနန္တငါးပါးတွင် တစ်ပါးအပါအဝင်အဖြစ်ထည့်သွင်းသည်မှာ နာသုံးနာတည်းဟူသော စေတနာ၊ ဝါသနာ၊ အနစ်နာတို့ကို အခြေခံထားသည့် ဆရာတို့၏ မေတ္တာ၊ ဂရုဏာနှင့် သိက္ခာကို ဂုဏ်ပြုပူဇော်ထားခြင်းဖြစ်ပါသည်။ တတ်အောင်သင်ခြင်းသည် ကလေး၏ အားနည်းချက်ကိုလေ့လာ၍ ပြည့်စုံအောင်ဖြည့်ပေးရခြင်းသာဖြစ်ပြီး အောင်အောင်စစ်ခြင်းသည် နည်းစနစ်မှန်ကန်မှု၏ အကျိုးရလဒ်ဖြစ်ပါသည်။ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်၊ တပည့်လေးများ၏ အပစ်ကင်းသော မျက်နှာလေးများနှင့် ပြန်လည်ဆုံတွေ့ကြပါဦးမည်၊ ဆရာတိုင်း၊ ဆရာမတိုင်း ပူဇော်မှုကိုခံယူထိုက်သူများအဖြစ် လူ့ဘောင်လောကတွင် ထည်ဝါဝင့်ကြွားနိုင်သူများ ဖြစ်လာကြစေချင်ပါသည်။

Written by ခင်လေး (အတာမြေ)

Advertisements
<

Leave a Reply