Advertisements

“အကျိုးစီးပွား အတွက် နဲ့ ကျွန်တော်တို့ကို စတေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး” ဟူသော အသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ယင်းအသံက က လော်စပီကာ မှ တစ်ဆင့် ကွင်းပြင်အတွင်း နားထောင်သူ ပရိတ်သတ်များထံ ရောက်ရှိပြီးနောက် ရုတ်ချည်းဆိုသလို လက်ခုပ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

နေရာကား ကရင်ပြည်နယ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရန် လျာထားခံရသည့် နေရာ တစ်ဖြစ်လည်း ဘာအံမြို့နယ်၊ ဝတ်ကြီးကျးရွာအုပ်စု သုံးအိမ်ကျေးရွာအတွင်း ဖြစ်သည်။
ကျောက်မီးသွေး စီမံကိန်း လက်မခံကြောင်း ဒေသခံများက ဆုတောင်းပွဲပြုလုပ်ရာတွင် ယခုကဲ့သို့ ဟောပြောသူနှင့် ပရိတ်သတ်အကြား အပြန်အလှန် နားလည်မှုရယူနေခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့က အစိုးရက ရန်ငြိုးတိုက်ခိုက်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ ဖြစ်ချင်တာကို အစိုးရကို တိုက်တွန်းနေတာပါ။ ကျွန်တော်တို့ ခံစားနေရတဲ့လူမှုဒုက္ခတွေ စိုးရိမ်မှုတွေ ဒါတွေကို အလေအနက်ထားစေချင်တယ်”ဟု အားမာန်ပြည့်ဝသော အသံဖြင့် ဆက်လက်ဟောပြောနေသူကား ကိုမိုး ဆိုသူ ဖြစ်သည်။
ကိုမိုးက ကရင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူ တစ်ဦးဟု လူသိများသူ ဖြစ်ပြီး သူ၏ အဖွဲ့အစည်းအမည်က မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တာဝန်ယူမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) ဖြစ်သည်။

အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရန် လျာထားသည့် မြေနေရာအတွင်း သဘာဝတ်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် ပြုလုပ်ရန် ပြည်နယ်အစိုးရနှင့် ထိုင်းနိုင်ငံအခြေစိုက် TTCL ကုမ္ပဏီတို့အကြား ယခုနှစ်ဆန်းပိုင်းတွင် သဘောတူညီထားပြီးဖြစ်သည်။
သို့သော် စီမံကိန်းကို စတင်ဆောင်ရွက်ရန် နှစ်ဘက် သဘောတူညီမှုမရှိသေးကြောင်း ပြည်နယ်အစိုးရ ထံမှသိရသည်။
ပထမအဆင့်အနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်ကို ပြုလုပ်ပြီးနောက်မှသာ လုပ်ငန်းဆောင်ရွက်ရန်အတွက် လွှတ်တော်၊ အစိုးရတို့၏ ခွင့်ပြုချက်များ၊ နှစ်ဘက်သဘောတူညီချက်များ ရယူရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက စက်ရုံတည်ဆောက်မည့် အစီအစဉ်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ဖော်နေကြသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဟောပြောပွဲကိုလည်း ဝက်ကြီးကျေးရွာအုပ်စု ဆရာတော်က ဦးဆောင်ခြင်းဖြစ်ကာ တောတောင်ရေမြေသဘာဝ သတ္တဝါအပေါင်း ငြိမ်းချမ်းစေရေး ဆုတောင်းပွဲ အမည်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

“ဆုတောင်းပွဲလုပ်ရတာက ဦးဇင်းတို့ရွာကို ကျရောက်မယ့်။ ဘေးအန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ရော၊ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေရော၊ ဒေသခံတွေရော စိုးရိမ်ကြောင့်ကြမှုတွေဖြစ်နေတယ်။ အဲ့ဒါကြောင့် တောတောင်သဘာဝတွေ၊ စိမ်းလန်းဆိုပြေအေးချမ်းအောင် ဦးဇင်းတို့က အခုလို ဆုတောင်းပွဲ ပြုလုပ်တာဖြစ်ပါတယ်” ဟု သုံးအိမ်ချောင်းဝ အေးချမ်းမြိုင်ဘုန်းကြီးကျောင်း ဆရာတော် ဦးတေဇနိယက မိန့်ကြားသည်။
ဆုတောင်းပွဲပြုလုပ်ရာ ကွင်းအတွင်း ကျောက်စာတိုင်တစ်ခုတွင် “ကျောက်မီးသွေး အလိုမရှိ” “No Coal” လို့ ရေးသားထားသော ဆိုင်းဘုတ်က ဒေသခံများ၏ စိုးရိမ်မှုနှင့် လက်မခံမှုကို ထင်သာမြင်သာ ရှိနေစေသည်။

စီမံကိန်း ဧရိယာအတွင်း ပါဝင်သော ဝတ်ကြီးကျေးရွာအုပ်စု ထုံးတောင်ကျေးရွာနေ စောအောင်သန်းထွေကမူ “ကျွန်တော်တို့ဒေသခံတွေရဲ့ လယ်ယာလုပ်ငန်းတွေ၊ ငါးဖမ်းလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ အကုန်ပျက်ဆီးမှာဖြစ်ပါတယ်။” ဟု ၎င်း၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောသည်။

“ဒါကြောင့် ဒီဒေသမှာ တည်ဆောင်ဖို့လုပ်ဆောင်နေကြတဲ့ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းကို ဒေသခံတစ်ဦးအနေနဲ့ကန့်ကွက်ပါတယ်” ဟု ၎င်းကဆိုသည်။
ကရင်ပြည်နယ်၊ ဘာအံမြို့နယ်၊ ဝတ်ကြီးကျးရွာအုပ်စုအတွင်း တိတ်ဆိတ်ပြီး ရိုးသားသော လယ်လုပ်သား၊ ခြံလုပ်သား၊ တံငါးသည်များဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြသည့် ကရင်လူမျိုးအများစုနေထိုင်ရာ ကျေးရွာများ ဖြစ်သည်။
ယခုကဲ့သို့ ဒေသခံများ စိုးရိမ်မှုကို နားလည်သော်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်ပွားစေရန် စီမံကိန်းမစတင်မီကတည်းက မြေပြင်လေ့လာဆန်းစစ်ချက်များကိုလုပ်ဆောင်နေကြောင်း TTCL ကုမ္ပဏီ ဘက်က ဆိုသည်။

“မြေပိုင်ရှင်တွေကိုလည်း အသိပေးခဲ့တယ် မြေတူးစမ်းသပ်မယ် မြေတူးတယ်ဆိုတာလည်း သုံးလက်မခွဲလောက် တွင်းသေးတွေတူးပြီး စမ်းသပ်မှုတွေ လုပ်ပါတယ်။ မြေမာကျောမှု့ ခိုင်ခန့်မှုတွေကိုဆန်းစစ်ပါတယ်။ ”ဟု ယင်းကုမ္ပဏီမှ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တာဝန်ခံ မင်းထက်အောင်မွန်က ပြောသည်။

ထို့အပြင် ကုမ္ပဏီအနေဖြင့် ဒေသခံလူထုနှင့် အသိပညာပေး တွေ့ဆုံဆွေးနွေးမှုကို ဇွန်လအတွင်းကသုံးကြိမ်တိုင်တိုင် ပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

သို့သော် ဒေသခံများအနေဖြင့်မှု စီမံကိန်းတည်ဆောက်မှုကို ဆန့်ကျင်နေဆဲဖြစ်ကြောင်း ဆုတောင်းပွဲပြုလုပ်ခြင်းက သက်သေခံနေသည်။
“ကျောက်မီးသွေးဟာ ဇီဝတွေလည်း မျိုးတုန်းမယ်။ တောတောင်ရေမြေတွေလည်း ခြောက်သွေ့တယ်။ ရေတွေဆိုရင်လည်း သောက်မရဘူး။ ငါးတွေဆိုရင်လည်း စားလို့မရဖြစ်မယ်။ ဘုန်းကြီးတို့ကလည်း အင်တာနက်တို့Facebook တို့မှာဖတ်ရတယ်။ ကမ္ဘာနိုင်ငံအသီးသီးမှာ ရာသီဥတုပူနွေးမှုကြောင့် ကျောက်မီးသွေးစက်ရုံတွေကို လျော့ချနေပြီ”ဟု ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဥဒေါင်းကျေးရွာ ဥဒေါင်းကျောင်းတိုက်ဆရာတော် ဦးဉာနုတ္တရ က မိန့်ဆိုသည်။
သို့သော်လည်း ကုမ္ပဏီဘက်မှ နောက်ဆုတ်မည့် အစီအစဉ်မရှိသေးပေ။

“စီမံကိန်းတွေနဲ့ပတ်သက်လာရင် ဒီလျှပ်စစ်စီမံကိန်းရယ်မှ မဟုတ်ပါဘူး။ အားလုံးလည်းသိတဲ့အတိုင်းဘဲ စီမံကိန်းတိုင်းစီမံကိန်းတိုင်းမှာတော့စိန်ခေါ်မှုတွေရှိပါတယ်။ ဒါတွေကို သဘောကျလက်ခံတဲသူရှိတယ်။ သဘောမကျလက်မခံတဲ့သူတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ်ကျနော်တို့အနေနဲ့ လုပ်ဆောင်ရမည့်အပိုင်းတွေမှာ ဒေသခံပြည်သူတွေကို အသိပေးဆွေးနွေးရမည့်အပိုင်းတွေ ၊ မသိတာတွေ ရှင်းလင်ပြောပြဆွေးနွေးရမည့် အပိုင်းတွေကို စီမံကိန်းမစခင် ဖြစ်နိုင်ခြေရှိမရှိလေ့လာဆန်းစစ်ချက်ကို မလုပ်ခင်ကတည်းက ကျွန်နော်တို့ အသိပညာပေးတာတွေ လုပ်ခဲ့တယ်”ဟု မင်းထက်အောင်မွန်က ပြောသည်။

ကျောက်မီးသွေးစီမံကိန်းသည် ၁၂၈၀ မဂ္ဂွါဝပ်ဖြစ် ထုတ်လုပ်မည်ဖြစ်ပြီး ၆၄၀ မဂ္ဂါဝပ်ဖြင့် ယူနစ်နှစ်လုံးနှင့် တပ်ဆင်လည်ပတ်သွားမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးစက်ရုံနှင့်ပတ်သက်ပြီး အသုံးပြုမည့်နည်းပညာသည် USC ဟု ခေါ်သည့် ဂျပန်နည်းပညာကို အသုံးပြုမည်ဖြစ်ကာ ကျောက်မီးသွေးစက်ရုံးတွင် သုံးမည့်စက်ပစ္စည်များမှာ ဂျပန်နည်းပညာနှင့် လုပ်ထားသည့် စက်ပစ္စည်းအသစ်များကို အသုံးပြု၍ တပ်ဆင်တည်ဆောက်မည့်အပြင် စက်ပစ္စည်းတစ်ပတ်ရစ် အဟောင်းများ ကို အသုံးပြုတည်ဆောက်မည်မဟုတ်ကြောင်း TTCL ကုမ္ပဏီထံမှသိရသည်။

“ကျွန်တော်တို့ အခုလက်ရှိမှာဆိုလို့ရှိရင် ဒီမံကိန်းအတွက်ကို ကျွန်တော်တို့ ဖြစ်နိုင်ခြေရှိ မရှိ လေ့လာဆန်းစစ်မှုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အခု ပြီးသင့်သလောက်တော့ ပြီးနေပါပြီ။ ပြီးစီးတဲ့အပိုင်းတွေကိုလည်း သက်ဆိုင်ရာအစိုးရနဲ့ အဖွဲ့အစည်း ဝန်ကြီးဌာန တွေကိုတင်ပြထားပါတယ်”ဟု မင်းထက်အောင်မွန်က ပြောသည်။

ထို့ပြင် စီမံကိန်းနှင့် ပတ်သက်ပြီး CRS ဟု ခေါ်သည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို ဒေသခံများအတွက် လုပ်ဆောင်ပေးသွားရန်ရှိကြောင်း ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် တိုင်ပင်ပြီး ဒေသအတွင်း လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေကောင်းရေသန့်ရရှိရေး စသည့် လိုအပ်ချက်များကို ကူညီပံ့ပိုးပေးသွားရန် ကုမ္ပဏီဘက်က စီစဉ်ထားပြီးလည်းဖြစ်သည်။

“အစိုးရဌာနတွေအနေနဲ့ CSRအဖွဲ့တွေ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်မယ့်အဖွဲ့တွေ လူမှုပတ်ဝန်းကျင် စောင့်ကြည့်မယ့်ကော်မတီတွေ အားလုံးဖွဲ့စည်းထာပါတယ်။ဒီကော်မတီတွေကနေ ကျနော်တို့ကို ညွန်ကြားလာတဲ့အတိုင်းဒေသခံပြည်သူတွေအတွက် ကူညီပံပိုးလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းဆောင်ရွက်မှုများရှိသော်လည်း ဒေသခံများကမူ ကျောက်မီးသွေးစီမံကိန်းကို လက်မခံကြောင်း သဘောထားကို ထပ်မံထုတ်ဖော်ရန်စီစဉ်ပြီးဖြစ်သည်။
ယခုလအတွင်း စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများတွင် ကန့်ကွက်ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်သည်။

ကျောက်မီးသွေးစက်ရုံနှင့် ပတ်က်ပြီး တာဝန်ရှိသူများက လာရောက်ရှင်းလင်းသည့်အခါ ကျောက်မီသွေး စက်ရုံကို အကာအကွယ်လုပ်နိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချပေးမည်ဖြစ်ကြောင်း ပြောဆိုလေ့ရှိကြောင်း ဒေသခံများကဆိုသည်။

TTCL ကုမ္ပဏီမှ ကျောက်မီးသွေးစက်ရုံတာဝန်ခံ မင်းထက်အောင်မွန်ကမူ “အကယ်၍ မမျှော်လင့်သောအခြေအနေကနေပြီးတော့ ထိခိုက်မှုတွေ ဖြစ်လာတယ်ဆိုရင်လည်း ရင်းနီးမြုတ်နှံတဲ့ ကုမ္ပဏီတွေရော အစိုးရအဖွဲတွေရော အားလုံးကနေပြီးတော့ တာဝန်ယူ တာဝန်ခံပြီးတော့ အားလုံးဖြေရှင်းပေးမှာ ဖြစ်ပါတယ်”ဟု အာမခံပြောဆိုသည်။

မည်သို့ဆိုစေကာမူ ကျောက်မီးသွေးစက်ရုံအန္တရာယ်ကို ထိန်းချုပ်နိုင်မည် ဆိုပါက အမေရိကန်နိုင်ငံက ကျောက်မီးသွေးစက်ရုံလည်ပတ်နေမှုကို ရပ်တန့်သွားမည့်မဟုတ်သည့်အပြင် တရုတ်နိုင်ငံလည်း ကျောက်မီးသွေးစက်ရုံကို လျှော့ချမည်မဟုတ်ကြောင်း ထောက်ပြပြောဆိုလာသူက ထုံးတောင်ရွာဒေသခံ အောင်မြတ်စိုးက ဖြစ်သည်။

“ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ NLD ကို မဲထည့်တုန်းက ကျွန်တော်တို့ရည်ရွယ်ချက်တော့ ကရင်ပြည်နယ်မှာ စစ်ပွဲမဖြစ်ဖို့ စစ်ပွဲငြိမ်းဖို့ စစ်မီးခိုးမငြိမ်းပဲနဲ့ ကျောက်မီးသွေးမီးခိုး အရင်လုပ်မယ်ဆိုတာ ဒါက လက်ခံလို့မရဘူး။ ကျွန်တော်တို့ ဘိုးဘွားပိုင်မြေတွေဆီက သဘာဝပတ်ဝန်းကျင်ကိုတော့ မပျက်စီးစေနဲ့”ဟု၎င်းကဆိုလေသည်။

Written by – ရွှေရိုး ၊ ရာဟု (ဖားအံ)

Advertisements
<

Leave a Reply