အစိုးရကျောင်းများတွင် ကျောင်းချိန်ပြင်ပ၌ မွန်တိုင်းရင်းသားစာပေ သင်ကြားခွင့် ပိတ်ပင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများ ရှိခဲ့ပါက လွှတ်တော်သို့ ချက်ချင်းတိုင်ကြားစေလိုကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမင်းအောင်က ပြောကြားသည်။

မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀၊ လွီမာရာမညဗိမာန်၌ မေလ ၂၁ ရက် ပြုလုပ်ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှုစာမေးပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ရဟန်းတော်များ၏ ထိန်းသိမ်းမှုကြောင့် မွန်စာပေများကျန်ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ဒီမိုကရေစီစနစ်ဖြစ်သော်လည်း မိမိလူမျိုး၏ စာပေကို ဖွံ့ဖြိုးတိုးတက်စေချင်လျှင် မိမိတို့ကိုယ်တိုင် ကြိုးစားရမည်ဖြစ်ကြောင်း ဦးထွန်းမင်းအောင်က ပြောသည်။

“မွန်မှာကျတော့ ကျောင်းချိန်ပြင်ပမှာ သင်ကြားခွင့်ရတယ်၊ ဒီကျောင်းချိန်ပြင်ပမှာ သင်ပြနေတဲ့ဆရာတွေ ကျွန်တော်တို့ သင်တန်းပေးတာတို့ လစာအပြည့်ပေးတာတို့ ဒါတွေက မရသေးဘူး။ ထောက်ပံ့ကြေးတောင်မှ တစ်ယောက်ကို သုံးသောင်းပဲ ရတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ထို့ပြင် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ပတ်သက်ပြီး အစိုးရက ကူညီဆောင်ရွက်ပေးရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားကြောင်းနှင့် အစိုးရစာသင်ကျောင်းတွင် ကျောင်းချိန်ပြင်ပမဟုတ်ဘဲ ကျောင်းခေါ်ချိန်အတွင်း မွန်စာပေကို သင်ကြားနိုင်ရန် ကြိုးစားသွားရမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေတွေရှိတယ်။ ဒီဥပဒေတွေအတိုင်း ကျွန်တော်တို့ တိုင်းရင်းသားတွေ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိဖို့အတွက် မွန်ဒေသလုံးဆိုင်ရာအဖွဲ့က ကြိုးပမ်းသွားမယ်”ဟု မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက ဆိုသည်။

မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် ၂၀၁၃ ခုနှစ်မှ စတင်ကာ မွန်၊ ကရင်၊ ပအိုဝ်းစာပေများကို သင်ကြားခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မွန်တိုင်းရင်းသားစာပေ သင်ကြားနေသည့် ကျောင်း ၂၅၈ ကျောင်းရှိကြောင်း သိရသည်။

Written by – ရွှေရိုး

Leave a Reply