Advertisements

 

မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်အတွင်း ကျောက်ထုတ်လုပ်နေသော ကျောက်မိုင်း ကုမ္ပဏီများကို လာမည့် ခြောက်လအတွင်း ထပ်မံ စစ်ဆေးမှုများ ပြလုပ်သွားမည်ဟု ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာ သုံးသပ်ရေး ကော်မတီဥက္ကဌ ဦးအောင်ကျော်သူက ပြောကြားသည်။

ကုမ္ပဏီများမှာလိုင်စင်ရယူထားသော ကျင်းထုတ်လုပ်ခွင့် ထက်ပိုမိုကာ လုပ်ကိုင်နေသောကြောင့် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးလိုက်တဲ့အခါမှာ လိုင်စင်ရထားတာနဲ့ မြေပြင်မှာထုတ်နေတာက အများကြီးကွာဟနေတယ်၊ အဲလိုမဖြစ်ရအောင် သေချာစစ်ဆေးသွားမယ်၊ အကျိုးအမြတ်ရရှိတဲ့သူတွေကလည်း အခွန်ကို မှန်မှန်ဆောင်စေချင်တယ်”ဟု ၎င်းက ပြောသည်။

မြေပြင်သို့ ကွင်းဆင်းစစ်ဆေးခြင်းသည် လုပ်ငန်းရှင်များကို ထိခိုက်မှုရှိစေရန် လုပ်ဆောင်ခြင်းမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်နှင့် ပြည်နယ်အတွက် ထိုက်သင့်သော အခွန်ဆောင်မှုကို ရရှိစေရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆက်လက် ပြောသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မိုင်း ထုတ်လုပ်မှုများကို ပိုမိုသိရှိသော နယ်မြေ ဒေသခံများ၊ သက်ဆိုင်ရာ ကျေးရွာ နှင့် မြို့နယ်မှ အုပ်ချုပ်ရေးမှူးအဖွဲ့တို့က ပူးပေါင်း ပါဝင်ပေးကြဖို့ လိုအပ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

ကျောက်မိုင်းထုတ်လုပ်နေသော မြို့နယ်များဖြစ်သည့် ကျိုက်ထို၊ ပေါင်၊ ကျိုက်မရော နှင့် ရေးမြို့နယ်တို့တွင် ကွင်းဆင်းစစ်ဆေးမှုများ ထပ်မံ ပြုလုပ်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

ကျောက်မိုင်းထုတ်လုပ်မှုလိုင်စင်လုပ်ဆောင်ရာတွင်လည်း တစ်ချို့ လုပ်ငန်းရှင်များမှာ ကျင်းပေါင်း ၁၅ဝဝ မှ ၂ဝဝဝထိ တိုးလာထုတ်၍ တစ်ချို့မှာ ကျင်းပေါင်း ၁၅ဝဝ မှ ၃ဝဝဝဝထိ တိုးလာသောကြောင့် ညီမျှမှုရှိစေရန်အတွက် လိုင်စင်ထုတ်ပေးရာ၌ စနစ်တကျ ပြန်လည် စိစစ်ခြင်းများကို လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

ကျောက်ထုတ်လုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်ယူမည့်စာရင်များကို မှန်မှန်ကန်ကန်စာရင်းတင်၍ လျှောက်ထားပါက ပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းရှင်များအား အပြည်အဝအကာအကွယ်ပေးသွားမှာဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သြဂုတ်လ ၂၉ ရက်နေ့က ပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း မွန်ပြည်နယ်တွင် ကျောက်ကျင်းအရေအတွက် ၂သိန်း၁သောင်းကျော် ခွင့်ပြုခဲ့သော်လည်း လုပ်ငန်းရှင်များအနေဖြင့် အဆပေါင်းများစွာ ထုတ်ယူခဲ့ခြင်းကြောင်း ပြည်နယ်အတွက် ရသင့်ရထိုက်သည့် အခွန်များစွာ ဆုံးရှုံးနစ်နာခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုက်ထိုက်

Leave a Reply