၂၀၁၉ ခုနှစ် မေလ ၂၁ ရက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်အတွက် ကလေးငယ် တစ်ဦး သေဆုံး ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မျောက်တောင်ရွာနဲ့ မာလာရွာရဲ့ ကြားမှာဖြစ်တာ၊ မနေ့(မေ ၁၉) ညနေက စစ်ကားတွေ ရွာနားကို ရောက်လာတယ်။ အဲဒီမှာ ပစ်ခတ်ကြတယ်။ ညနေ ၅ နာရီခွဲ ၆ နာရီလောက်ပေါ့၊ ရောက်ပြီးတာနဲ့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်းပစ်တယ်။ အဲဒီမှာ ကျနော်တို့ မျောက်တောင်ရွာက ကလေးငယ် ၁၀ နှစ်အရွယ်ပေါ့၊ သမီးလေး မအသိန်းချေ သေသွားတယ်။ ကျည်က ခေါင်းကိုထိတာ၊ နောက်စေ့ကိုထိတာ။ သူတို့ မောင်နှမနှစ်ယောက် လက်ဆွဲပြီပြေးလာရင်းနဲ့ သူ့ညီမလေးက ခေါ်မရလှုပ်မရတော့ ထားခဲ့ပြီး သူ့အစ်ကိုကတော့ ပြေးလို့လွတ်သွားတယ်။ သူတို့နှစ်ယောက် တောင်ပေါ်က ဘုန်းကြီးကျောင်းက အပြန်ပေါ့။ ကလေးတွေ ကို ရန်သူ ရန်သူဆိုပြီး ပစ်တယ်တဲ့ ကျန်ခဲ့တဲ့ သူ့အစ်ကိုကပြောပြတာ” ဟု မျောက်တောင်ရွာနေ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မောင်နှစ်မနှစ်ဦးမှာ တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးအတွက် ဆေးနှင့် ဖုန်းဘေလ်သွားပို့ရာ အပြန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မျောက်တောင်ရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် မာလာရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့်အတွက် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာတွင်းမှ ဓမ္မာရုံနှင့် နေအိမ်အချို့ ပျက်စီးခဲ့ သည်ဟု မာလာရွာသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ရွာမှာက ၄ ယောက်ပေါ့ ၊ သားအမိတွေပဲ၊ ကလေးငယ်က နောက်ကျောလား ၊ ကျောကုန်းပေါ့ ၊ အဲဒီမှာ လက်နက်ကြီးစမှန်တယ်။ လက်နက်ကြီးပစ်လို့ ဒီသေနတ်သံတွေကြားလို့ ကလေးကိုချီပြီးထွက်ပေးတာ၊ အဲဒီမှာ ထိသွားတာ။ သူ့အမေလည်း ထိတယ်၊ ကျန်တဲ့ကလေးနှစ်ယောက်လည်း ထိတယ်။ ကျောကုန်းမှာ ထိတဲ့ တစ်ယောက် စိုးရိမ်ရတယ်။ ကလေးဆိုတော့ဗျာ ၊ မခံနိုင်ဘူး။ အခု စစ်တွေဆေးရုံကို ပို့လိုက်ပြီ။ သူ့အမေရော ပေါ့။ နောက်ပြီး ဒီနေ့ ညနေကမှ တွေ့တာ။ ရွာထဲက အသက် ၆၀အရွယ် အဘိုးကြီးတစ်ယောက်လည်း သေနတ်မှန်သွားတာတဲ့ ။ လူကြီးက ပုန်းနေတာ ပြန်တွေ့တယ်။ ပြီး ရွာက ဓမ္မာရုံခေါင်မိုးတွေလည်း ပျက်ကုန် တယ်၊ အိမ်တချို့ပေါ်လည်း လက်နက်ကြီးကျတယ်” ဟု မလာရွာသားတစ်ဦး က ပြောသည်။

မအသိန်းချေ၏ အလောင်းကို ယနေ့နံနက် ၈ နာရီခန့်တွင် ကျေးရွာမှ ရပ်မိရပ်ဖများ၊ လူငယ်များက သွားကောက်ခဲ့ရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“မနေ့ညကတည်းက သွားကောက်ဖို့ သူ့အမေက စစ်သားတွေကို ပြောတယ်။ အဲဒါမကောက်ခိုင်းဘူး။ ငါတို့ပြန် မှကောက်ဆိုပြီးပြောတာ။ ဒီမနက် ၈ နာရီကမှ သွားကောက်တယ်၊ အခုအလောင်းတော့ ကျောက်တော် နာရေးအသင်းက ယူသွားတယ်” ဟု ပြောသည်။

“ပစ်တာကလည်း ကျနော်တို့ မြင်နေရတာက ရမ်းပြီးပစ်နေတဲ့ပုံစံမျိုး လျှောက်ပစ်တာဗျ။ ဖြစ်ဖြစ်ချင်းတော့ ရွာသားတွေ အကုန်လုံး ထွက်ပြေးကြတယ်။ အဲဒီမှာ ရွာထဲက စီးပွားဖြစ်ကြက်မွေးတဲ့ အိမ်ရှိ တယ်။ ကြက် ၄၀၀ လောက်မွေးထားတာ၊ အခုအကောင် ၄၀ ကျော်ပဲ ကျန်တယ်။ စစ်သားတွေယူသွားတာ။ ဖြစ်ဖြစ်ချင်းတော့ စစ်ကားက ၇ စင်းပဲ၊ နောက်တော့ အစင်း လေးငါးဆယ်လောက် ထပ်ရောက်လာတယ်။ တစ်ညလုံးစစ်သား တွေက ရွာပတ် ပတ်လည်မှာ ဒီမနက်ပြန်သွားတာ”

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ဖြစ်ဖြစ်ချင်းတော့ ဘယ်သူမှ မသွားရဲ ဘူး၊ ရေလမ်းကလည်း အဆင်မပြေဘူး၊ စစ်သင်္ဘောတွေနဲ့၊ အဲ့ဒီပတ်ဝန်းကျင်နားမှာ ပစ်တာ ခတ်တာ တော် တော်များများဖြစ်တယ် ။ သေတဲ့လူက သွားယူလို့မရတဲ့ အခြေအနေမျိုးရှိနေတော့ ကျနော်တို့ ဒဏ်ရာရတဲ့ ကလေးတစ်ယောက်ကိုပဲ ဆေးရုံ မနက် တစ်နာရီ ခွဲလောက်မှ ပို့ဖြစ်လိုက်တယ်။ မနက်ပိုင်းရောက်မှပဲ ၁၀ နာရီ ကျော်လောက်မှာတော့ သေသွားတဲ့အလောင်းကို မြို့နယ်ဆေးရုံကိုပို့လိုက်တယ်။ အဲဒီအချိန်မှပဲ မာလာရွာမှာ အသက် ၆၀ လောက်ရှိတဲ့လူကြီးက ကျည်ထိလို့ လက်မှာဒဏ်ရာတွေနဲ့ ကြောက်ပြီး တစ်ယောက်က အိမ်ထဲ မှာ ပုန်းနေတယ်” ဟု ပြောသည်။

ပစ်ခတ်မှုဖြစ်နေကြောင်း ရွာသားများက လွှတ်တော်ကိုယ် စားလှယ်ထံ အကြောင်းကြားလာသည့်အတွက် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် ဒေသအတွင်းရှိ တပ်မတော်မှ ဗျူဟာမှူးတစ်ဦးထံ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ကာ နံနက် တစ်နာရီခွဲအချိန်ခန့်ရောက်မှ ထိခိုက်ဒဏ်ရာရသူ မာလာရွာမှ အသက် ၃နှစ်အရွယ် ကလေးငယ်ကို ဆေးရုံသို့ပေးခဲ့သည်ဟု ဦးထွန်းဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော် တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ရက္ခိုင့်တပ်မတော် (AA) ကမူ ယင်းနေရာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဟု မီဒီယာများတွင် အတည်ပြု ပြောဆိုထားသည်။

ယမန်နေ့ကလည်း စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ ရပ်စဲပေးရန်၊ အပြစ်မဲ့ပြည်သူများ မတရားဖမ်းဆီးခံထားရသူများအား လွှတ်ပေးရန်၊ စစ်ရေးပဋိပက္ခများအတွင်း မတရား ပစ်ခတ်ခံရသူများအတွက် ဥပဒေအရ အရေးယူပေးရန်နှင့် စစ်ဘေးရှောင် ဒုက္ခသည်ပြည်သူများ နေရပ်ရင်း အမြန်ဆုံး ပြန်နိုင်ရေးတို့အတွက် သံဃာတော်များနှင့် ဒေသခံပြည်သူ ၃၀၀၀ နီးပါးခန့် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်

Leave a Reply