ကျောက်မဲ၊ အောက်တိုဘာ ၁၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စည်းကမ်းမဲ့ မောင်းနှင်လာသည့် ယာဉ်(၆)စီးအား အောက်တိုဘာ ၁၁ ရက်က အဖွဲ့စုံဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ကျောက်မဲမြို့နယ် ယာဉ်ထိန်းရုံးမှ သိရှိရသည်။

ကျောက်မဲမြို့နယ်တွင် ယာဉ်မတော်တဆမှုများ လျော့နည်းလာစေရန် စည်းကမ်းမဲ့ ယာဉ်များကို မြို့တွင်း မြို့ပြင်နေရာများ၌ အဖွဲ့စုံဖြင့် ဖမ်းဆီးအရေးယူမှုများကို တစ်ပါတ်လျှင် တစ်ကြိမ်ပြုလုပ်နေရာမှ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ယာဉ်အန္တရာယ်လျော့ကျပြီးတော့ ယာဉ်ကြောပိတ်ဆို့မှု မရှိစေဖို့အတွက် ရည်ရွယ်ပြီးတော့ တစ် ပါတ်ကိုတစ်ကြိမ် ပြည်ထောင်စုလမ်းမကြီးဘေးမှာ လုပ်ဆောင်ပေးနေတာပါ။’’ဟု ကျောက်မဲယာဉ်ထိန်းရုံးမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အရှိန်ပြင်းမောင်းနှင်ခြင်း၊ လိုင်စင်မရှိခြင်းတို့ကြောင့် ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးအရေးယူခံရသူများကို ကျောက်မဲမြို့မ ရဲစခန်းတွင် အမှုဖွင့်မည်ဖြစ်ကာ ကျောက်မဲမြို့နယ်တရားရုံး၌ ဒဏ်ငွေပေးဆောင်ပြီးမှ မော်တော်ယာဉ်အား လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

“စည်းကမ်းမဲ့ယာဉ်တွေကို စစ်ဆေးအရေးယူတာ ကောင်းပါတယ်။ အခုတွေ့နေရတာတွေကတော့ အရှိန်များလို့ ဖြစ်သွားတာတွေပဲ တွေ့နေရတဲ့အတွက် အရှိန်ထိန်းကိရိယာတွေတပ်ဆင်ပြီးတော့ စစ်ဆေးရင် ယာဉ်တိုက်မှု တွေ ပိုပြီးလျော့နည်းသွားမယ်လို့မြင်မိပါတယ်။ မြို့တွင်းမှာလည်း သူ့အရှိန်နဲ့သူ၊ မြို့ပြင်မှာလည်း သတ်မှတ်အ ရှိန်နဲ့မောင်းနေကြမယ်ဆိုရင် ယာဉ်တိုက်မှုဖြစ်မယ်ဆိုရင်တောင်မှ အချိန်မီထိန်းလိုက်နိုင်မယ်ထင်လို့ပါ။”ဟု ကျောက်မဲမြို့ခံ ဦးမျိုးချစ်ကပြောသည်။

အဆိုပါစည်းကမ်းစည်းမဲ့ယာဉ်(၆)စီးမှ ယာဉ်မောင်းများဖြစ်သည့် ကျော်ထွန်းလင်းအား ယာဉ်(ပ)၃၇၉ /၂၀၁၇၊ မော်တော်ယာဉ်ဥပဒေပုဒ်မ-၅၈(က)၊ ယာဉ်မောင်း ရဲသူဦးအား ယာဉ်(ပ)၃၈၀/၁၇၊ ပုဒ်မ ၆၂၊ ယာဉ်မောင်း ကျော်ဇင်ထွေးအား ယာဉ်(ပ)၃၈၁/၁၇၊ ပုဒ်မ ၆၂၊ ယာဉ်မောင်းသန့်ဇင်ထူးအား မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၈(က)၊ ယာဉ်မောင်း သင်းမြင့်သိန်းအား မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၈(က)၊ ယာဉ်မောင်း ကျောက်ကျော် ထွန်းအား မော်တော်ယာဉ်ဥပဒေပုဒ်မ ၅၈(က)တို့ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by – MMK

Leave a Reply