မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း ကျောက်မိုင်း၏ လုပ်ငန်းသက်တမ်းတိုးခြင်းနှင့် လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားသူ ၁ဝ၃ ဦး အထိရှိကြောင်း မွန်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ လျှောက်ထားရာတွင် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) လျှောက်ထားသူ ၈၉ ဦး၊ လမ်းခင်းကျောက် (အသစ်) လျှောက်ထားသူ ၁၃ ဦးနှင့် ဂဝံကျောက် (သက်တမ်းတိုး) လျှောက်ထားသူ ၁ ဦး စုစုပေါင်း ၁ဝ၃ ဦး ရှိကြောင်း ၎င်းက ပြောသည်။

ကျောက်ထုတ်လုပ်ငန်းလိုင်စင်လျှောက်ထားသူများအား လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများစနစ်တကျပြုလုပ်ခြင်းတင်သွင်းခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ သုံးစွဲခြင်းတို့ကို ပြဋ္ဌာန်းထားသော ဥပဒေအင်္ဂါရပ်နှင့် ညီညွတ်မှုရှိသူများကို ခွင့်ပြုလိုင်စင်သက်တမ်း ၁နှစ် လုပ်ကိုင်ခွင့်ပေးကြောင်း ၎င်းကပြောဆိုသည်။

“ပြည်နယ်အတွင်းကကျောက်ထုတ်လုပ်သူ လုပ်ငန်းရှင်၊ ယမ်းလုပ်ငန်းရှင်တွေကို ယမ်းဝယ်ယူ၊ သိုလှောင် ထိန်းသိမ်း၊ သုံးစွဲတာနဲ့ ပတ်သက်ပြီးပြဋ္ဌာန်းထားတဲ့လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ကြဖို့မှာကြားထားပါတယ်”ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။

ကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းကိုတစ်နှစ်တစ်ခါသက်တမ်းတိုးခြင်းဖြစ်ပြီးတစ်နှစ်တစ်တွင်းထုတ်လုပ်သော ကျောက်တွင်းပေါ်မူတည်ပြီး ၂၅ ရာခိုင်နှုန်းအခွန်ကောက်ခံကာ သက်တမ်းတိုးပေးကြောင်း မွန်ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လိုင်စင်လျှောက်ကတည်းက စည်းကမ်းချက်တွေ၊ လိုက်နာရမယ့်အချက်တွေကိုစာချုပ်ရဲ့အနောက်မှာထည့်ထားပေးပါတယ်၊ အဲဒါတွေ လိုက်နာနိုင်မှလုပ်ကိုင်ခွင့်လိုင်စင်ချပေးတာဖြစ်ပါတယ်” ဟု ၎င်းကပြော သည်။

ကျောက်တွင်းထုတ်လုပ်မှုနှင့် သက်ဆိုင်သော စည်းကမ်း၁၈ ချက်ကို စာချုပ်တွင်ထည့်သွင်းထားပြီး စည်းကမ်းလိုက်နာမှုရှိ၊ မရှိ သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာနနှင့်စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးမှုများကို ပြုလုပ်ကြောင်း ဆက်လက်ပြောသည်။

ကျောက်တွင်းလုပ်ကိုင်မည့် ကုမ္ပဏီများအနေဖြင့် သစ်ပင် ၂ဝရာခိုင်နှုန်း စိုက်ပျိုးပေးရမည်ဖြစ်ပြီး စိုက်ပျိုးထားခြင်းမရှိပါကသက်တမ်းတိုးပေးခြင်းမရှိကြောင်းထပ်မံပြောသည်။

ယမန်နှစ်က ပြည်နယ်တွင်လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင်ရရှိသူ ၁ဝ၄ ဦးနှင့်ဂဝံကျောက် ထုတ်လုပ်ခွင့်လိုင်စင်ရရှိသူ ၄ဦး၊ စုစုပေါင်း ၁ဝ၈ဦး ရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

ထိုက်ထိုက်

Leave a Reply