Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်အတွင်းရှိ ကျောက်မိုင်းလုပ်ငန်းများတွင် တရားဥပဒေစိုးမိုးရေး ပျောက်ကွယ်လျက်ရှိကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောကြားသည်။

ဇွန်လ ၁၃ ရက်နေ့ ကျိုက်ထိုမြို့နယ်ရှိ ကျောက်မိုင်းများကို သွားရောက်စစ်ဆေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ဒီကျောက်မိုင်းတွေကို သွားစစ်ဆေးတဲ့အခါမှာ ပြီးခဲ့တဲ့လွှတ်တော်မှာ တင်ခဲ့တဲ့ အဆိုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ဟာက ဒီကျောက်မိုင်းလုပ်ငန်းတွေမှာ လုံးဝ ပျောက်ကွယ်နေတယ်ဆိုတာ တွေ့ခဲ့ရတယ်”ဟု ဦးအောင်ကျော်သူက ပြောသည်။

 ကျောက်မိုင်းများတွင် အသုံးပြုဖောက်ခွဲသည့်ယမ်းများမှာ တရားမဝင်မှောင်ခို တင်သွင်းသည့် ယမ်းများဖြစ်နေခြင်းနှင့် ပြည်ပနိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်နေခြင်းမှာ မွန်ပြည်နယ်အတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ထိုအပြင် ကျောက်မိုင်းများမှာ ခွင့်ပြုချက်ရယူထားသည့် အရေအတွက်ထက် ရာပေါင်းများစွာ ထုတ်ယူမှုတွေရှိနေပြီး အချို့သောကျောက်မိုင်းများမှာ MIC ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သင့်သည့် အကြီးစား ထုတ်လုပ်သည့် ကျောက်မိုင်းများ ပါရှိကြောင်း ၎င်းက ပြောဆိုသည်။

 ကျိုက်ထိုမြို့နယ် ကမ်းနီကျေးရွာအတွင်းရှိ ကျောက်မိုင်းများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြီးခဲ့သည့်    မေလ ၂၆ ရက်တွင် လုပ်ကွက် အားလုံးကို ယာယီရပ်ဆိုင်းခိုင်းထားသည်။
ထိုကျောက်မိုင်း လုပ်ကွက်များတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိ စစ်ဆေးဆောင်ရွက်ရန်အတွက်လည်း သထုံခရိုင်အုပ်ချုပ်ရေးမှူး၊ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို ကော်မတီဖွဲ့၍ စစ်ဆေးရန် ညွှန်ကြားထားသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply