( ဓါတ်ပုံ အညွန်း – Long Life Agreegate Maining ကုမ္ပဏီ ၏ ကျောက်မိုင်းလုပ်ငန်းတနေရာ )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၄ ။ ။ ပေါင်မြို့နယ်၊ ကုလားမတောင် ကြိုးဝိုင်းအတွင်း ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်နေသည့် Long Life Agreegate Maining ကုမ္ပဏီမှ ကျောက်မိုင်းများ ဖေါက်ခွဲမှုကြောင့် လယ်ယာမြေ ဧက ၂၀၀ ကျော် ပျက်ဆီးဆုံးရှုံးနေကြောင်း ဥတ္တံတားကျေးရွာရှိ လယ်သမား များက ပြောကြားသည်။

( ဓါတ်ပုံ အညွန်း – Long Life Agreegate Maining ကုမ္ပဏီ ၏  ကျောက်မိုင်းလုပ်ငန်းတနေရာ )
( ဓါတ်ပုံ အညွန်း – Long Life Agreegate Maining ကုမ္ပဏီ ၏ ကျောက်မိုင်းလုပ်ငန်းတနေရာ )

“ကျွန်တော်တို့ ရွာမှာက တောင်ကျ စမ်းရေကို အဓိက အားထားပြီး အသုံးပြုနေရတယ်၊ ရွာမှာက မိုးတွင်းဆို ရေနိမ့်အပိုင်းဖြစ်လို့ စပါးစိုက်လို့မရဘူး၊ တောင်ပေါ်က ကျောက်မိုင်းခွဲမှုကြောင့် သဲကြမ်းတွေ လယ်ကွင်းထဲ ရောက်လာပြီး နွေစပါးစိုက်ပျိုးလို့ မရတော့ဘူး၊ဧက၂၀၀ကျော်လောက်ရှိတယ်၊လျော်ကြေး လိုချင်လို့မဟုတ်ဘူး ကုမ္ပဏီ ပိတ်သိမ်းပေးရင် အဲ့လယ်တွေ ပြန်လုပ်လို့ရပြီလေ” ဟု ဥတ္တံတားကျေးရွာတွင် လယ်ယာမြေလုပ်ကိုင် နေသူ ဦးမောင်သန်းက ဆိုသည်။

ယခင်နှစ်များက ဥတ္တံတားကျေးရွာရှိလယ်သမား များသည် တဂူဝိ နှင့် တဂူဝေ တောင်ကျစမ်းရေတွင်းများမှ ကျလာသည့် စမ်းရေများကို အမှီပြု ကာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် နေရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့နောက် ၂၀၁၄ ခုနှစ်ကစပြီး ကျောက်မိုင်းကုမ္ပဏီ၏ ကျောက်မိုင်းခွဲမှု ဒဏ်ကြောင့် စမ်းရေပေါက်များ ပိတ်ကာ စမ်းချောင်းထဲတွင် ရေများကုန်ခမ်းသွားသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ၎င်းကပြောသည်။
နိုင်ငံတော်သမ္မတရုံးအပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ကို ကျောက်မိုင်းလုပ်ငန်းကို ကန့်ကွက်ကြောင်း စာတင် ထားသော်လည်း လက်ရှိအချိန်အထိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ တစ်ခါသာ လာရောက်ကြည့်ရှုပြီး ဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း ကျောက်မိုင်းလုပ်ငန်းကို ဦးဆောင်ကန့်ကွက်နေသူ ဦးဇော်ထွေးက ပြောကြား သည်။

“ကျောက်မိုင်းလုပ်ငန်းများသည် မြန်မာရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း (MIC) ၏ ခွင့်ပြုချက်အရ လုပ်ကိုင် နေကြတာ ဖြစ်တယ်၊ ဒေသခံတွေ တိုင်ကြားလို့ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးပေးခဲ့တယ််၊ ကျောက်မိုင်း လုပ်ငန်းနဲ့ရွာက တစ်မိုင်ခွဲလောက်ဝေးတယ်” ဟု မော်လမြိုင်-သထုံ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

ကျောက်မိုင်းလုပ််ငန်း လုပ်ကိုင်နေသည့် Long Life Agreegate Maining ကုမ္ပဏီမှ ဆက်ဆံရေးမန်နေဂျာ ဦးစိန်ဝင်းက “ကျွန်တော်တို့ ကုမ္ပဏီက ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရေတွင်းတွေ တူးပေးတယ်၊ စမ်းချောင်းက သဲကြမ်းတွေကို ဆည်ယူပေးတယ်၊ လမ်းတံတားနဲ့ စာသင်ကျောင်းတွေမှာ တတ်နိုင်သလောက် ထောက်ပံ့ထားပေးတယ်”ဟု ၎င်းက ဆိုသည်။

ကျောက်ထုတ်မှုလုပ်ငန်း ရပ်ဆိုင်း ပိတ်သိမ်းရေး ဆောင်ရွက် ပေးနိုင်ရန် အတွက် နိိုင်ငံတော် သမ္မတရုံး
အပါ အဝင် သက်ဆိုင်ရာ ၀န်ကြီးဌာန များ သို့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် ဒေသခံများလက်မှတ်ရေး
ထိုး၍ တိုင်ကြားခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှသိရသည်။

Leave a Reply