Advertisements

ချောင်းဆုံ ၊ အောက်တိုဘာ

စာသင်ကျောင်းများတွင် ရောင်းချနေသော မုန့်ပဲသရေစာများကို ကျောင်းသားများ ကျန်းမာရေးအတွက် FDA စစ်ဆေးရေး အဖွဲ့မှစစ်ဆေးစေလိုကြောင်းနှင့် ခွင့်ပြုချက်ရရှိပြီးမှသာ ရောင်းချသင့်ကြောင်း ကွမ်သဲကျေးရွာယာယီ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ကပြောသည်။

“ကျောင်းတွေမှာရောင်းနေတဲ့မုန့်ပဲသရေစာတွေကို ကျန်းမာရေးအရ စားသုံးသင့်/မသင့် စစ်ဆေးသင့်တယ်။ စားစရာတွေမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဓာတုဆေးဝါးတွေလည်း သုံးစွဲထုတ်လုပ်ထားနိုင်တဲ့အတွက် အခါအားလျော်စွာ စစ်ဆေးသင့်တယ်”ဟု ၎င်း ကဆိုသည်။

ကျောင်းများတွင်ရောင်းချနေသော အသင့်လုပ်မုန့်မျိုးစုံများတွင် တာရှည်ထားနိုင်ရေးအတွက် ကျန်းမာရေးနှင့် မညီညွတ်သော ဆေးဝါးများကိုသုံးစွဲထားနိုင်ခြင်း၊ ကလေးငယ်များအားဆွဲဆောင်မှုအဖြစ် အရောင်ဆိုးဆေးများ သုံးစွဲထားနိုင်ခြင်းတို့ကြောင့် စားသုံးရန်သင့်မသင့် မကြာခဏစစ်ဆေး ခြင်း ၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်စေလိုကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးခင်မောင်ဦးက ပြောသည်။

“ကလေးငယ်တွေက အနာဂတ်မှာ နိုင်ငံတော်အတွက် အားထားရမယ့် သားကောင်းရတနာတွေဖြစ်တယ်။ ကလေးငယ်တွေစားသုံးနေကြတဲ့ မုန့်ပဲမျိုးစုံဟာ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လည်းလိုအပ်တယ်”ဟု ၎င်းက ဆိုသည်။

စာသင်ကျောင်းများတွင်သာမက ပြင်ပစားသောက်ကုန်ရောင်းချနေသော ဆိုင်များတွင်လည်း စားသုံးရန်သင့် မသင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်သင့်ကြောင်း မြို့မိမြိုဖ ဦးဉာဏ်ဝင်း က အကြံပြုသည်။

ပြည်နယ် FDA စစ်ဆေးရေးအဖွဲ့မှ တားမြစ်ထားသော မုန့်ပဲသရေစာများကို ဈေးကွက်တွင် ရောင်းချခြင်း မပြုရန် နှင့် လိုအပ်သောစစ်ဆေးမှုများကို ပြည်နယ် FDA စစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာများအထိ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးသွားရန်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

 

 

 

Advertisements
<

Leave a Reply