နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးကဏ္ဍရင်းနှီးမြုပ်နှံမှုသည်သာပဓာနအကျဆုံးဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆင့်မြင့်ပညာရေးမှာ လူတိုင်းလက်လှမ်းမီရန်ဝေးစွ။ အခြေခံအဆင့်ပညာရေးမှာပင် တန်းတူညီမျှပညာသင်ကြားခွင့်မရသေးသူများ များစွာကျန်ရှိနေသေးသည်။ ဆင်းရဲမွဲတေမှုက ပညာသင်ကြားခွင့်ကို တားဆီးပိတ်ပင်သကဲ့သို့ ပညာသင်ကြားခွင့်မရှိခြင်းကြောင့်လည်း ဆင်းရဲတွင်းကို နက်သထက်နက်စေပြန်သည်။ ဤသည်မှာ အဆိုးသံသရာလည်ခြင်းပင်ဖြစ်သည်။

 ယခုအခါ ဝဿန်မိုးနှင့်အတူ ကျောင်းဖွင့်ရာသီသို့ ရောက်ခဲ့ပြီ။ ကျောင်းနေအရွယ်ကလေးသူငယ်များ မည်၍မည်မျှ ကျောင်းစာသင်ခန်းဆီအရောက်လှမ်းနိုင်ပြီး ဘယ်၍ဘယ်မျှ လုပ်ငန်းခွင်ဆီရောက်သွားသည်ကို တွက်ဆကြည့်ရန်လိုပါသည်။ ထိုသို့သော နစ်နာဆုံးရှုံးမှုများကို အချိန်မီမည်သို့မည်ပုံကုစားကြမည်နည်း။ “ကျာင်းနေအရွယ်ကလေးတိုင်းကျောင်းနေရေး၊ ကျောင်းထွက်သူပပျောက်ရေး“ ဟူသော ဆောင်ပုဒ်များဖြင့် အာသာဖြေနေရုံဖြင့် မရပါ။ မိဘ၊ ဆရာ၊အစိုးရ၊ NGO များ၊  CSO များ လွှတ်တော်ကိုယ်စားလှယ်များ တပ်တပ်တစ်အား ဝိုင်းဝန်းအဖြေရှာကြရလိမ့်မည်။

 ဗြိတိသျှနန္ဒာရင်ဝန်ကြီးချိန်းဘာလိန်က ဤသို့ပြောခဲ့သည်။ “အဲဒီနိုင်ငံက ကလေးတွေအကြောင်း ကျုပ်ကိုပြောပြပါ။ အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ကျုပ်က ကြိုတင်ဟောကိန်းထုတ်နိုင်တယ်“ ဟူသတည်း၊ ကလေးငယ်များ၏ ပညာရေးတွင် ရင်းနှီးမြုပ်နှံလေလေ ထိုနိုင်ငံအောင်မြင်တိုးတက်လေလေဖြစ်သည်။ ၂၁ ရာစုသည် လက်နက်ဖြင့် ကိုလိုနီလုပ်သောခေတ်မဟုတ်တော့ချေ။ ပညာဖြင့်အုပ်စိုးသော ခေတ်ဖြစ်နေလေပြီ။ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့“ ဟု ဆိုပါလျှင် အခြေခံအကျဆုံးဖြစ်သည့် အားလုံးပါဝင်နိုင်သော တန်းတူညီမျှပညာရေးစနစ်မရှိမဖြစ်လိုအပ်ပါသည်။ ဆင်းရဲမွဲတေမှုက ကလေးသူငယ်များကို ကျောင်းစာသင်ခန်းဆီမှ  ဆွဲထုတ်၍ လုပ်ငန်းခွင်အသီးသီးသို့ တွန်းပို့နေမည်ဆိုပါမူ လူတစ်စုအတွက်ပညာရေးသာဖြစ်ပေလိမ့်မည်။ ပညာမဲ့သောလူအဖွဲ့အစည်းက တိုင်းပြည်ကို ချောက်ထဲတွန်းချကြလိမ့်မည်။

    တစ်ခုသတိပြုရမည်မှာ အခြေခံပညာ ဆရာ၊ ဆရာမများ၏ ကဏ္ဍဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတစ်ယောက်အတွက် အိမ်က မိဘနှစ်ပါးသည် အခရာဖြစ်သလို ကျောင်းက ဆရာ၊ ဆရာမသည် မိဘသဖွယ်ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် မူလတန်းဆရာ၊ဆရာမများ၏ လစာမှာ တက္ကသိုလ်ဆရာ၊ ဆရာမများထက် ပိုများသည်ကို ထောက်ရှုခြင်းအားဖြင့် ကလေးငယ်များကိုပြုစုပျိုးထောင်ရေးမှာ တိုင်းပြည်၏ အနာဂတ်ကို စိုက်ပျိုးခြင်းဟု နားလည်နိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးတိုင်းပညာသင်ကြားနိုင်ခြင်းမရှိသလို ပညာသင်ကြားနေသော ကျောင်းသားကလေးငယ်တိုင်း ကျောင်းပျော်ကြသည်မဟုတ်ကြပါ။ ကျောင်းစာသင်ခန်းကို ငရဲတွင်းကဲ့သို့ ခံစားရသော ကလေးငယ်များလည်း များစွာရှိကြလေသည်။ အစိုးရကျောင်းစာသင်ခန်းက တစ်မျိုး၊ ကျူရှင်စာသင်ခန်းက တစ်ဖုံ၊ တိုင်းရင်းသားဒေသများတွင် ဘာသာစကားပြဿနာက တစ်လီ လောင်ပြိုက်လျှက်ရှိကြကုန်သော ကလေးများသည် “ကျောင်းကြောက်ရောဂါ“၊ “စာကြောက်ရောဂါ“ များစွဲကပ်လျှက်ရှိကြပေသည်။ သို့ပါ၍ “ကစားရင်းစာသင်၊ စာသင်ရင်းကစား“ စနစ်ဆီသို့ ပြောင်းလဲနိုင်ရန်လိုအပ်ပါသည်။ ကျောင်းပျော်ကလေးများဖြစ်လာစေရန်မှာ ကလေးငယ်များအတွက် လုံခြုံသော ပညာသင်ယူမှုဝန်းကျင်ဖြစ်ရမည်။ သင်ထောက်ကူပစ္စည်းလုံလောက်မှုရှိရမည်။ ဆရာ၊ ဆရာမအင်အားလုံလောက်မှုရှိရမည်။ ကျောင်းသင်ခန်းစာနှင့် လက်တွေ့ ဆက်စပ်သင်ကြားနိုင်ရမည်။ ကလေးများ မွေးထုတ်နိုင်ပေးလိမ့်မည်။

    အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဏ္ဍ၌ ရင်းနှီးမြုပ်နှံခြင်းသည် ကလေးသူငယ်၊ လူငယ်လူရွယ်များအတွက် ရင်းနှီးမြုပ်နှံခြင်းပင်ဖြစ်ရာ နည်းလမ်းမှန်မှန်နှင့် ရေရှည်အကျိုးစီးပွားအတွက် ပညာရေးမူဝါဒတစ်ရပ်ချမှတ်အကောင်အထည်ဖော်နိုင်မည်ဆိုပါလျှင် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောင်နိုင်လိမ့်မည်ဟု ဟင်္သာမီဒီယာက ယုံကြည်ပါသည်။

Leave a Reply