ချောင်းဆုံ၊ ဇွန် ၂ ။ ။ ဘီလူးကျွန်းဒေသရှိမုဒွန်းကျေးရွာကျောက်သင်ပုန်းတောင်မှ ထွက်ရှိသည့် သင်ပုန်းကျောက်ဖြင့် ပြုလုပ်ထားသောကျောက်သင်ပုန်း၊ ကျောက်တံများကိုကျောင်းသူ၊ ကျောင်းသားများသုံးစွဲမှု နည်းလာခြင်းကြောင့် ရောင်းအားကျဆင်းလာကြောင်းကျောက်သင်ပုန်းကျောက်တံများတင်ပို့ရောင်းချသူမုဒွန်းကျေးရွာမှ ဒေါ်နီနီအေးကပြောသည်။

ဟိန်းဝင့်သူ-(5)

အဆိုပါ ကျောက်သင်ပုန်းကျောက်တံများသည် ဘီလူးကျွန်းဒေသ၏ ထွက်ကုန်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချကြောင်း ၎င်းက ဆိုသည်။

“ကျောင်းဖွင့်ရာသီမှာကျောက်သင်ပုန်းကျောက်တံတွေကိုအရင်ကကျောင်းသားတွေ မဖြစ်မနေသုံးရတယ်၊ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့မြို့တွေကိုရထားတွဲတွေနဲ့ပို့ရတယ်၊ ရောင်းဝယ်သူတစ်ဦးလျှင် ကျောက်သင်ပုန်းလေးငါးသောင်းမကတင်ပို့ဖြစ်တယ်၊ ကော်ပီစာအုပ်တွေ ပေါလာတော့ ကျောက်သင်ပုန်းကျောက်တံတွေ မရှိရင်လည်းရတာမျိုးဖြစ်လာတယ်၊ အခုနှစ်မှာကျောက်သင်ပုန်းတစ်သောင်းလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်”ဟုမုဒွန်းကျေးရွာမှ ကျောက်သင်ပုန်းကျောက်တံရောင်းဝယ်သူဦးသိန်ကြည်ကပြောသည်။
သင်ပုန်းကျောက်တူးသမားများမှာနေအိမ်အရောက်ပို့စနစ်ဖြင့် ကျောက်ကြမ်းတစ်ချပ်လျှင် နှစ်ရာ့ငါးဆယ်ကျပ်နှုန်းဖြင့် ပေးဝယ်ရကြောင်း၊ အချောသပ်ခြင်းလုပ်ငန်းများ ပြီးစီးပါကအချပ်အရွယ်အစားပေါ် မူတည်၍ လေးရာကျပ်မှ ခြောက်ရာကျပ်အထိရရှိကြောင်းကျောက်ကြမ်းအချောသပ် လုပ်ငန်းလုပ်ကိုင်သူဒေါ်သွယ်ကဆိုသည်။

“ဒီလုပ်ငန်းကစီးပွားဖြစ်မဟုတ်ပေမဲ့ မြန်မာတစ်နိုင်ငံလုံးကိုအကျိုးပြုလုပ်ငန်းလည်းဖြစ်တယ်၊ ကိုယ်ဒေသထွက်ကုန်အတွက်လည်းဂုဏ်ယူတယ်၊ ကျောက်သားအရည်အသွေးကောင်းတော့ပျက်စီးဖို့ကမလွယ်ဘူး၊ အလုပ်ကနေမိသားစုစားဝတ်နေရေးပြေလည်ရုံပဲရတယ်”ဟုကျောက်သင်ပုန်းဘောင် လုပ်ငန်းလုပ်ကိုင်သူဦးထွန်းကြည်ကပြောဆိုသည်။
မုဒွန်းကျေးရွာကျောက်သင်ပုန်းတောင်တွင် လုပ်ငန်းလုပ်ကိုင်နိုင်သည့် ကျောက်သားများရှားပါးလာကြောင်း၊ ကျောက်သင်ပုန်း၊ ကျောက်တံလုပ်ငန်းကိုလုပ်ကိုင်သူများလည်းနည်းလာကြောင်း၊ ယခင်ကတစ်ရွာလုံးနည်းပါးကျောက်သင်ပုန်း၊ ကျောက်တံလုပ်ငန်းကိုအမှီပြုလုပ်ကိုင်ခဲ့ကြောင်းဒေသခံများမှ သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply