Advertisements

ဘားအံ ၊ နိုဝင်ဘာ ၉

ကျောက်မီးသွေးကန့်ကွက်သူများကွန်ယက်က ပြည်နယ်နေ့ပွဲတော်ရက်အတွင်း ဘားအံမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ လျှပ်စစ်စက်ရုံစီမံကိန်းဧရိယာတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သက်ဆိုင်ရာခွင့်ပြုချက် မရယူဘဲ လူထုစုဝေး၍ ဟောပြောခြင်း၊ ဆုတောင်းခြင်းတို့ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယင်းအပေါ် ဦးဆောင်သူများကို မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ နိုဝင်ဘာ ၆ရက်ညနေပိုင်း၌ ခေါ်ယူတွေ့ဆုံ၍ သတိပေးတားမြစ်ခဲ့ကြောင်း သိရသည်။

ဝတ်ကြီး၊ သုံးအိမ်၊ထုံးတောင်၊ ရေပေါ်သောင် စသည့်ကျေးရွာအုပ်စု ဒေသခံတို့အား စုဝေးဟောပြောခြင်း၊ ဆုတောင်းပွဲပြုလုပ်ခြင်း၊ ပြည်နယ်နေ့အခမ်းအနားသို့ စုပေါင်းလာရောက်ကာ ပွဲတော်အတွင်းရှိ ကျောက်မီးသွေးစက်ရုံစီမံကိန်းဆိုင်ရာပြခန်း၌ ကန့်ကွက်ဆန္ဒပြုလက်မှတ်များကို အိတ်ဖွင့်ပေးစာပုံစံဖြင့် ပေးအပ်ခြင်း စသဖြင့်ပြုလုပ်ရန် စီစဉ်သည့် ဦးဆောင်သူများအပြင် ၎င်းတို့ လုပ်ငန်းအပ်နှံမှုအရ လက်ကမ်းစာစောင်များ ကူးယူထုတ်လုပ်ပေးခဲ့သော မိတ္တူဆိုင်ပိုင်ရှင်ကိုပါ ခေါ်ယူတွေ့ဆုံခဲ့သည်။

“ပြည်နယ်ပွဲထဲမှာ ဆိုင်ခန်းပြင်တယ်။ တရားမဝင်စာရွက်တွေ လှုံ့ဆော်ဖို့ လုပ်တယ်။ ဥပဒေနဲ့မညီဘဲ စုဝေးတယ်။ ဆရာတော်တွေကို နာမည်သုံးတယ်။ ဒေသခံတွေကို တစ်အိမ်တစ်ယောက်ထွက်လာကြဖို့ လှုံ့ဆော်တယ်။ သူတို့အဖွဲ့ကို ခေါ်ပြောတယ်၊ ဒေသန္တရအမိန့်ထုတ်ထားတယ်၊ ပြည်နယ်ပွဲနေ့ အချိန်ကိုက် လုပ်လို့မရဘူး။ နောက်ပြီး စုဝေးခွင့်တင်တာ မှားနေတယ်။ ဥပဒေအရ မြို့နယ်ရဲကိုတင်ရမယ်။ ၄၈ နာရီ ကြိုတင်ရမယ်။ ဒီစာပုံစံနဲ့ မဟုတ်ဘူး။ ရဲမှာ တင်ရမယ့်ပုံစံ ရှိတယ်။ သိလျက်နဲ့ ဥပဒေနဲ့ မညီဘဲလုပ်တယ်။ နောက် သူတို့စာတွေက တရားဝင် ဖြန့်ချိခွင့် မရှိပါဘူး။ ဖြန့်ချိချင်ရင် ထုတ်ဝေခွင့် ရှိရပါတယ်။ ဒါကိုလည်း စိစစ်နေပါတယ်”ဟု အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)မှ ကရင်ပြည်နယ်တာဝန်ခံ စောမီဘွေဒိုထွန်းနှင့် အဖွဲ့ဝင် လေးဦး၊ ဘားအံမြို့ အမှတ် ၆ရပ်ကွက်၊ လုပ်သားလမ်းရှိ ဇီဇဝါ မိတ္တူဆိုင်ရှင် ဦးအောင်ကျော်မိုးတို့ကို ယင်းသို့ ခေါ်ယူတွေ့ဆုံလျက် ၎င်းတို့ပြုလုပ်မည့် အစီအစဉ်များအား ဆက်လက်မပြုလုပ်ကြရန် အသိပေးပြောကြားခဲ့ပြီး သိရှိကြောင်းလက်မှတ် ရေးထိုးစေခဲ့ရာတွင် မိတ္တူဆိုင်ရှင်တစ်ဦးသာ လက်မှတ်ထိုးခဲ့ပြီး စောမီဘွေဒိုထွန်းမှာ လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြောင်း သိရသည်။

“မိတ္တူကူးတဲ့ဆိုင်ရှင်ကိုတော့ ရဲဖမ်းသွားပြီပြောတယ်။ဆိုင်ပစ္စည်းတွေ သိမ်းသွားတယ်လို့ သိရတယ်။ ကျွန်တော်တို့က ဆုတောင်းပွဲမှာ ဒေသခံတွေကိုဝေမယ့် စာစောင်မှာ ပါတာက ကျောက်မီးသွေး ဆိုးကျိုးကောင်းကျိုးတွေကို သိမှတ်စရာတွေ ရေးသားထားတယ်။နိုင်ငံတော်ကို ထိခိုက်ပျက်ပြားစေတဲ့အရာ တစ်ခုမှ မပါဘူး။ စုပေါင်းရုံးကိုလိုက်သွားတော့လည်း အမှုစစ်သလို စစ်ဆေးတာကိုခံရတယ်။ လက်မှတ်ထိုးဖို့ပြောတာ ကျနော်တို့ မထိုးခဲ့လို့ ခြိမ်းခြောက်သလို အပြောခံရတယ်”ဟု သံလွင်မြစ်ကြောင်းစောင့်ကြည့်ရေးကွန်ယက်၊ ဘားအံတာဝန်ခံ စောသာဘိုးက ပြောသည်။

ယင်းသို့ အသိပေးတားမြစ်ထားသော်လည်း နိုဝင်ဘာ ၇ ရက်က သုံးအိမ်ကျေးရွာတွင် ဆုတောင်းပွဲပြုလုပ်ခဲ့ရာ ဒေသခံများ ပြည်နယ်ပွဲသို့ ဆန္ဒပြုလက်မှတ် ပေးအပ်ရန် သွားရောက်မည့် လိုင်စင်မဲ့ယာဉ် ၁၀ စီးကျော်ကို ဝတ်ကြီးရဲစခန်းနှင့် ဘားအံခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းကြောင့် ဒေသခံရဟန်းရှင်လူများက လမ်းလျှောက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

Written by ရာဟု (ဖားအံ)

Advertisements
<

Leave a Reply