ကျောက်ဖရုံသီးနဲ့ ကျန်းမာရေး

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ ကျန်းမာရေးအထောက်အကူပြု ဆေးဖက်ဝင်နွယ်ပင်တစ်မျိုးဖြစ်တဲ့ ကျောက်ဖရုံသီးအကြောင်းပဲဖြစ်ပါတယ်။

ကျောက်ဖရုံဟာCucubitaceae (ဗူးမျိုးရင်း)ဖြစ်ပြီး၊ရုက္ခဗေဒအမည်ကတော့ Benincasacerifera Saviပဲဖြစ်ပါတယ်။သူဟာတစ်နှစ်ခံ နွယ်ပင်မျိုးလည်းဖြစ်ပါတယ်။ကျောက်ဖရုံရဲ့မူရင်းဒေသကတော့ အာဖရိကတိုက်နဲ့ အာရှတိုက်ပဲဖြစ်ပါတယ်။

မြန်မာဆေးကျမ်းများအလိုရကျောက်ဖရုံဟာ ချို၍အနည်းငယ်ငန်သောအရသာရှိတယ်၊အားကိုတိုးပွားစေ၍ သည်းခြေကိုနိုင်တယ်၊မှည့်သောအသီးဟာဝမ်းမီးကိုတောက်စေတယ်၊သွေး၊လေရောဂါနဲ့ရူးသွပ်ခြင်းကို ပျောက်စေပြီး၊ဆီးအိမ်ကိုသန့်ရှင်းစေတတ်တယ်လို့ဆိုထားပါတယ်။သူဟာ အာဟာရဓာတ်ပြည့်ဝပြီး၊ဗီတာမင် Bနဲ့C အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊သံဓာတ်နဲ့အမျှင်ဓာတ်တို့လို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ဒါကြောင့်မို့ကျောက်ဖရုံသီးဟာ ဆီးချိုသမားတွေအတွက် အကောင်းဆုံးစားစရာတွေထဲမှာပါဝင်သလို ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန်လျှော့ချရာမှာလည်းအထောက်အကူူပေးပါတယ်။ပြီးတော့သူဟာ ခန္ဓာကိုယ်အပူကိုငြိမ်းစေသလို အဆိပ်အတောက်ကိုလည်းပြေစေပါတယ်။ ကျောက်ဖရုံသီးဖျော်ရည်ကိုအစာမရှိတဲ့အချိန်မှာ သောက်ပေးရင်အစာအိမ်နာအတွက်ကောင်းပါတယ်။ဒါတွေအပြင် အတွင်းပိုင်းသွေးယိုခြင်းအတွက်လည်းအစွမ်းထက်ပါတယ်။ပုံမှန်စားပေးရင် နွေရာသီမှာဖြစ်တတ်တဲ့နှာခေါင်းသွေးယိုခြင်းကိုလည်းကာကွယ်ပေးပါတယ်။ကျောက်ကပ်မှာသွေးယိုစိမ့်မှုကြောင့်ဖြစ်လာတဲ့ ဆီးထဲမှာသွေးပါတာ၊အနာတွေကြောင့်၊လိပ်ခေါင်းကြောင့်သွေးယိုတာ တာတွေကို ကျောက်ဖရုံသီးဖျော်ရည်သောက်ခြင်းဖြင့်သက်သာစေနိုင်ပါတယ်။ပြီးတော့သူဟာ

ကျောက်ဖရုံသီးက သဘာဝစိတ်ငြိမ်ဆေးတစ်မျိုးလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုကုသပေးနိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါ၊ စိုးရိမ်ပူပန်တာ၊ ညအိပ်မပျော်တာစတဲ့ အာရုံကြောစနစ်နဲ့ဆက်နွှယ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ ကျောက်ဖရုံသီးဖျော်ရည်ကို တစ်နေ့တစ်ခွက်သောက်ခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ၊ ဝေဒနာတွေအားလုံးကို သက်သာလျော့ပါးစေဖို့ ကူညီပေးပါလိမ့်မယ်။နောက်ပြီး သူဟာ အစာအိမ်နဲ့အူတွင်းအမြှေးပါးမှာ အနာဖြစ်ပေါ်ခြင်းကို ကုသရာမှာလည်းအထောက်အကူပေးပါတယ်၊ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားအားလုံးကိုဖယ်ရှားရှင်းလင်းပေးနိုင်လို့အစာအိမ်နဲ့အူလမ်းကြောင်း ရောဂါပိုးဝင်တာ၊အစာမကြေတာတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ကျောက်ဖရုံသီးရဲ့အဓိကအားသာချက်ကတော့ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့် အစာချေဖျက်ခြင်းကို အထောက်အကူပြုပါတယ်။မနက်စာမှာ ကျောက်ဖရုံသီးကို ပုံမှန်ထည့်စားပေးရင် ဝမ်းချုပ်တဲ့ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ ဂုဏ်သတ္တိဟာအေးမြပြီး၊ အရသာဟာ ချိုပေါ့ပေါ့ဖြစ်တဲ့အတွက် အဆုတ်၊အူမကြီးကိုအားကောင်းစေပါတယ်။

နောက်ပြီးသူဟာ သွေးနီဥဆဲလ်အရေအတွက်နည်းတဲ့အခါဖြစ်လာတဲ့ သွေးအားနည်းရောဂါအတွက် ဆေးဝါးဓာတ်စာတစ်ခုလည်းဖြစ်ပါတယ်။ သွေးတွင်းကိုလက်စထရောကိုကျစေတဲ့အတွက် နှလုံးအတွက်လည်းကောင်းပါတယ်။

ဒါတွေအပြင် ကျောက်ဖရုံသီးဟာအလှအပအတွက်လည်း အသုံးဝင်ပါတယ်။ကျောက်ဖရုံသီးကြိတ်ထားတဲ့အရည်ကို သံပရာရည်နဲ့ရောပြီး အရေပြားပေါ်မှာ လိမ်းတာပဲဖြစ်ဖြစ်၊တခြားမျက်နှာပေါင်းတင်ဆေးတွေနဲ့ရောသုံးတာပဲဖြစ်ဖြစ်လုပ်ပေးရင်အမည်းစက်တွေကိုလျော့ပါးပြီးအသားအရေစိုပြေဝင်လက်စေမှာဖြစ်ပါတယ်။ဗောက်ပျောက်စေချင်တယ်ဆိုရင်လည်း အဲဒီကြိတ်ရည်ကို ဦးရေပြားနဲ့ဆံပင်မှာဆွတ်လိမ်းပြီး ခေါင်းလျှော်လိုက်ပါ၊ကျောက်ဖရုံသီးအစေ့ကို ထောင်းပြီး အုန်းဆီနဲ့ရောလိမ်းပေးခဲ့ရင်လည်း ဆံပင်အရောင်နက်မှောင်တောက်ပစေမှာဖြစ်ပါတယ်။

ဒီလိုအကျိုးများတဲ့ ကျောက်ဖရုံသီးကို ရောဂါကာကွယ်ရေးမှာ အသုံးချနိုင်ဖို့ ဟင်းပဲချက်ချက်၊ယိုပဲထိုးထိုး အမျိုးမျိုးစားသုံးနိုင်ပါကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.