Advertisements

ကျောက်ဆည်၊ အောက်တိုဘာ ၄ ရက်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ပြုလုပ်သည့် ဆင်လှူပွဲတော်နှင့် ဆင်အကပြိုင်ပွဲတွင် ဆင်အစီးရေ (၁၀၀)ကျော်ကပြဖျော်ဖြေကာ ဆင်(၂၄)စီးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၊ ရွှေသာလျောင်းတောင်အနီးတွင်ကျင်းပသည့် ဆင်လှူပွဲတော်နှင့် ဆင်အကပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်မှာ အမည်နဲ့ အလှတစ်မျိုးကို ပေါင်းလိုက်ပါတယ်။ အမှတ်ပေးတာကို ဆင်ဦးစီးသရုပ်ပြနဲ့ ရိုးရာဆင်စု ပေါင်းသရုပ်ဖော်မူ၊ အဲဒီမှာပြောချင်တာက ဆင်ကတော့ ကနေတာ၊ ဆင်ဦးစီးက တုတ်ကြီးထမ်းပြီးတော့ အေးအေးဆေးဆေးလမ်းလျှောက်နေတာ၊ အဲ့တာအမှတ်မပေးဘူး၊ အမြဲတက်ကြွနေရမယ်။ ဆင်နဲ့ကို ကျွမ်းပစ်နေရ မယ်၊ ရှေ့ပစ်လိုက်၊ နောက်ပစ်လိုက်၊ ဆင်ကြီးကိုပွတ်လိုက် ဖြစ်နေရမယ်။”ဟု ယခုနှစ်ဆင်အကပြိုင်ပွဲတွင်  အမှတ်ပေးဒိုင်အဖြစ်ပါဝင်သူ ဦးကျော်သန်းကပြောသည်။

ပြိုင်ပွဲဝင်ရာတွင် သမ္မစဉ်(၇)မျိုးဖြစ်သည့် ဘုရားပင့်၊ နတ်ပင့်၊ ဆင်ကြိမ်း၊ မုဆိုးကြိမ်း၊ လေးခင်း၊ အယိုင်က ဗုံထောက်သီချင်းနှင့် စိတ်ကြိုက်သီချင်းတစ်ပုဒ်ဖြင့် မိနစ်(၂၀)ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၆ ခုနှစ်တွင် ဆင်အစီးရေ(၂၇)စီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ယခုနှစ်တွင် ရိုးရာဆင်(၁၆)စီး၊ ဘော်ကြယ်ဆင် (၃)စီး၊ ကလေးဆင်(၅)စီး၊ စုစုပေါင်း(၂၄)စီး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ နှစ်(၃၀)အထက်ပြိုင်ပွဲဝင်သော သက် ကြီးဆင်များကို ဇွဲဆုနှင့် ဈေးအား (၃)ပါတ်ဖျော်ဖြေပေးသောဆင်များကို ရှေးရိုးရာဆုများ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

“ဆင်ကိုချစ်မြတ်နိုးတာရယ်၊ ကိုယ့်မြို့အတွက်ဂုဏ်ဆောင်နိုင်အောင် ဝင်ပြိုင်ကြတာပါ။ ပွဲတော်ရက်နီးလာရင် လူငယ်လူကြီး အကုန်လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး ပွဲတော်ရက်မှာ အရမ်းပျော်ကြရပါတယ်။ ဟု ကိုးမြေဂုဏ် ဆောင် ရွှေဇင်မောင်ဆင်အဖွဲ့မှ ကိုစိုးရွှေကပြောသည်။

ဆုကြေးများအဖြစ် ရိုးရာဆင်ပထမဆု(၁၀)သိန်း၊ ဒုတိယဆု(၈)သိန်း၊ တတိယဆု(၆)သိန်း၊ ဘော်ကြယ်ဆင် ပထမဆု(၈)သိန်း၊ ဒုတိယဆု(၆)သိန်း၊ တတိယဆု(၄)သိန်း၊ ကလေးဆင်ပထမဆု(၆)သိန်း၊ ဒုတိယဆု(၄) သိန်း၊ တတိယဆု(၂)သိန်းနှင့် ရိုးရာဆင် အထူးဆု(၅)သိန်းတို့ကို ပေးအပ်သွားမည်ဖြစ်ကာ ကျောက်ဆည် ကမ္ဘောဇဘဏ်ကလည်း ယင်းဆုငွေများအတိုင်း ထပ်ဆောင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply