မော်လမြိုင်၊ ဇူလိုင်

ပေါင်မြို့နယ် ကုလားမတောင်တန်းတွင် လမ်းခင်ကျောက် ထုတ်လုပ်နေသော ကုမ္ပဏီ ၂၂ ခုအနက် ကုမ္ပဏီ ခုနှစ်ခုသာ သက်တမ်းတိုး၍ လုပ်ကိုင်လျက်ရှိကြောင်း မွန်ပြည်နယ် သစ်တော ဦးစီးဌာနရုံး မှတ်တမ်းများအရ သိရသည်။

သက်တမ်းထားသော ကုမ္ပဏီများတွင် ရွှေမြင့်မိုရ်ထွန်း၊ ရာမည၊ ဝင်းရွှေစင်၊ Long Light ၊ ငွေသြဇာ အပါအဝင် ကုမ္ပဏီ ခုနှစ် ခုသာ သက်တမ်းတိုးထားသည်။

ပြည်နယ်သစ်တောဦးစီးဌာနမှ ကျောက်တွင်းထုတ်လုပ်မှုလုပ်ငန်းကို ပိတ်သိမ်းထားခြင်း၊ ရပ်နားခိုင်းခြင်း မရှိသော်လည်း လုပ်ငန်းရှင်များမှ သက်တမ်းတိုးခြင်းမရှိသောကြောင့် ရပ်နားထားခြင်းဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမတို့ဘက်ကတော့ ပိတ်ထားတာမရှိပါဘူး၊ သူတို့ကိုက သက်တမ်းလာမတိုးတာ၊ သက်တမ်းမတိုးတော့ ထုတ်လုပ်တူးဖော်မှုက လုပ်လို့မရတော့ဘူးလေ၊ သက်တမ်းကုန်တာနဲ့ လုပ်ကိုင်ခွင့် ရပ်သွားတာပေါ့”ဟု ၎င်းက ပြောသည်။

သက်တမ်းတိုးထားသော ကုမ္ပဏီ ၇ခုကို ပေါင်မြို့နယ်တွင် လုပ်ကိုင်ခွင့်ပေးထားပြီး တစ်ချို့ကုမ္ပဏီများသည့် သက်တမ်းတိုးလျှောက်ထားသော်လည်း မရသေးသောကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့် မရကြောင်း ဆက်လက်ပြောသည်။

ကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းကို တစ်နှစ်တစ်ခါ သက်တမ်းတိုးခြင်းဖြစ်ပြီး တစ်နှစ်တစ်တွင်း ထုတ်လုပ်သော ကျောက်တွင်းပေါ်မူတည်ပြီး ၂၅ရာခိုင်နှုန်း အခွန်ကောက်ခံကာ သက်တမ်းတိုးပေးကြောင်း ၎င်းက ပြောသည်။

ကျောက်တွင်းထုတ်လုပ်မှုနှင့် သက်ဆိုင်သော စည်းကမ်း ၁၈ချက်ကို စာချုပ်တွင် ထည့်သွင်းထားပြီး စည်းကမ်းလိုက်နာမှုရှိ၊မရှိ သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနနှင့် စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးမှုများကို ပြုလုပ်ကြောင်း ဆက်လက်ပြောသည်။

ကျောက်တွင်းလုပ်ကိုင်မည့် ကုမ္ပဏီများအနေဖြင့် သစ်ပင် ၂ဝရာခိုင်နှုန်း စိုက်ပျိုးပေးရမည်ဖြစ်ပြီး စိုက်ပျိုးထားခြင်းမရှိပါက သက်တမ်းတိုးပေးခြင်းမရှိကြောင်း  ထပ်မံပြောသည်။

Written by ထိုက်ထိုက်

Leave a Reply