မွန်ပြည်နယ်တွင် လာမည့်(၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်အတွက် ကျောက်မိုင်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားမှု အခု၄ဝခန့်ရှိကြောင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာမင်းကြည်ဝင်း က ဟင်္သာမီဒီယာသို့ပြောသည်။

stone-mine

“ လျောက်ထားတဲ့ လိုက်စင်တွေကကျောက်မိုင်းလုပ်ငန်းအသစ်တွေဖြစ်တယ်၊ မြို့နယ်အလိုက်လာရောက်လျှောက်ထားကြတာပါ၊ လျှောက်ထားတာကို ပြန်စိစစ်ပြီးအမှုတွဲတင်နေတုန်းပဲ” ဟု၎င်းကဆိုသည်။

အသစ်ထပ်မံလျှောက်ထားသည့် ကျောက်မိုင်းလုပ်ငန်း ၄ဝမှာ ကျိုက်မရောမြို့နယ်မှ ငါးခု၊ ရေးမြို့နယ်မှ လေးခု၊ ကျိုက်ထိုမြို့နယ်မှ ၂၆ခု၊ သထုံမြို့နယ်မှ လေးခုနှင့် ပေါင်မြို့နယ် မှ တစ်ခုဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လျှောက်ထားမှုကိုအောက်တိုဘာလကုန်အထိခွင့်ပြုထားကြောင်း ဒေါက်တာမင်းကြည်ဝင်းက ရှင်းပြသည်။

လမ်းခင်းကျောက်ထုတ်လုပ်သည့်လုပ်ငန်းလုပ်ကိုင်ရန်အတွက် လုပ်ကွက်မြေပုံကို ခရိုင်မှပြည်နယ်အဆင့် ထွေအုပ်များထံသို့ အဆင့်ဆင့်တင်ပြရမည်ဖြစ်ပြီးအစိုးရမှထုတ်ပြန်ထားသည့် စည်းကမ်းချက် ၁၆ချက်နှင့် အညီဆောင်ရွက်ရမည်ဖြစ်ကြောင်းဒေါက်တာမင်းကြည်ဝင်းကဆိုသည်။

၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကျောက်မိုင်းလုပ်ငန်းလုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်ကိုကျိုက်မရောမြို့နယ်၌ လိုင်စင် ၄ခု၊ ရေးမြို့နယ်၌ လိုင်စင် ၁၃ခု၊ ကျိုက်ထိုမြို့နယ်၌ လိုင်စင် ၄၄ခု၊သထုံမြို့နယ်၌ လိုင်စင် ၅ခု၊ ပေါင်မြို့နယ်၌ လိုင်စင်၂၂ခု စုစုပေါင်း ၈၈ခုကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းမွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။

Leave a Reply