Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်အတွင်းရှိ ကျောက်မိုင်း ကုမ္ပဏီများအနေဖြင့် တရားမဝင် ယမ်း သုံးစွဲမှုများကို စိစစ်တွေ့ရှိပါက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်နိုင်ဦးက ဇူလိုင် ၁၀ ရက် သတင်းမီဒီယာများကို ပြောဆိုသည်။

“တရားမဝင်ယမ်း အသုံးပြုနေတယ်ဆိုတာကို တိတိကျကျသိတယ်ဆိုရင်တော့ သိတဲ့သူက မည်သူမဆို ကျွန်တော်တို့အစိုးရအဖွဲ့ကို တိုက်ရိုက် သတင်းပေးတိုင်ကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။ တစ်ကယ် ပေါ်ပေါက်ပြီဆိုရင်တော့ ယမ်းနဲ့ပတ်သက်တဲ့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ကျောက်မိုင်း ကုမ္ပဏီများသည် လုပ်ငန်းတွင် အသုံးပြုမည့် ယမ်းကို စီးပွားကူးသန်း ဝန်ကြီးဌာနက ခွင့်ပြုထားသော ကုမ္ပဏီ၌ ဝယ်ယူသုံးစွဲရမည်ဖြစ်ပြီး၊ ဝယ်ယူထားသည့် ယမ်းများကိုလည်း သက်ဆိုင်ရာ တပ်မတော် တပ်ရင်းတပ်ဖွဲ့မှ အပ မည်သည့်နေရာတွင်မူ ထားခွင့်မရှိကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

ကျောက်မိုင်း ကုမ္ပဏီအချို့၌ တရားမဝင် ယမ်းသုံးစွဲမှု ရှိ မရှိ နှင့် ပတ်သက်ပြီး ဇွန် ၁၂ ရက်က မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာကော်မတီမှ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရှိ ပျဉ်းကတိုးကုန်း၊ ကမ်းနီကျေးရွာရှိ ကုမ္ပဏီများကို သွားရောက် စစ်ဆေးထားသည်။

ထို့သို့ သွားရောက် စစ်ဆေးရာတွင် ကျောက်မိုင်းများတွင် အသုံးပြုဖောက်ခွဲသည့်ယမ်းများမှာ တရားမဝင်မှောင်ခို တင်သွင်းလာသော ယမ်းများဖြစ်နေကို စိစစ်တွေ့ရှိခဲ့ကြောင်း တိုင်ကြားစာကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောဆိုသည်။

လက်ရှိတွင် တရားမဝင် ယမ်းအသုံးပြုသည့် ကျောက်မိုင်းများကို ကျောက်ထုတ်လုပ်ခွင့် ရပ်ဆိုင်းထားသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

ပြီးခဲ့သည့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း  လမ်းခင်းကျောက်ထုတ်လုပ်သည့် ကုမ္ပဏီ၁၂၇ ခုကို ထုတ်လုပ်ခွင့်လိုင်စင်ပေးထားပြီး ယခုနှစ်အတွင်း လိုင်စင်သက်တမ်းတိုးမည့်ကျောက်မိုင်းများနှင့် ပတ်သက်၍ စနစ်တကျ ပြန်လည်စီစစ်ကာသတ်မှတ်စည်းကမ်းနှင့် မကိုက်ညီသော ကျောက်မိုင်းများကို ပိတ်သိမ်းသွားမှာဖြစ်ကြောင်း သိရသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply