မော်လမြိုင်၊ ဇူလိုင် ၂၆

မော်လမြိုင်မြို့ပေါ်ရှိ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျူးကျော်ဆိုင်ခန်းပေါင်း ၅၀ ကို ဒဏ်ငွေရိုက်သတိပေးတားမြစ်ထားပြီးဖြစ်ကြောင်း မော်လမြိုင်မြို့စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ယခုနှစ် မတ် ၁ ရက်နေ့မှ စ၍ မော်လမြိုင်မြို့ရှိ သထုံတံတားလမ်း၊ အောက်ဘလောက်ရှိ ကျူးကျော်ဆိုင်ခန်း ၉၀ ခန်း၊ အနောက်တပ်မြေလမ်းမှ ဖက်တန်းရပ်ကွက်အုပ်ချုပ်ရေးရုံအရှေ့တွင်ရှိသည့် ကျူးကျော်ဆိုင်ခန်း ၈၃ ခန်း၊ အရှေ့တပ်မြေလမ်းမှ အမှတ် (၁) လမ်းရှိ ကျူးကျော်ဆိုင်ခန်း ၆၆ ခန်း၊ လှိုင်ဈေးလမ်းရှိ ကျူးကျော်ဆိုင်ခန်း ၃၂ ခန်း၊ အထ္ထရံဟိုတယ်မှ ဒိုင်ဝန်းကွင်းမီးပွိုင့်ရှိ ကျူးကျော်ဆိုင်ခန်း ၂၄ ဆိုင်၊ ဒိုင်ဝန်းကွင်းမီးပွိုင့်မှ ရွှေမြိုင်သီရိဈေးရှေ့ရှိ ကျူးကျော်ဆိုင်ခန်း ၂၈ ခန်းကို ဧပြီ ၂၂ ရက်နေ့အတွင်း ပထမအကြိမ်အေနဖြင့် သတိပေးထားခဲ့ကြောင်းမော်လမြိုင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစိုးလွင်က ဆိုသည်။

ယင်းနောက် ဧပြီ ၂၅ ရက်နေ့မှ မျှော်လင့်လမ်းမမှ ညောင်ပင်ဆိပ်ကမ်းနားရှိ ကျူးကျော်ဆိုင်ခန်း၂၇ ခန်းတို့ကို အထက်လမ်းမကြီးမှ ကျောက်မီးသွေးမီးပွိုင့်ရှိ ကျူးကျော်ဆိုင်ခန်း ၄၁ ခန်း၊ ဖက်ခင်းလမ်း၊ ကမ်းနားလမ်း၊ ဈေးကြိုမီးပွိုင့်ရှိ ကျူးကျော်ဆိုင်ခန်း ၃၃ ခန်းနှင့် ဖက်ခင်းလမ်း၊ ဈေးကြိုမီးပွိုင့်မှ ငန်းတေးဝန်ကြီးအိမ်ရာရှိ ကျူးကျော်ဆိုင်ခန်း၂၉ ခန်းတို့ကို မတ် ၂၇ ရက်နေ့အတွင်းကလည်း သတိပေးထားခဲ့ခြင်း ဖြစ်သည်။

“ပထမက သတိပေးထားတဲ့ ဆိုင်ခန်းတွေကို ထပ်ပြီးစစ်ဆေးတဲ့အချိန်မှာ မြို့နယ်စည်ပင်နယ်နိမိတ်မှာပဲ ကျူးကျော်ရောင်းချနေသေးတဲ့ ဈေးဆိုင်ခန်းပေါင်း ၅၀ ကို တစ်ဆိုင် ငါးသောင်းနှုန်းနဲ့ ဒဏ်ရိုက်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ် မတ် ၁ ရက်မှ မေ ၂၇ ရက်နေ့အထိ ကျူးကျော်ဆိုင်ခန်းပေါင်း ၄၅၃ ဆိုင်ကို ပထမအကြိမ် အနေဖြင့် သတိပေးဆောင်ရွက်ထားရှိပြီး ယင်းဆိုင်ခန်းများကို ဒုတိအကြိမ် ထပ်မံသွားရောက်စစ်ဆေးခဲ့စဉ်က သတ်မှတ်ထားသည့် စည်ပင်သာယာရေးဥပဒေကို လိုက်နာမှုမရှိသည့် ဆိုင်ခန်းများကိုသာ ဒဏ်ရိုက်သတိထားခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစိုးလွင်က ပြောဆိုသည်။

၂၀၁၇ ခုနှစ်ကမွန်ပြည်နယ်လွှတ်တော်မှ ပြဌာန်းခဲ့သည့် မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေတွင် ပုဒ်မ ၉၂ နှင့် ၉၃ ပါ ပြစ်မှုများကို ရဲအရေးပိုင်သော ပြစ်မှုများအဖြစ်သတ်မှတ်ထားပြီး ငွေဒဏ်အပြင် ထောင်ဒဏ်များပါ ကျခံစေနိုင်သည်ဟု ဆိုထားသည်။

ခေတ်မင်း

Leave a Reply