Advertisements

Myanmar Now

ကျောက်မီးသွေးပြာမှုန့်၏ အန္တရာယ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် မသိခဲ့ပေ။

ရန်ကုန်၊ လှိုင်သာယာ စက်မှုဇုန်ဘေး၊  ပန်းလှိုင်မြစ်ကမ်းနဖူးပေါ်မှ အိမ်ခြေ ၂,၀၀၀ ကျော်သော သူတို့၏ ကျူးကျော်ရပ်ကွက်တွင် မိုးရာသီရောက်တိုင်း ဗွက်ပေါက် သက်သာစေရန်အတွက် အကုန်အကျ အသက်သာဆုံး နည်းလမ်းမှာ ကျောက်မီးသွေးပြာမှုန့် သုံးပြီး လမ်းမြေဖို့ခြင်း ဖြစ်သည်။

Advertisements
data-language="en"

လူဦးရေ တစ်သောင်းကျော် နေထိုင်သည့် ငါးသုံးလုံး  (မြေနုကျွန်း)  ရပ်ကွက်တွင် ထိုသို့ လုပ်ဆောင်နေသည်မှာ ဆယ်နှစ်ကြာပြီဖြစ်သည်။ 

ကျွန်တော်အပါအဝင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားထမ်းတာ။ ကျောက်မီးသွေး  (ပြာ)  ကိုယ့်ဘာသာ ကျုံးတင်၊ သွားထမ်း။ ဒီရောက်တော့လည်း ကားပေါ်က ထမ်းချပေါ့”  ဟု အုပ်ချုပ်ရေးမှူးက ပြောပြသည်။

ယခုအခါ ဦးဝင်းအောင်တို့၏ နည်းလမ်းကို ရပ်ကွက် အများအပြားက ရွေးချယ်နေကြပြီး အုတ်လုပ်ငန်းတို့ကလည်း အဆိုပါ စွန့်ပစ်ပစ္စည်းကို ကျောက်မီးသွေးလောင်စာသုံး စက်ရုံများထံမှ ဝယ်ယူနေကြသည်။

ကျောက်မီးသွေးနှင့် ဆက်စပ်မည့် စီမံကိန်းများ ပြည်နယ်တချို့တွင် စောင့်ကြည့် ကန့်ကွက်ခံနေရစဉ် စီးပွားရေးမြို့တော် ရန်ကုန်တွင်မူ စက်ရုံအများအပြားက လိုအပ်သော လျှပ်စစ်စွမ်းအင်ရရှိရန်  ကျောက်မီးသွေးကို အကြီးအကျယ် လွတ်လပ်စွာ အသုံးပြုနေကြသည်။

 

ကျောက်မီးသွေး အန္တရာယ်

လှိုင်သာယာ၊ မြေနုကျွန်းတွင် မိုးတွင်းကာလ ရေတက်သည့်အခါ  ဦးဝင်းအောင်တို့ ဖို့ထားကြသော ကျောက်မီးသွေးပြာသည်   ရေနှင့်အတူ ပန်းလှိုင်မြစ်အတွင်း  မျောပါသွားတော့သည်။

ပေါ်ပေါက်လာသော ချိုင့်ခွက်များကို ယခင်နည်းလမ်းအတိုင်း ပြန်ဖို့ကြသည်ဟု  ဒေသခံတို့က ဆိုသည်။

မချိုမာလွင်က ဇန်နဝါရီလတွင် အိမ်ရှေ့ မြေဖို့ရန် ကျောက်မီးသွေးပြာကို ထော်လာဂျီ အစင်း  ၃၀ တိုက် ဝယ်ယူခဲ့သည်။

သူ၏ အသက် ၃ နှစ်အရွယ် အမွှာကလေးနှစ်ယောက်မှာ ပြာဖို့မြေပေါ်တွင် ဆော့ကစားနေကြသည်။

ပြာဖို့မြေက အမှုန်များ လွှင့်တတ်သဖြင့် နေ့စဉ် ရေနှစ်ကြိမ်ဖြန်းပေးရကြောင်း၊   ကျောက်မီးသွေး၏ ဆိုးကျိုးများကို မကြာသေးမီကမှ ကြားသိရကြောင်း အမွှာကလေးတို့၏မိခင်က ဆိုသည်။

ဒါပေမယ့် ကျွန်မတို့က ဒါခင်းပြီးတာနဲ့ မကြာခင်မှာ သမံတလင်း ခင်းမှာပါ။ ခုက မြေကြီးက မသိပ်သေးလို့”  ဟု ၂၉ နှစ်အရွယ် မချိုမာလွင်က ပြောသည်။

ထိုအခြေအနေသည်  ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ရှိရာ ရှမ်းပြည်နယ်၊ ပင်လောင်းရှိ တီကျစ်ဒေသ အဖြစ်အပျက်နှင့်လည်း ဆင်တူနေသည်။

တီကျစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပိတ်သိမ်းရေးအတွက် ဒေသခံများကို အကူအညီ ပေးနေသူ တစ်ဦးဖြစ်သည့်  ဦးအောင်ကျော်မိုးက ကျောက်မီးသွေးကို မီးရှို့ခြင်းကြောင့် ဆာလဖာဒိုင် အောက်ဆိုဒ်ဓာတ် ထွက်ပေါ်လာမည်ဖြစ်ပြီး ကျောက်မီးသွေးပြာတွင် အာဆန်းနစ်ဓာတ်၊ မာကျူရီဓာတ်တို့လည်း ပါဝင်လာမည် ဖြစ်ကြောင်း ပြောသည်။

ပြာတွေမှာပါဝင်တဲ့ သတ္ထုအမျိုးအစားတွေကိုလည်း ဓာတ်ခွဲကြည့်ရမှာပေါ့လေ။ ကျွန်တော်တို့ တီကျစ်မှာဖြစ်တာကတော့ ပြာတွေကို ဓာတ်ခွဲကြည့်လိုက်တဲ့အခါမှာတော့ တော်တော်များများက အဆိပ်သင့်စေတဲ့ ကက်ဒီယမ်ဓာတ်တွေ၊ အာဆင်းနစ်ဓာတ်များတာရှိတယ်လေ”  ဟု အရပ်ဘက်အဖွဲ့အစည်း အများအပြားဖြင့် ကွန်ရက်ဖွဲ့ လုပ်ဆောင်နေသည့် MATA အဖွဲ့မှ ဦးအောင်ကျော်မိုးက ပြောသည်။

ထိုဓာတ်များကြောင့် အနီးအနားတွင်ရှိသူတို့ကို ရောဂါဖြစ်ပွားစေရာ  စက်ရုံဝန်းကျင်ကို  သုတေသန ပြုလုပ်ရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ၎င်းတို့ထံတွင် စက်ရုံများက  ကျောက်မီးသွေးပြာကို စနစ်တကျ သိမ်းဆည်းသိုလှောင်သော်လည်း  ပြင်ပသို့ အကြောင်းတစ်ခုခုကြောင့် ရောက်ရှိနိုင်သဖြင့် အများပြည်သူ ထိခိုက်၊ သေဆုံးမှု ရှိနေသည်ဟု VOA သတင်းဌာနကို ၂၀၁၇ မေလတွင် ပြောသည်။

“ပြာစိုဖြစ်ဖြစ် ပြာခြောက်ပဲဖြစ်ဖြစ် လူတွေအတွက် အင်မတန် အန္တရာယ်ရှိပါတယ်။ ဂေဟစနစ်မှာလည်း နောက်ဆုံးပိတ် ပြာတွေ မြစ်ချောင်းထဲ ရောက်သွားဦးဒီမှာရှိတဲ့အပင်တွေ၊ သတ္တဝါတွေ သေကြေကြမှာ ဖြစ်ပါတယ်။ ဒီအညစ်အကြေးတွေကို လေထဲ၊ ရေထဲမှာ ရောက်မသွားအောင် သေသေချာချာ မလုပ်နိုင်ရင် မြန်မာနိုင်ငံတွင်းက မြစ်ချောင်းအင်းအိုင်တွေက အကုန်လုံးမှာ အန္တရာယ် ဖြစ်လာနိုင်ပါတယ်” ဟု ဒေါ်အေးအေးကြည်က သတိပေးသည်။

အရပ်ဘက်အဖွဲ့များ စောင့်ကြည့်မှု အားနည်းသည့် ရန်ကုန်မှ ဤစက်ရုံများနှင့် ပတ်သက်ပြီး အစိုးရက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးသော်လည်း ရှမ်းပြည်နယ်မှ တီကျစ်ဓာတ်အားပေးစက်ရုံ ကျောက်မီးသွေး အသုံးပြုမှုမှာ ကမ္ဘာ့ဘဏ် သတ်မှတ်ချက် စံချိန်စံညွှန်းအတိုင်းဖြစ်သည်ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ၂၀၁၈ ဇူလိုင်လတွင် ပြောသည်။ တီကျစ်စက်ရုံမှ ထွက်သည့်  နိုက်ထရိုဂျင် အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်တို့ကို ချေဖျက်နိုင်ရန် ယူရီးယား၊ မဂ္ဂနီ စီယမ်အောက်ဆိုဒ်တို့ကို ရေဖျော်၍ ဖြန်းပေးသည်ဟု ဆိုသည်။

လှိူင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ နေ့စဉ် ကျောက်မီးသွေး ၂၅ တန်ကျော် အသုံးပြုသည့်  ထူးသစ် တိရိစ္ဆာန်အစာထုတ် စက်ရုံမှ ဘွိုင်လာဋ္ဌာန မန်နေဂျာ ဦးခင်မောင်လွင်က  စွန့်ပစ်ပစ္စည်း ကျောက်မီးသွေးပြာကို လိုအပ်သူတို့လည်း ရှိနေသည်ဟု ဆိုသည်။

ကျွန်တော်တို့ ဒီမှာကတော့ ချော်ခဲလိုမျိုး ထွက်တာကိုတော့ လမ်းခင်းတာတို့၊ ဘာတို့မှာ သုံးတယ်။ ပြာအနုဖြစ်သွားတဲ့ ဟာမျိုးကျတော့ အုတ်ဖုတ်တဲ့လူတွေက လာယူသွားကြတယ်”  ဟု ၎င်းက ပြောသည်။

တိုင်ကြားစာများအပေါ် မူတည်ပြီး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊  စက်ရုံပေါင်း ၁၀၀ ကျော်ကို အမှိုက် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ဒဏ်ငွေရိုက် အရေးယူခဲ့ကြောင်း  မြို့တော်စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်ရေးဋ္ဌာန ဒုတိယဋ္ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။

၂၀၁၈ မြို့တော်စည်ပင် ဥပဒေတွင် ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်နေရာ စက်ရုံ ၂၀ ကို စစ်ဆေး သတိပေးထားပြီး ပြုပြင်ရန် ပျက်ကွက်ပါက ထိုဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ဒုတိယဌာနမှူးက ပြောသည်။

ကျောက်မီးသွေးသုံးတဲ့ ကိစ္စတွေ၊  လေထု၊ ရေ၊ မြေကြီး ညစ်ညမ်းမှုဖြစ်စေတဲ့ ကိစ္စတွေကို သူတို့ကို ကျွန်တော်တို့ စာပို့ထားတယ်”  ဟု ဒုတိယဌာနမှူးက ဆိုသည်။

ကျောက်မီးသွေးပြာမှုန် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမှာ ၂၀၁၂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ ၂၀၁၆ မြစ်ချောင်း ဥပဒေတို့နှင့်လည်း ငြိစွန်းနေသည်ဟု နေပြည်တော်မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာန ညန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က ဝေဖန်သည်။

စနစ်တကျ စွန့်ပစ်မယ်ဆိုရင် ပိုက်ဆံကုန်မယ်လေ။ ဒါကို မသိ နားမလည်တဲ့ လူတွေကို ပေးပြီးတော့ မသိရင် ကိုယ်ကပဲ အကူအညီပေးသလိုလို ဘာလိုလိုနဲ့ လုပ်တာ ဖြစ်မှာပေါ့ဟု ၎င်းက ပြောသည်။

ရန်ကုန် လေထု ညစ်ညမ်းမှု

ရန်ကုန်မြို့ကို ဝန်းရံထားသည့် စက်မှုဇုန် ၂၉ ခု၊  စက်ရုံပေါင်း ၃,၄၇၄ ရုံတွင် ဘွိုင်လာ အသုံးပြုသည့် စက်ရုံများမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိနေသည်။ ဘွိုင်လာ အများစုမှာ ထင်း၊ စပါးခွံ၊ ပလက်စတစ်၊ ကျောက်မီးသွေး စသည့် ဈေးသက်သာသော  လောင်စာများကို အသုံးပြုကြသည်။

မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၆ ခုနှစ်မှ ၂၀၂၀ အတွင်းရှိ ရန်ကုန် လေထု အခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များကို နေရာပေါင်း ၆၇ နေရာတွင် ကောက်ယူလျက်ရှိသည်။

လေထု တိုင်းတာချက်များအရ စက်မှုဇုန်များတွင် SO2  နှင့် NO2  ထွက်ရှိမှုမြင့်မားနေပြီး လေထု အတွင်း အမှုန် ပါဝင်မှုနှုန်းမှာလည်း စံချိန်၊ စံညွှန်းထက်ကျော်လွန်နေသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဋ္ဌာန ဒုတိယ ဋ္ဌာနမှူး ဒေါက်တာအောင်မြင့်မော်က Myanmar Now ကို ပြောသည်။

လေထု ညစ်ညမ်းမှု လျှော့ချနိုင်ရန်အတွက် မီးခိုးခေါင်းတိုင်ကို ပေ ၁၀၀ အမြင့်ထိ ထားရှိရန် လွန်ခဲ့သော ၅ နှစ်က ညွှန်ကြားခဲ့သော်လည်း ထိုသတ်မှတ်ချက်မှာ အဖြေမဟုတ်ကြောင်း ဒေါက်တာအောင်မြင့်မော်က နားလည်ခဲ့သည်။

ကျောက်မီးသွေးထဲတွင် ပါဝင်သည့် သတ္ထုဓာတ်ငွေ့များ၊ အမှုန်အမွှာများ လေထုအတွင်းသို့ မပျံ့နှံ့စေရန် နည်းပညာဖြင့် ပြုလုပ်ရန် နောက်ပိုင်းတွင် ညွန်ကြားခဲ့သည် ဟု ၎င်းက ပြောသည်။

ထို့ပြင် ကျောက်မီးသွေးသုံးစွဲခွင့်ကို ခွင့်ပြုခြင်း၊ မပြုခြင်းကို ၎င်းတို့ ဋ္ဌာနက ဆုံးဖြတ်နိုင်သည်ဟု ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ရန်ကုန် ကျောက်မီးသွေး ဈေးကွက်

မကွေးတိုင်းဒေသကြီးတွင် အကြီးစား ကျောက်မီးသွေး လုပ်ကွက် ၃ ကွက်၊  အသေးစား  လုပ် ကွက် ၃၁ ကွက်၊ စမ်းသပ်လုပ်ကိုင်မည့်  လုပ်ကွက် ၂၅ ကွက်လည်း ရှိသည်။ 

ရန်ကုန်တိုင်းအတွင်းရှိ မြောင်းတကာ သံမဏိ စက်ရုံ၊ တိုက်ကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုန်များသို့ နေ့စဉ် ကားအစင်းရေ ၂၀ ခန့် ပို့ဆောင်ရကြောင်း မကွေးတိုင်း ဒေသကြီး မင်းဘူးမှ ကျောက်မီးသွေး ရန်ကုန်သို့ တင်ပို့ရသည် ယာဉ်မောင်း ဦးကြည်စိုးထံမှ သိရသည်။

ရန်ကုန်၊ လှိုင်သာယာရှိ ကျောက်မီးသွေး ရောင်းဝယ်သူ ဦးမျိုးကိုက   ကျောက်မီးသွေးကို  အများအားဖြင့် မကွေးတိုင်း၊ ကလေးဝနှင့် ရှမ်းပြည်နယ်တို့မှ တင်သွင်းလာခြင်းဖြစ်ပြီး  ဈေးနှုန်း အတက်အကျမှာ ကားဈေးအတက်အကျနှင့်ရာသီဥတု အခြေအနေတို့ အပေါ်တွင် မူတည်ကြောင်း၊  ရန်ကုန်တွင် ကျောက်မီးသွေး အသုံးအများဆုံးစက်ရုံမှာ မြောင်းတကာ သံမဏိ စက်ရုံဖြစ်ကြောင်း ၎င်းကပြောသည်။

ကျောက်မီးသွေး ၁၇ တန် တင်ဆောင်နိုင်သည့် ကားအစင်းရေ ၃၀ခန့် နေ့စဉ် ဝင်ရောက်နေပြီး လစဉ် ကျောက်မီးသွေးတန်ချိန် တစ်သောင်းခွဲမှနှစ်သောင်းကြား ရန်ကုန်ရှိ စက်မှုဇုန်များတွင် အသုံးပြု နေခြင်းဖြစ်သည်။

ဒေါက်တာ အောင်မြင့်မော်တို့ ဋ္ဌာန အနေဖြင့် ကျောက်မီးသွေးစွမ်းအင်ကို သုံးစွဲပြီး လည်ပတ်နေသည့် စက်ရုံ အရေအတွက်ကို အတိအကျ မသိရှိသေးပေ။

ကျောက်မီးသွေး (စွမ်းအင်) သုံး စက်ရုံ ဘယ်လောက်ရှိသလဲ။ သုံးနေတာ ဘယ်လောက်ရှိသလဲ ဆိုတဲ့ အရေအတွက်ရမှ စက်ရုံ တစ်ခုချင်းစီက ဘယ်လောက် သုံးသလဲဆိုတဲ့ တန်ချိန်ကိုရမယ်။ ဒါမှ ရန်ကုန် တစ်မြို့လုံးမှာသုံးတဲ့ အရေအတွက်ကို ပေါင်းလို့ရမှာဟု ၎င်းက ပြောသည်။

ထပ်တိုး စီမံကိန်းများ

အစိုးရတွင်လည်း  ရန်ကုန်မြို့သစ်တည်ဆောက်ရေးကဲ့သို့သော လျှပ်စစ် စွမ်းအင် လိုအပ်ချက်ကြီးမားသည့် စီမံကိန်းများ ရှိနေသည်။

ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်ပြင်ပမြို့နယ် ၁၁ မြို့နယ်တွင် ဧက ရာပေါင်းများစွာ ကျယ်ဝန်းမည့် စက်မှုဇုန်များ တည်ဆောင်သွားရန် အတွက်လည်း  စီစဉ်နေသည်။

အစိုးရတွင် စီမံကိန်းများအတွက် ရည်ရွယ်ချက်ရှိသော်လည်း လျှပ်စစ်၊ စွမ်းအင် ကဏ္ဍ အတွက်တော့ တိကျသည့် အဖြေမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက သုံးသပ်သည်။

လျှပ်စစ်ဓာတ်အား ရောင်းချရန် လာရောက် ကမ်းလှမ်းသည့် ကုမ္ပဏီများမှာ ကျောက်မီးသွေးလောင်စာကို အားသန်ကြကြောင်း ရှင်းပြသည်။

လာတဲ့ ကုမ္ပဏီတွေက ရေအားလျှပ်စစ်လည်း ရတယ်။ နေရောင်ခြည်ကလည်း ထုတ်လို့ရတယ်။ ကျောက်မီးသွေးလည်း ပါတယ်။ မြေကြီးထဲကလည်း  ထုတ်လို့ရတယ်ပေါ့။ များသောအားဖြင့် ကျွန်တော်တို့ ပြန်မေးကြည့်တဲ့အခါမှာ ကုမ္ပဏီအများစုက ကျောက်မီးသွေးကိုပဲ ပြန်လည်သွားတယ်”  ဟု ၎င်းက ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝင် ဦးတင်မောင်ဦးက ၂၀၃၀ တွင် တစ်နိုင်ငံလုံး အတိုင်းအတာ လျှပ်စစ်မီးရနိုင်ရန် အစိုးရက မူဝါဒ ချမှတ်ထားကြောင်း၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အကြား ချိန်ထိုးသွားရန် လိုကြောင်း မှတ်ချက်ချသည်။

ကျောက်မီးသွေး အမျိုးမျိုးပြောကြတာပါပဲ။ သူများတွေက အကုန်လုံး လုပ်ပြီးသွားတော့မှ ကျွန်တော်တို့ကို လာအော်နေတာ။ ကျွန်တော်တို့ တိုင်းပြည်က မတိုးတက်သေးဘူး။ သက်သာဖို့ ဆိုတာက ကျောက်မီးသွေးတို့ ဘာတို့ကမှ သက်သာတာ”  ဟု ၎င်းက Myanmar Now ကို ပြောသည်။

ကျောက်မီးသွေး အစားထိုး လောင်စာ

ရန်ကုန်ရှိ သီလဝါ စက်မှုဇုန်တွင် ဂျပန်နိုင်ငံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀နှင့်၁၀၀၀ကြားတွင်  LNG (Liquefied Natural Gas)  ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အစီအစဉ်ရှိနေပြီး ပိုလျှံသည့် LNG များကို ရောင်းချခွင့်ပေးထားသည်ဟု ၎င်းကပြောသည်။

ထူးသစ် တိရိစ္ဆာန် အစာထုတ်စက်ရုံမှ အရာရှိတစ်ဦးက ကျောက်မီးသွေးသုံး ဘွိုင်လာစက်များနှင့် ဂက်စ်သုံးသည့် ဘွိုင်လာများမှာ တည်ဆောက်ပုံးခြင်းမတူညီကြောင်း ပြောသည်။

ဂက်စ်ကို သူတို့က ဘယ်ဈေးနဲ့ ပေးမလဲ ဆိုတာလဲ မသိတော့ ကျွန်တော်က ပြောရ ခက်နေတယ်”  ဟု ထိုစက်ရုံမှ ဘွိုင်လာဋ္ဌာန မန်နေဂျာ ဦးခင်မောင်လွင်က ဆိုသည်။

လှိူင်သာယာ၊ ငါးသုံးလုံး (မြေနုကျွန်း)  ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကမူ   ကျောက်မီးသွေးပြာ၏ ဆိုးကျိုးကို သိရှိနေပြီဖြစ်သည်။

ကျောက်မီးသွေးက ဒီလိုအန္တရာယ် ရှိနိုင်တယ်၊  ရောဂါ ဆိုးကျိုးတွေ ရရှိနိုင်တယ် ဆိုရင်တော့ ကျွန်တော့ အနေနဲ့   တစ်မျိုး တစ်ဖုံ ပြန်ပြောင်းပြီးတော့ ဖြစ်ဖြစ် လမ်းကို ပြုပြင်ဖို့ စဉ်းစားမယ်”  ဟု ၎င်းက ပြောသည်။

သို့သော်လည်း စက်ရုံများမှ လွယ်လွယ်ရနိုင်သော  ကျောက်မီးသွေးပြာဖြင့် အိမ်မြေဖို့ကြသည့် ရပ်ကွက်နေ ပြည်သူတို့၏ ဓလေ့ကို မည်သို့ ဖျောက်ဖျက်ရမည်ကို တွေးတော၊ ရင်မောနေတော့သည်။

ရပ်ကွက်ထဲက ပြည်သူတွေကတော့  အိမ်တိုင်း အိမ်တိုင်းမှာ ကျောက်မီးသွေးကို အားထားပြီးတော့ ထော်လာဂျီတွေနဲ့ တိုက်နေကြတယ်”  ဟု အုပ်ချုပ်ရေးမှူးက ၎င်း၏ ရုံးရှေ့ရှိ ကျောက်မီးသွေးပြာဖြင့် ခင်ထားသည့် လမ်းမကို ငေးကြည့်ရင်း ပြောလိုက်သည်။

Leave a Reply