Advertisements

ဘားအံ ၊ ဇန်နဝါရီ

အိန္ဒု-ကော့ကရိတ် လမ်းစီမံကိန်းအတွက် ကျောက်ထုတ်လုပ်မည့် ချစ်လင်းမြိုင်ကုမ္ပဏီမှကျောက်တင်ယာဉ်များ မဝင်ရောက်နိုင်ရန် ကျောက်မိုင်းအဝင်လမ်းကို ကွန်ကရစ်တိုင်များ စိုက်ထူပိတ်ဆို့ထားမှု ဖယ်ရှားပေးရန် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ဇန်နဝါရီ ၇ ရက်နေ့က လွန်းညကျေးရွာရှိ ဒေသခံလယ်ပိုင်ရှင်များထံ ကွင်းဆင်းတွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

“ကျောက်ထုတ်လုပ်တာကိုကန့်ကွက်တာက လွတ်လပ်စွာ ကန်ကွက်လို့ရတယ်။ ခုလိုအများပိုင် ဖောက်လုပ်ပြီးသားလမ်းကို ပိတ်ဆို့တာကတော့ တရား ဥပဒေ စိုးမိုးရေးကို မထီမဲ့မြင်ပြုရာရောက်တယ်။ လယ်ထဲဆင်းလို့မရတာ ၊တခြားအခက်အခဲတွေရှိတာ တင်ပြဆွေးနွေးစေချင်တယ်။ အဲဒီလိုမလုပ်ဖို့ အရင်က တစ်ကြိမ်ခေါ် ယူသတိပေးထားတယ်။ ခုလည်း တိုင် ၂၀ ထပ်စိုက်လို့ ကျွန်တော်ကိုယ်တိုင် ဆင်းလာပြီး သူတို့နဲ့လာတွေ့တာ။ နောက်တစ်ကြိမ် ထပ်လုပ်မယ်ဆိုရင်တော့ တရားဥပဒေအတိုင်းပဲ အရေးယူသွားမှာပါ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးကဆိုသည်။

အရှည် တစ်မိုင်ကျော်ရှိသည့် ယင်းကျောက်သယ်လမ်းကို ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ တစ်ပိုင်တစ်နိုင်ကျောက်ထုတ်လုပ်ငန်းရှင် ၂၀ကျော်နှင့် လယ်ပိုင်ရှင်များသဘောတူညီချက်ဖြင့် ၂၀၁၅က ကျောက်ထုတ်လုပ်ငန်းရှင်များမှ အကုန်ကျခံဖောက်လုပ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကျောက်ကားကြီးများ နေ့ည သွားလာကာ သယ်ယူနေသောကြောင့်လယ်မြေ၊ လမ်းမြေ နှင့် လွန်းညတောင်အနီး သဘာဝပတ်ဝန်းကျင် ပျက်စီးမည်ကို စိုးရိမ်ကာ ဒေသခံ ၉၀၀ကျော်မှ ယင်းလုပ်ငန်းအားကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးပြီး ပြည်နယ်အစိုးရသို့တင်ပြထားခဲ့ကြောင်း၊ သို့သော်လည်း လာရောက် ဖြေရှင်းမပေးသည့်အတွက် ယခုကဲ့သို့ ကျောက်တိုင်များစိုက်ထူရခြင်းဖြစ်ကြောင်းဒေသခံများထံမှသိရသည်။

ဒေသခံလယ်ပိုင်ရှင်များအနေဖြင့် လယ်ယာလုပ်ငန်းခွင်သို့ လူနှင့်ယာဉ် သွားလာရ အဆင်မပြေခြင်းများ၊ စိုက်ပျိုးရေ မလုံလောက်မှုများ ရှိပါက လယ်ယာမြေစိစစ်ရေးကော်မတီနှင့် မြို့နယ်အုပ်ချုပ်ရေးဌာနသို့ အကြောင်းကြားလျှင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လယ်ရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှုးက ပြောဆိုခဲ့သည်။

“ကျွန်တော်တို့နဲ့ တစ်ပိုင်တစ်နိုင်ကျောက်မိုင်းတွေ သဘောတူစဉ်က လယ်ယာသုံးလမ်းအဖြစ် လုပ်ဆောင်ဖို့ ဖြစ်ပေမယ့်လည်း ကျောက်ထုတ်ကားတွေပဲ သွားနေတယ်။ ကျွန်တော်တို့ လယ်ယာသုံး စက်တွေ လယ်ထဲသွားလို့ မရဘူး ။ လမ်းဖို့တော့ မြောင်းတွေ တူး၊ ဖို့တော့ မိုးတွင်း တောင်ကျရေတွေ လမ်းကို မကျော်နိုင်လို့ လယ်ယာတွေ ထိခိုက်တယ်။ ဒါ့ကြောင့် စီမံကိန်းကျောက်သယ်ကားတွေ မဝင်စေဖို့ ဇန်နဝါရီလ ၃ရက်မှာ ကျောက်တိုင် လေးတိုင်စိုက်ပြီး လမ်းပိတ်ကြောင်း ဆိုင်းဘုတ်ထူခဲ့တယ်။ ညပိုင်းမှာ ဖျက်ဆီးခံရလို့ ကျောက်တိုင်၂၀ပြန်စိုက်ပြီးပိတ်ထားတာပါ” ဟု ဒေသခံလယ်ပိုင်ရှင် စောမြတ်ကျော်က ပြောသည်။

လွန်းညကျေးရွာနှင့် ကမော့ပို့ကျေးရွာ အနောက်ဘက် ၂မိုင်ဝန်းကျင်ခန့်တွင် ကရင်အပစ်ရပ် လက်နက်ကိုင် ညီညွတ်ရေးကော်မတီ၏ အကျိုးတူလုပ်ပိုင်ခွင့်အရ ချစ်လင်းမြိုင် ကုမ္ပဏီနှင့် တရုပ် လမ်းဖောက်လုပ်ရေး ကုမ္ပဏီ CRBC တို့ ပြည်နယ်အစိုးရထံမှ ကျောက်ထုတ်လုပ်ငန်းလုပ်ပိုင်ခွင့် ရရှိထားကြောင်း၊ ကျေးရွာဒေသခံများမှ လုပ်ကိုင်နေသော လိုင်စင်မဲ့ ကျောက်မိုင်းပေါင်း ၂၃ခု ရှိကြောင်းသိရသည်။

လမ်းစီမံကိန်းဆိုင်ရာလုပ်ဆောင်မှုများသည် ဒေသခံတို့အပေါ် ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်ပြောဆိုလျက် ရှိသည်။

Written by ရာဟု (ဖားအံ)

Leave a Reply