Advertisements

မော်လမြိုင်၊ ဇွန်

ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်း ကျောက်မိုင်း လုပ်ကွက်များ၌ ပတ်ဝန်ကျင်း ထိခိုက်မှု ဖြစ်ပေါ် နေခြင်း ရှိ မရှိ စစ်ဆေးရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားသည်။

မေ ၂၉ ရက်က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး အပြီးတွင် သတင်းမီဒီယာများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျောက်မိုင်း လုပ်ကွက်များ စစ်ဆေးရန် သထုံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးများတို့ကို ကော်မတီဖွဲ့၍ စစ်ဆေးကြရန် မေ ၂၆ ရက်ကတည်း ညွှန်ကြားထားပြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် မညီညွှတ်သည့် ကျောက်မိုင်းများကို အရေးယူသွားမည်ဟု ၎င်းက ပြောသည်။

“ကျောက်မိုင်းတွေကို ကော်မတီက စစ်ဆေးလို့ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ဝန်ကြီးချုပ်က ဆိုသည်။

ယခုအခါ ကျိုက်ထိုမြို့နယ် ကမ်းနီးကျေးရွာနှှင့် ပျဉ်ကတိုးကျေးရွာရှိ ကျောက်မိုင်း လုပ်ကွက်များကို ယာယီ ပိတ်သိမ်းရန် ညွှန်ကြားထားပြီး၊ ပတ်ဝန်ကျင်း ဆန်းစစ်မှု အစီရင်ခံစာ (EIA) ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီရင်ခံစာ (EMP) တို့ကို ရေးဆွဲခိုင်းထားကြောင်း ၎င်းက ပြောဆိုသည်။

“ကျိုက်ထိုမှာရှိတဲ့ ဘယ်ကျောက်မိုင်းကို ယာယီရပ်ဆိုင်းခိုင်းတာလဲဆိုတာတော့ မသိရသေးဘူး မေလ ၃၁ ရက်နေ့ထိတော့ ဝန်ကြီးချုပ် ညွှန်ကြားတဲ့ အကြောင်းကြားစာ မရောက်သေးဘူး”ဟု ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဟင်္သာမီဒီယာကို ပြောဆိုသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply