Advertisements

ဘားအံ၊ အောက်တိုဘာ ၁၇

ကျောက်မီးသွေး လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ထုံးတောင်ဒေသခံများ ပြည်နယ်ဝန်ကြီးချုပ် လူထုတွေ့ဆုံရန် လာရောက်စဉ် ဗွီနိုင်း ပိုစတာထောင် ဆန္ဒပြခြင်းနှင့် ကျောက်မီးသွေးစီမံကိန်း အလိုမရှိသူများ ကွန်ရက်မှ စုပေါင်းကောက်ခံထားသော ကန့်ကွက်ကြောင်း သဘောထားနှင့် လက်မှတ်များအား ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ကြီးကျေးရွာအုပ်စုတွင် နှစ် (၃၀) BOD စနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင်ခန့် ရင်းနှီးမြှုပ်နှံ၍ TOYO THAI POWER Myanmar CO.,LTD-TTCL မှ တည်ဆောက်မည့် လျှပ်စစ်ဓာတ်အား (၁၂၈၀ မဂ္ဂဝပ်) ထွက်ရှိသည့် ခေတ်မှီနည်းပညာသုံး ကျာက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဒေသခံပြည်သူများအားတွေ့ဆုံရန် အောက်တိုဘာ ၁၄ ရက်နေ့က ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် လာရောက်ရာ ထုံးတောင်ကျေးရွာတွင်းရှိ အိမ်များခြံများတွင် ကျောက်မီးသွေး စီမံကိန်းများအလိုမရှိ စာတန်းပါ ဗီနိုင်းပိုစတာများ အိမ်ခြေ ၇၀ ခန့်က ချိတ်ဆွဲကာ ပိုစတာဖြင့် ဆန္ဒပြခြင်းများ ပြုလုပ်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

Advertisements
data-language="en"

“ကျွန်တော်တို့ဖြစ်စေချင်တာက မျှမျှတတပေါ့ ကျွန်တော်တို့ယုံကြည်ရတဲ့အစိုးရကို ကန်ကွက်မယ့် ကျောက်မီးသွေးကိစ္စကိုလည်း အသိအမှတ်ပြုစေချင်တယ်။ အခုက အစိုးရဘက်က စီမံကိန်းလုပ်မယ်ဆိုရင် ဆိုးကျိုးလည်းရှိရမယ် ကောင်းကျိုးလည်းရှိရမယ်။ အစိုးရနဲ့ ပြည်သူက တစ်သားတည်းမကျသေးတဲ့အခါကြတော့ မြင်တဲ့အတိုင်းဘဲ ဒေသခံဆိုတာက အတွေ့အကြုံက နည်းပါးတယ်။ ဗဟုသုတကလည်း နည်းပါးတယ်။ အဲ့ဒါဘယ်သူမှာ တာဝန်ရှိသလဲ အစိုးရမှာလည်း တာဝန်ရှိတယ်။ ဒီစီမံကိန်းမစတင်ခင်မှာ သင်တန်းပဲဖြစ်ဖြစ် ရှင်းပြပြောပြတာတွေ လုပ်သင့်တယ်။ ကောင်းတာချည်းပဲ ပြောတာမျိုးမဟုတ်ဘူးပေါ့။ သူဘက် ကိုယ့်ဘက် မျှတတဲ့ အမြင်ကျယ်တဲ့ အရာမျိုးဖြစ်စေချင်တယ်” ဟု ထုံးတောင်ကျေးရွာမှ စောဆထူးက ပြောသည်။

အဆိုပါ ကျောက်မီးသွေး စီမံကိန်းလုပ်ဆောင်မည့် လူထုတွေ့ဆုံပွဲတွင်လည်း ကျေးရွာ ၁၉ ရွာမှ စုဆောင်းကောက်ခံထားသော ကျောက်မီးသွေးလျှပ်စစ်စက်ရုံ စီမံကိန်းအလိုမရှိကြောင်း ဒေသခံ ၃၉၈၅ ဦး မှ ဆန္ဒပြုလက်မှတ်ထိုးထားသော မှတ်တမ်းစာအုပ်ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ကန်ကွက်သည့် ကွန်ရက်မှ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

“ကျွန်မတို့ကတော့ ထောက်ခံတယ်။ ဘေးရွာတွေကတော့ ကန့်ကွက်တယ်။ လျှပ်စစ်မီးရမယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာတယ်။ ကျွန်မတို့ ကလေးတွေရဲ့ ရှေ့ရေး ပညာရေး၊ ကျန်းမာရေး အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာမယ်ထင်တယ်။ စီမံကိန်းနဲ့ ပတ်သက်လို့ကတော့ လူမှုကွန်ရက်မှာတော့ ကြမ်းကြမ်းတမ်းတမ်းတွေ ဆိုကြဆဲကြတာတော့ရှိတယ်။ ရွာချင်းကတော့ သိပ် အဆင်မပြေတာတွေ မရှိပါဘူး” ဟု ဝတ်ကြီးရွာသူ ဒေါ်မြင့်က ပြောသည်။

လျှပ်စစ်စက်ရုံပြီးစီး၍ လည်ပတ်ပါက ဒေသခံပြည်သူများအနေဖြင့် မိမိပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ အိုးမကွာ အိမ်မကွာ အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောစကားအရသိရပြီး တွေ့ဆုံပွဲတွင် တက်ရောက်လာသော တံတားဦး၊ ကျောက်တစ်လုံး၊ ဝင်းဒရယ်၊ မိကရင်၊ ကျုံမသွယ်၊ အီဟယ်၊ မိဇိုင်း၊ တကောင်ဘိုး၊ နောင်ကျန်၊ ဘင်ဂျီ၊ ဝတ်ကြီး ကျေးရွာများမှ ဒေသခံများက ကျောက်မီးသွေးသုံး စက်ရုံနှင့် စပ်လျဉ်း၍ မြေယာလျော်ကြေး သီးနှံလျော်ကြေးနှင့် မရှင်းလင်းသည်များ၊ စိုးရိမ်ပူပန်မှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံများ အပြန်အလှန်မေးခွန်းများမေးမြန်းကာရှင်းလင်းဆွေးနွေးခဲ့ ကြကြောင်းသိရှိရသည်။

ရာဟု(ဖားအံ)

Leave a Reply