မွန်ပြည်နယ်အတွင်းရှိ ကျူးကျော်ဘာသာရေးအဆောက်အဦများစာရင်းကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း မွန်ပြည်နယ်သာသနာရေးမှူးရုံးထံမှ သိရသည်။

logo-copy

ထိုသို့ စာရင်းကောက်ခံရာတွင် မွန်ပြည်နယ်အတွင်းတရားမဝင် ကျူးကျော်ဆောက်လုပ်ထားသောဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကိုဝါဆိုသံဃာစာရင်းအရကောက်ခံမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဝိစိတ္တသာရက က မိန့်ကြားသည်။

ဝါဆိုစာရင်းမဝင်သောကျောင်းများကိုတရားမဝင်ကျူးကျော်ကျောင်းများအဖြစ်သတ်မှတ်မည်ဖြစ်ပြီး ယင်းကျူးကျော်ကျောင်းတိုက်များစာရင်းကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ထံလျှောက်တင်ရမည်ဖြစ်ကြောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ ဝိစိတ္တသာရကရှင်းပြမိန့်ဆိုသည်။

ကျူးကျော် ကျောင်းတိုက်များကိုအရေးယူဆောင်ရွက်ခြင်းကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်များ၏ ဆုံးဖြတ်ချက်အတိုင်းသာလုပ်ဆောင်မည်ဖြစ်ကြောင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်စန်းဝင်းကပြောကြားသည်။

“ကျောင်းဖျက်တာ၊မဖျက်တာနိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကဆုံးဖြတ်လိမ့်မယ်၊ ကျွန်တော်တို့ကမဆုံးဖြတ်ဘူး” ဟု ၎င်းကပြောဆိုသည်။
ထို့ပြင် တရားမဝင်ကျူးကျော်ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ဖြစ်၊မဖြစ်ကိုလည်းသာသနာရေးဝန်ကြီးဌာနကဆုံးဖြတ်မည်မဟုတ်ဘဲ မြို့နယ်သံဃာ့နာယကဆရာတော်များကဆုံးဖြတ်မည်ဖြစ်ကြောင်းညွန်ကြားရေးမှူးဦးအောင်စန်းဝင်းကရှင်းပြပြောဆိုသည်။

ထို့အတူအခြားသောဘာသာများတွင်လည်းတရားမဝင်ကျူးကျော်အဆောက်အဦများကို စာရင်းကောက်ခံပြီးသက်ဆိုင်ရာဘာသာရေးခေါင်းဆောင်များကတင်ပြရမည်ဖြစ်ကြောင်းသာသနာရေးဝန်ကြီးဌာနထံမှ သိရသည်။

ကျူးကျော်ဘာသာရေးအဆောက်အအုံများကိုယခုအစိုးရသစ်လက်ထက်တွင် ဖျက်ဆီးခြင်းမရှိသေးဘဲသတင်းစာများတွင်ဖော်ပြသည်မှာယခင်အစိုးရလက်ထက် ဖျက်သိမ်းထားသောအဆောက်အဦများသာ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

Leave a Reply