Advertisements

ဘားအံ ၊ အောက်တိုဘာ ၁၇

ဘားအံမြို့နယ်၊ဝတ်ကြီးကျေးရွာအုပ်စုတွင်တည်ဆောက်မည့်ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲတွင် ထုံးတောင်ကျေးရွာမှ ဒေသခံများက ဗီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ကန့်ကွက်ခြင်းအပေါ် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က NO Coal အစား NO Drugs အဖြစ် ဆန့်ကျင်ကန်ကွက်သင့်ကြောင်း အောက်တိုဘာ ၁၅ရက်က ဝေဖန်ပြောကြားလိုက်သည်။

“ကျွန်မတို့ အနာဂတ်အတွက် ကရင်ပြည်နယ်က လူငယ်တွေလူညွန့်တုံးသွားအောင် ဖြစ်လာမယ့်ကိစ္စကြီးကိုတော့ စိတ်မပူဘူး။ကိုယ်ပြည်နယ်ကြီး၊ ကိုယ့်မြို့နယ်ကြီး၊ ကိုယ့်ကျေးရွာကြီး ဖ့ွံဖြိုးတိုးတက်လာမယ့်ဟာကိုကျတော့ ကန့်ကွက်ကြတယ်။ကျွန်မတို့ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲသင့်ပါပြီ။ ကျွန်မ အခု ကျေးရွာထဲကိုဝင်လာတော့ ကျွန်မ စိတ်မကောင်းပါဘူး။ NO Coal တဲ့၊ ကျောက်မီးသွေး အလိုမရှိ ဆိုင်းဘုတ်တွေတပ်ထားတယ်။ အမှန်က တပ်ထားရမှာကတော့ NO Drugs မူးယစ်ဆေးဝါးအလိုမရှိလို့တပ်ထားရမှာပါ။ ပြည်နယ်ထဲမှာ ၇၀%ရာခိုင်နှုန်းလောက် လူငယ်တွေထဲမှာစိမ့်ဝင်ပျက်စီးနေပြီ။ ငါတို့အတွက်အရေးကြီးပါလား ၊ ငါတို့ရွာထဲမှာ မူးယစ်ဆေးအလိုမရှိ၊ မူးယစ်ဆေးဝါးအဝင်မခံဘူး။ဒီလိုမျိုးစိတ်ဓာတ်ရှိနေရမယ့် အချိန်ပါ “ဟု ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က မှတ်ချက်ပြုပြောကြားခဲ့သည်။

အဆိုပါစက်ရုံစီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲသို့တက်ရောက်ရန် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်တာဝန်ရှိသူများ ၊ လွှတ်တော်ကိုယ်စားလှယ်များ လာရာ လမ်းရှိ ထုံးတောင်ကျေးရွာအုပ်စုမှ နေအိမ်ခြံဝင်းများတွင် NO Coal စာတန်းပါ ကျောက်မီးသွေး စီမံကိန်းမလိုမရှိ ဗီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ကန့်ကွက် ခဲ့ကြ သည့်အပေါ် ဝန်ကြီးချုပ်မှ ယင်းသို့ တုံ့ပြန် ပြောဆိုခြင်းဖြစ်သည်။

ဒေသအတွင်း မူးယစ်ဆေးဝါးပျံ့နှံ့မှုအခြေအနေမှာ အလွှာ အသီးသီး သို့ရောက်ရှိနေပြီး ဆရာဝန် အသိုင်းအဝိုင်း၊ တက္ကသိုလ်ကျောင်းဆရာ အသိုင်းအဝိုင်း၊ဌာနဆိုင်ရာ ဝန်ထမ်းအသိုင်းအဝိုင်း၊ အပစ်ရပ် လက်နက်ကိုင်အသိုင်းအဝိုင်း အထိ ထိုးဖောက်ဝင်ရောက်၍ ရောင်းဝယ်သုံးစွဲမှု များရှိနေခြင်းကြောင့် ဖမ်းဆီးအရေးယူဆောင်ရွက် ခဲ့ရပြီး တရားစီရင်လျက် ရှိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

သုံးအိမ်ကျေးရွာမှ လူထုတွေ့ဆုံပွဲတက်ရောက်လာသူ နော်မုပွားက “သူပြောတာကတော့ မှန်ပါတယ်။ မူးယစ်ဆေးဝါးကလည်း အန္တရာယ်ရှိပါတယ်။ ကျောက်မီးသွေးကလည်း အန္တရာယ်ရှိပါတယ်။ သူတို့ကျောက်မီးသွေးလုပ်မယ်ဆိုလည်း ကျွန်မတို့ ကို သေသေချာချာ ရှင်းပြသင့်တယ်။အခုက ကောင်းတာတွေပဲ ပြောနေတယ် ၊ ဆိုးတာ မပြောဘူး ။ဒီမှာက စာမတတ် နားမလည်တော့ ကြောက်နေကြတယ်။ဘယ်သူပြောတာ ယုံရမှန်းမသိတော့ဘူး” ဟု ပြောသည်။

ဖော်ပြပါလူထုတွေ့ဆုံ ပွဲ သို့ ဝတ်ကြီးကျေးရွာအုပ်စု ဒေသခံ များအပြင် သံလွင်မြစ် ဝဲယာမြစ်ကမ်းနံဘေးရှိ ကျေးရွာများမှ ဒေသခံ ဦးရေ ၁,၅၀၀ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းရာ ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ရာတွင် ကျောက်မီးသွေး ကိစ္စနှင့်ပတ်သက်၍ မိမိအနေဖြင့် ပြောသမျှစကားတိုင်းစကားတိုင်းကိုသက်သေပြနိုင်ပါကြောင်း၊ယခုမျက်မြင်အရ ပြည်တွင်းစက်ရုံထံကိုလည်း

သက်သေပြနိုင်ကြောင်း၊မူးယစ်ဆေးဝါးအန္တရာယ်မှာ အလွှာတိုင်းသို့ ရောက်ရှိပျံ့နှံ့နေကြောင်း၊ ၎င်းတို့ စီးပွားဖြစ်ထွန်းရန် ပြည်သူ့သားသမီးများ ဘဝပျက်၊ အခြေအနေဆိုးများဖြစ်ပေါ်အောင် ဖန်တီးနေသူများကိုအလေးထား ကာကွယ်တားဆီးကြရမှာဖြစ်ကြောင်း ဖြေကြားပြောဆိုခဲ့သည်။

Written by ရာဟု(ဖားအံ)

Advertisements
<

Leave a Reply