မော်လမြိုင်၊ မေ ၂၀

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းဝတ်စုံများ ရောင်းချမှုမှာ ယခင်နှစ်လောက် ရောင်းအားမသွက်ဘဲ ရောင်းအားကျနေကြောင်း မော်လမြိုင်ဒေါင်းမင်းရပ်ရှိ အထည်ဆိုင်များမှ သိရသည်။

“ မနှစ်က ဒီအချိန်ဆို ကျောင်းစိမ်းလုံချည်တွေ ပထမတစ်ပြန်ကုန်သွားပြီ၊ အခု အများကြီးကျန်သေးတယ်။ ဒါဟာ ဘာလို့လဲဆိုရင် အခုက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေများလာတယ်လေ၊ အပ်နှံတဲ့သူတွေလည်းများလာတော့ အပြင်က အင်္ကျ ီ၊ လုံချည်တွေ မဝယ်ကြတော့ဘူး၊ ကျောင်းက ကိုယ်တိုင်ချုပ်ပြီး ပေးနေတာ” ဟု ခိုင်ရွှေဝါ အထည်ဆိုင် ပိုင်ရှင်က ပြောသည်။

ကျောင်းဝတ်စုံအနေနှင့် KG အတန်းမှ အထက်တန်းအထိရှိပြီး၊ ဈေးနှုန်းမှာ အနည်းဆုံးကျပ်တစ်ထောင်မှ လေးထောင်၊ငါးထောင်အထိ၊ လုံချည်အနေဖြင့် ကျပ် ၂၅၀၀ မှ ၇၀၀၀ အထိ ရှိကြောင်း သိရသည်။

“ အကုန်လုံးက ရန်ကုန်ချုပ်တွေပါပဲ၊ KG တန်းအရွယ်အင်္ကျ ီဆို တစ်ထောင်ပဲ၊ မိန်းကလေး စကတ်တစ် ထည်လည်း တစ်ထောင်ဝန်းကျင်ပဲ၊ ဂါဝန်ကောင်းကောင်းတွေဆိုရင်တော့ ခုနစ်ထောင်လောက်ရှိတယ်” ဟု ၎င်းက ဈေးတန်းအခြေအနေကို ရှင်းပြသည်။

သံလွင်ဈေးရှိ ‘စိုင်း’အပ်ချုပ်ဆိုင်မှ ကိုစိုင်းက “ဒီနှစ်က ရောင်းအား နည်းနည်းလျော့တယ်၊ ကျွန်တော်တို့ က သရီးရိုင်ဖယ်သား နဲ့ ခန့်ချုပ် (Special) ချုပ်ရောင်းတာ၊ ဆိုင်အသားတံဆိပ်ပါတယ်၊ အရွယ်အစားကိုလိုက်ပြီး ၊ကျပ် ၃၅၀၀ ကနေ ဆိုဒ်ကြီး လက်ရှည် ၇၅၀၀ အထိရတယ်” ဟုဆိုသည်။

ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ဝတ်စုံများအနေဖြင့် တစ်ကျောင်းနှင့်တစ်ကျောင်းမတူဘဲ၊ အရည်အသွေးကောင်း ၊ အရောင်အသွေးမျိုးစုံသော ဝတ်စုံများကို ကိုယ်တိုင်မှာယူ ချုပ်လုပ်ကြသဖြင့် အထည်ဆိုင်များမှာ အစိုးရကျောင်းဝတ်စုံဖြစ်သော အဖြူ အစိမ်း တစ်မျိုးတည်းကိုသာ ရောင်းချနေကြရသည်။

မြသက်

Leave a Reply