Advertisements

ချောင်းဆုံ ဇူလိုင်

ဘီလူးကျွန်း မုဒွန်းကျေးရွာရှိကျောက်သင်ပုန်းလုပ်ငန်းမှာ ယခုနှစ်တွင်ဈေးကွက်အခြေမလှ၊ တွက်ခြေမကိုက် ဖြစ်နေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။

တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာသည့်အနေအထားတွင် ဒေသထွက်ကုန်အမှတ်တရပစ္စည်းတစ်ခုအဖြစ်သာ ရပ်တည်နေရကြောင်း ကာယကံရှင်တို့ကပြောသည်။

ဝယ်လိုအား လျော့ကျလာသည်နှင့်အမျှ ဈေးနှုန်းရောအရေအတွက်ပါ ကျဆင်းလာနေခြင်း ဖြစ်သည်ဆို၏။

“ကျောက်သင်ပုန်းကုန်ချောတွေ ထုတ်လုပ်ထားပြီးပေမယ့်တစ်ဝက်လောက်က ရောင်းမထွက်သေးဘူး။အမြတ်ရဖို့ထက်ငွေပေါ်ဖို့အတွက် လျှော့ရောင်းနေရတယ်၊လုပ်ငန်းအခြေအနေကလည်း တစ်နှစ်ထက်တစ်နှစ်အရောင်းအဝယ် အေးလာလို့အရောင်းအဝယ်မရှိသလောက်
ကိုဖြစ်လာတယ်”ဟု မုဒွန်းကျေးရွာက ကျောက်သင်ပုန်းလုပ်ငန်းရှင် ဦးအောင်မိုးခိုင်ကဆိုသည်။

ယခင်နှစ်ကကျောက်သင်ပုန်းအချပ်ရေ ၄၀၀၀ ကျော်ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် အချပ်ရေ ၂၀၀၀ ဝန်းကျင်သာရောင်းချနိုင်ခဲ့ကြောင်း၊ ယခင်နှစ်က ကျောက်သင်ပုန်းတစ်ချပ်ကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကျောက်သင်ပုန်းတစ်ချပ်ကို  ၈၅၀ ကျပ် ၈၀၀ ကျပ်တို့ဖြင့်ရောင်းဝယ်နေရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“ကုန်ချောလုပ်ငန်းရှင်တွေတွက်ခြေမကိုက်လို့ ကျောက်ကြမ်းထုတ်လုပ်တဲ့ကျောက်တွင်းတွေလည်းပိတ်ထားရတဲ့ အခြေအနေတွေဖြစ်လာတယ်။ ဒီနှစ်မှာ ကျောက်တွင်းတစ်တွင်းတည်းသာလုပ်ကိုင်နိုင်ပေမယ့်ကျောက်ကြမ်း ဝယ်သူမရှိလို့လုပ်ငန်းပိတ်သိမ်းချိန်မရောက်ခင်လုပ်
ငန်းတွေရပ်နားထားရတယ်”ဟုယင်းလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်က ဆိုသည်။

ကျောက်ကြမ်းတစ်ချပ်ကို ၂၅၀ ကျပ်နှုန်းပေါက်စျေးရှိပြီး ကျောက်သင်ပုန်းတစ်ချပ် ကုန်ချောဖြစ်ရန် ပျမ်းမျှ ၇၀၀ ကျပ်ခန့်ကုန်ကျကြောင်း တစ်ချိန်ကကျောက်သင်ပုန်းလုပ်ငန်းဖြင့်တစ်ရွာလုံးနီးပါး ရပ်တည်နိုင်ခဲ့သော်လည်း ယခုအခါလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး ခန့်သာကျန်
တော့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“တစ်နိုင်ငံလုံးတော့မဆိုလိုပါဘူး၊  မွန်ပြည်နယ်အတွင်းက မူလတန်းကျောင်းတွေလောက်ကို ကျောင်းသင်ထောက်ကူပစ္စည်းအဖြစ် ကျောက်သင်ပုန်းဆက်ပြီး သုံးစွဲသွားမယ်ဆိုရင်တော့ လုပ်ငန်းရပ်တည်ဖို့ဖြစ်နိုင်သေးတယ်၊ အခုအချိန်မှာလုပ်ငန်းအခြေအနေက ပြည်တွင်းပြည်ပခရီးသွားတွေ ဒေသထွက်ကုန် အမှတ်တရလက်ဆောင်ဝယ်တဲ့အဆင့်နဲ့ရပ်တည်နေရတဲ့အတွကလုပ်ငန်းရပ်တန့်ရတော့မယ့်အခြေအနေတွေရှိတယ်” ဟု ဦးအောင်မိုးခိုင်ကပြောသည်။

ယခင်တစ်ချိန်က   တစ်နိုင်ငံလုံးအတိုင်းအတာနီးပါးကျောက်သင်ပုန်းကျောက်တံကိုကျောင်းသင်ထောက်ကူပစ္စည်းအဖြစ်အသုံးပြုခဲ့စဉ်က နှစ်စဉ်ကျောက်သင်ပုန်းချပ်ရေ သောင်းနှင့်ချီပြီး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခုအခါကျောက်သင်ပုန်း ကျောက်တံကို မမြင်ဖူးတော့သည့် ကျောင်းသား/သူများလည်း ရှိလာကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply