မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိစာသင်ကျောင်းများတွင် နေ့စား၊ လပေးကျောင်းဆရာမအလုပ်ရမည်ဟုဆိုကာဆရာမအဖြစ် လျှောက်ထားလိုသောရွာသူများထံမှ ငွေကြေးလိမ်လည်ခဲ့သောပညာရေးဝန်ထမ်းနှစ်ဦးကိုပညာရေးဌာန မှ ရာသက်ပန်ထုတ်ပယ်အရေးယူလိုက်ကြောင်းမွန်ပြည်နယ် ပညာရေးဦးစီးဌာနညွန်ကြားရေးမှူး ဦးမျိုးတင်အောင်ကပြောကြားသည်။

teacher

“သူတှို့တွေ ငွေကြေးလိမ်လည်တာမှန်ခဲ့လို့ ဝန်ထမ်းရေးရာအရအရေးယူဆောင်ရွက်ပြီးပညာရေးဌာနကရာသက်ပန်ထုတ်ပယ်ခဲ့တာ ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။
ထုတ်ပယ်ခံခဲ့ရသည့် ပညာရေးဝန်ထမ်း နှစ်ဦးမှာသထုံမြို့နယ် နောင်ကုလားကျေးရွာစာသင်ကျောင်းပညာရေးဝန်ထမ်းတစ်ဦး နှင့် မရမ်းကုန်ကျေးရွာစာသင်ကျောင်းပညာရေးဝန်ထမ်းတစ်ဦးတို့ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးသည် သထုံမြို့နယ် ကဇိုင်းကျေးရွာ၊ ကြာပန်းကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာများတွင် နေထိုင်ကြသည့် ဆရာမအလုပ်လျှောက်ထားလိုသည့် အမျိုးသမီး ၂၃ ဦးထံမှ တစ်ဦးလျှင် သုံးသိန်းခွဲစီငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ငွေကြေးလိမ်လည်ခဲ့သောပညာရေးဝန်ထမ်း နှစ်ဦးကိုစုံစမ်းစစ်ဆေးရေးဖွဲ့ပြီးစစ်ဆေးခဲ့ရာအဖြစ်မှန်ပေါ်ခဲ့သည့်အတွက်ကြောင့် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ကအရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းမွန်ပြည်နယ် ပညာရေးဦးစီးဌာနညွန်ကြားရေးမှူး ဦးမျိုးတင်အောင်ကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးငွေကြေးပေးထားသောကာယကံရှင်များအနေဖြင့် ၎င်းတို့၏ နစ်နာမှုအပေါ် တရားစွဲလိုပါကတရားစွဲခွင့်ပေးထားကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကမွန်ပြည်နယ်လွှတ်တော်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီးငွေလိမ်လည်ခံရသူ နှစ်ဦး၏ တိုင်ကြားမှုကို ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

Leave a Reply