Advertisements

မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မနှင်းဝေးသူ နှင့် တွေ့ဆုံခြင်း

တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ ကြုံတွေ့နေရသည့် အခက်အခဲ လိုအပ်ချက်များနှင့် ပတ်သက်၍ မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မနှင်းဝေးသူနှင့် သွားရောက်တွေ့ဆုံမေးမြန်းချက်များကို ဟင်္သာမီဒီယာက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 

ဟင်္သာမီဒီယာ ။ ။ ညီမအနေနဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ အဖြစ် စပြီးလုပ်တဲ့နေ့ကနေပြီး လက်ရှိ အချိန်ထိကျောင်းသား/ ကျောင်းသူတွေမှာ ဘယ်လိုအခက်အခဲ ပြဿနာတွေရှိနေလဲဆိုတာ သိခဲ့တာရှိရင် ပြောပြပေးပါ။
မနှင်းဝေးသူ ။ ။ ကျောင်းသား၊ ကျောင်းသူတွေမှာ အခက်အခဲတွေ့က ပုံသေတော့မရှိဘူး။ တချို့တွေက မေဂျာအပြောင်းအရွှေ့ကိစ္စမှာ တာဝန်ရှိသူတွေအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် နားလည်မှုလွဲခဲ့တာလေးတွေရှိခဲ့တယ်။ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ကျတော့ဒါတွေကိုမသိနိုင်ဘူးလေ။ အပေါ်က တာဝန်ရှိလူတွေလည်း ပွင့်ပွင့်လင်းလင်း မချပြဘူး။ နောက်တစ်ခုက ဆိုင်ကယ်စတန်း ပြဿနာပါ။ ဆိုင်ကယ်စတန်းမှာဆိုရင် ဝါးတန်းတွေနဲ့ တားထားပေးတယ်။ တချို့ကျောင်းသားတွေ သူတို့ဆိုင်ကယ်တွေကို အထဲထိ မထည့်ကြဘဲ အပြင်မှာ ထားကြတယ်။

နောက်ပိုင်းမှ ဝင်လာတဲ့လူတွေက အထဲထိ ထည့်လို့မရတော့ ဆိုင်ကယ်တွေက လမ်းမအထိ ထွက်နေတယ်။ အရင်တုန်းက ဝါးလုံးတွေနဲ့ ကာထားတာ တိုက်မိရင်းနဲ့ ကျိုးသွားတယ်။ အခု သူတို့ကို ပြောထားတယ်။ စောင့်တဲ့လူနဲ့ ဝါးလုံးတွေကို ပြန်ထားပေးဖို့။ ကျောင်းသားဦးရေတွေက မနှစ်ကထက် ပိုများလာတယ်။ နောက်ဆုံးတစ်ခုကတော့ အဆောင်မှာနေကြတဲ့ ကျောင်းသားတွေရဲ့ ပြဿနာပါ အဓိကတော့ ထမင်းကို သူတို့စားရတာ အဆင်မပြေကြဘူး။ သူတို့က ကျွန်မကို ပြောထားပေမယ့် မလုပ်ပေးနိုင်သေးဘူးဖြစ်နေတယ်။ အဆောင်မှာက သူတို့ထမင်းချက်တဲ့ လူတွေကို မနှစ်ကစပြီး ကန်ထရိုက်စနစ်နဲ့ယူထားတော့ အဲဒီကနေ သတ်မှတ်ထားတဲ့ စည်းကမ်းချက် ဘာတွေလဲဆိုတာ မသိဘူးလေ။ အခုညီမတို့ ထပြီးတော့ လုပ်မယ်ဆိုရင် အားနည်းချက်က ကျောင်းသားတွေက ပူးပေါင်းပါဝင်မှုတွေက အရမ်းကိုအားနည်းနေတယ်။ မနှစ်ကစပြီး အဆောင်နှင့်ပတ်သက်ပြီး တစ်ခုလုပ်ဖို့ တိုင်ပင်ခဲ့တယ်။

တကယ်လုပ်မယ်ဆိုတော့ တစ်ယောက်မှမရှိကြတော့ဘူး။ တစ်ခုခုလုပ်မယ်ဆိုရင် အားလုံးပူးပေါင်းပါဝင်ပြီးမှ လုပ်လို့ရမှာ ဖြစ်တဲ့အတွက် အဲဒီလိုမျိုးအခက်အခဲနည်းနည်းတော့ ရှိတယ်။

ဟင်္သာမီဒီယာ ။ ။ တက္ကသိုလ်ကို နယ်ကနေပြီး လာတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အရမ်းများနေတယ်ဆိုတော့ အပြင်ကအဆောင်မှာ နေတာနဲ့ ကျောင်းဝင်းထဲက အဆောင်မှာ နေတာ ဘယ်ဟာက သူတို့အတွက် ပိုပြီးစိတ်ချလုံခြုံမှုရှိတယ်လို့ မြင်လဲ။
မနှင်းဝေးသူ ။ ။ ကျောင်းအဆောင်မှာဆိုရင် ပိုကောင်းတာပေါ့။ ကျောင်းအဆောင်က စည်းကမ်းနဲ့လေ။ မိန်းကလေးအဆောင်က ၆ နာရီပိတ်တယ်ဆိုတော့ အပြင်ထွက်လို့မရဘူး။ အိမ်ပြန်ချင်ရင် တစ်ပတ်တစ်ခါပြန်လို့ ရတယ်လို့သိရတယ်။ ကျွန်မကတော့ အဆောင်နေတဲ့လူမဟုတ်တော့ မသိဘူး။ စည်းကမ်းကတော့ တင်းကျပ်တယ်။ စားမေးပွဲ နီးလာပြီဆိုရင် ဖုန်းတွေကိုပါ သိမ်းပြီး စာတွေကျက်ခိုင်းတယ်။
အပြင်က အဆောင်ကျတော့ ည ၈ နာရီမှ ပိတ်တဲ့အခါကျတော့ မကောင်းဘူးပေါ့။ တချို့အပြင်က အဆောင်တွေဆိုရင် ဒီကျောင်းသူတစ်ယောက် လာပြန်မအိပ်တာတောင် မသိကြတဲ့ အဆောင်တွေရှိနေတယ်။ အဲဒါကြောင့် ကျောင်းဝင်းအတွင်းက အဆောင်တွေမှာပဲနေတာ ပိုကောင်းမယ်လို့ မြင်ပါတယ်။

ဟင်္သာမီဒီယာ ။ ။ ပြီးခဲ့တဲ့ အပတ်တွေက မန္တလေးတိုင်းဒေသကြီးက ရတနာပုံတက္ကသိုလ် ကျောင်သားတွေက ဘတ်ဂျက်တိုးတောင်း ဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ ညီမ ကြားသိခဲ့တဲ့ အမြင်လေး ပြောပြပေးပါဦး။
မနှင်းဝေးသူ ။ ။ အဲဒါက သူတို့စဖြစ်ကြတာက အဲဒီမှာ သူတို့ အစည်းအဝေးတစ်ခု လုပ်ဖို့ရှိတယ်။ တက္ကသိုလ် ကျောင်းသားသမဂ္ဂတွေကို ဖိတ်တော့ ဖိတ်ထားတယ်။ ဒါပေမယ့် ကျွန်မတို့ဆီ ဖိတ်စာ မရောက်တော့ မသိတော့ မသွားဖြစ်ဘူး။ အစည်းအဝေး နှစ်ရက်လုပ်မယ်ဆိုပြီးတော့ ကြားတယ်။ ပထမ တစ်ရက် အစည်းအဝေးလုပ်ပြီးတော့ နောက်တစ်ရက်မှာပဲ ဆန္ဒပြကြမယ်လို့ ကြေညာလိုက်တယ်။ အဲဒီမှာပဲ သူတို့ကသုံးရက်လောက် ဆန္ဒပြကြတယ်။ ညကျတော့သူတို့ကို ဖမ်းခေါ်သွားပြီးတော့ အိမ်ကို ပြန်ပို့လိုက်တယ်။ နောက်နေ့ကျမှ သူတို့ရဲ့ ကျောင်းထွက်စာတွေ သူတို့အိမ်ကို ရောက်လာတယ်။

ဆန္ဒပြကြတာ တက္ကသိုလ် ၁၈ ကျောင်းကဆိုတော့ ကျောင်းသားသမဂ္ဂအဖွဲ့က ကျောင်းသား၈၀ ကျော်လောက်ရှိတယ်။ ကျောင်းထုတ်လိုက်တာကတော့ ၄၆ ယောက်လောက်ရှိတယ်။ ကျွန်မတို့ကလည်း အခြားကျောင်းသား သမဂ္ဂတွေလိုပဲ ကန့်ကွက်တယ်။ ဘာလို့လဲဆိုတော့ ကျောင်းထုတ်လိုက်တဲ့အတွက်ပါ။ ကျောင်းတွေမှာ လက်ရှိ ရနေတဲ့ ဘတ်ဂျက်ကလည်း စိစစ်ဖို့ လိုတယ်ပေါ့။ ကျောင်းတွေမှာ ဘယ်လို ခွဲခြားထားလည်း စိစစ်ဖို့လိုအပ်တယ်။ မရတာတော့ မဟုတ်ဘူးအရင်ကထက်ဆိုရင်တော့ ရရှိလာတဲ့ ဘတ်ဂျက်အတိုင်းအတာတွေ ပိုပိုတိုးလာတယ်လို့ ထင်တယ်။ အဲဒီဘတ်ဂျက်တွေကို ဘယ်လိုသုံးစွဲပြီး ဘယ်လိုတွေ စိစစ်ပြီးထားလဲဆိုတာ ပွင့်ပွင့်လင်းလင်း ဖော်ပြမယ်ဆိုရင် အဆင်ပြေမှုတွေရှိလာမယ်လို့ မြင်တယ်။ အရမ်းကြီးတော့ တခြားနိုင်ငံတွေနဲ့ ယှဉ်ချင်ဖို့ကလည်း ချက်ချင်းမဖြစ်နိုင်သေးဘူးလေ။
အခုဆန္ဒပြ တောင်းဆိုချက်တွေကိုတော့ ထောက်ခံတယ်။ အဲဒီလိုမျိုး လုပ်မယ်ဆိုရင် ကျောင်းတွေကို အားလုံးဖိတ်ခေါ်စေချင်တယ်။

ကျောင်းသားတွေအာလုံးပါတော့ အားရှိတယ်ပေါ့။ ကျောင်းထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဇန်နဝါရီ ၈ ရက်နေ့မှာ ပခုက္ကူမှာ တစ်နိုင်ငံလုံးက သမဂ္ဂတွေခေါ်ပြီး အရေးပေါ် အစည်းအဝေးလုပ်တယ်။ အဲဒီက ဆုံးဖြတ်ချက်နဲ့ အဖွဲ့တစ်ခုဖွဲ့ပြီးတော့ အစည်းအဝေးလုပ်နေတဲ့အချိန်မှာပဲ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပခုက္ကူမြို့က တက္ကသိုလ်ကို ရောက်နေတယ်။ အဲဒီတာဝန်ရှိသူတွေက လာပြီး စည်းအဝေးပြီးတဲ့အထိ စောင့်တယ်။ အစည်းအဝေးပြီးတော့ သူနဲ့ စကားပြောပြီးတော့ ကျောင်းထုတ်တဲ့ကိစ္စကို လုပ်ပေးမယ်။ ကျောင်းသားတွေကို ကျောင်းတက်ခွင့် ရအောင်လုပ်ပေးမယ်လို့ ပြောတယ်။ အခုကျောင်းသားတွေလည်း ကျောင်းပြန်တက်ခွင့် ရနေပါပြီ။ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျောင်းသားတွေ အာလုံးပြန်တက်ပြီ။ ကျန်တဲ့ ဘတ်ဂျက်ကိစ္စ တောင်းဆိုချက်ကိုတော့ ဆက်ပြီး တောင်းဆိုဖို့ လုပ်နေတုန်းပဲ။

ဟင်္သာမီဒီယာ ။ ။ အဲဒီလိုဖြစ်စဉ်မျိုးနဲ့ ကျောင်းသားတွေကို ကျောင်းထုတ်တဲ့ အဆင့်ထိ အရေးယူခဲ့တဲ့ဖြစ်ရပ်နဲ့ ကျောင်းထုတ်တဲ့ စာတွေပေးပို့ခဲ့တဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။
မနှင်းဝေးသူ ။ ။ အဲဒီလိုမျိုးအထိတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ ကျောင်းသားတစ်ယောက်ကို ကျောင်းထုတ် အရေးယူတယ်ဆိုရင် တော်တော်ပြင်းထန်တဲ့ အရေးယူမှုလို့ ယူဆတယ်။ သူ့တု့ိ ထုတ်လိုက်တဲ့ အမိန့်စာမှာ ပုံမှန် ညီမတို့ တွေ့နေရသလိုမျိုး ကျောင်းစည်းကမ်း၊ နှစ်အကန့်အသတ်မဟုတ်ဘဲနဲ့၊ ဒီနှစ်မှ ဘယ်နှစ်အထိ ထုတ်ပယ်လိုက်တယ်လို့ မဟုတ်ဘဲနဲ့ အပြီးထုတ်တဲ့သဘောမျိုးဖြစ်သွားတယ်။ အဲလိုမျိုးဆိုတော့ ကျောင်းသားတစ်ယောက်ကို စာသင်တာ ပိတ်ပင်ရပ်ခိုင်းပြီးတော့ ဘယ်လောက်ဆိုးလဲဆိုပြီးတော့ အဲဒါကို ညီမတို့က ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ ပြောချင်တာက တခြားပြစ်ဒဏ်တစ်ခုကို စဉ်းစားသင့်တယ်ပေါ့။ ပထမကတော့ သူတို့ ဖြေရှင်းတာ အဆင်ပြေသွားပြီးထင်တယ်။ အေးဆေးခေါ်ပြီးတော့ အိမ်ကိုပြန်ပို့လိုက်တယ်ဆိုတော့ ညီမတို့ အစိုးရဘက်ကို ချီးကျူးနေသေးတယ်။ နောက်နေ့ကျမှ ကျောင်းထုတ်လိုက်တယ်ဆိုတော့ အဆင်မပြေတော့ဘူး။

ဟင်္သာမီဒီယာ ။ ။ အခုလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေရော အရေးယူထားလဲလို့ ကြားမိသေးလဲ။
မနှင်းဝေးသူ ။ ။ ပါချုပ်တွေကိုတော့ အရေးယူမယ်လို့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့အမြင်မှာ (အ.ဆ.ည) က အမိန့်စာလ့ိုထင်တယ်။ ပါချုပ်ကို ကျောင်းသားတွေ သွားမေးတာက ကျောင်းသားတွေကို ကျောင်းထုတ်လိုက်ပြီးလားမေးတော့ မထုတ်ဘူးတဲ့။ ဘာကြောင့်ထုတ်ရမလဲတဲ့ ဆိုပြီး ပါချုပ်က ပြန်ပြောတယ်။ ညနေ့ကျမှ အမိန့်စာမှာ ပါချုပ်လက်မှတ် ပါလာတယ်။ နောက်နေ့ကျမှ ကျောင်းသားတွေကို ထုတ်လိုက်တယ်ဆိုတဲ့ သဘောပေါ့။

ဟင်္သာမီဒီယာ ။ ။ မော်လမြိုင်တက္ကသိုလ်မှာရော ကျောင်းရဲ့ လိုအပ်ချက်တွေအတွက် ဘတ်ဂျက်ဘယ်လောက်ရလဲဆိုတာကို ညီမတို့ သိလား။ အများသိရှိအောင် ထုတ်ပြန်ထားတာတွေရော မြင်တွေ့ခဲ့ရလား။
မနှင်းဝေးသူ ။ ။ ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်ပြီး ညီမတို့ ကျောင်းအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် ဌာနတစ်ခုချင်းဆီကလည်း မထုတ်ပြန်ဘူး။ ဘတ်ဂျက်ဘယ်လောက်ရမှန်းလည်းမသိဘူး၊ ဘယ်နေရာမှာ သုံးစွဲနေမှန်းလည်း မသိဘူး။ ပွဲတစ်ခု လုပ်ပြီးရင် အဲဒီပွဲအတွက် ဘယ်လောက်ကုန်လဲဆိုတာကိုလည်း မသိဘူး။ လုံးဝ မထုတ်ပြန်ဘူး။

ဟင်္သာမီဒီယာ ။ ။ ညီမတို့ သမဂ္ဂက လုပ်ဆောင်ပေးနေတဲ့ ကုန်ကျစရိတ်တွေကျတော့ ဘယ်ကနေရလဲ။ လက်ရှိမှာရော ညီမတို့ရဲ့ သမဂ္ဂအဖွဲ့ဘတ်ဂျက်ဘယ်လောက်ရှိလဲ ပြောပြပေးလို့ရရင် ပြောပြပေးပါ။
မနှင်းဝေးသူ ။ ။ သမဂ္ဂအဖွဲ့က တစ်ခုခုလုပ်မယ်ဆိုရင် သမဂ္ဂ ဘတ်ဂျက်ရှိတယ်။ အဲဒီဘတ်ဂျက်နဲ့ပဲ လုပ်တယ်။ ကျောင်းဘတ်ဂျက် မပါဘူး။ ကျောင်းသားသမဂ္ဂ ဘတ်ဂျက် သက်သက်ရှိတယ်။ အဲဒီဘတ်ဂျက် ဘယ်က ရသလဲဆိုရင် ညီမတို့ရဲ့ အဖွဲ့ဝင်ကြေးက လစဉ်ကြေး တစ်ထောင်ရှိတယ်။ ကျောင်းမှာဆိုရင် သမဂ္ဂအဖွဲ့ရန်ပုံငွေဆိုပြီးတော့ အကျီ ၤတွေကို ရောင်းတယ်။အခုလက်ရှိမှတော့ ကျောင်းသားသမဂ္ဂ ဘတ်ဂျက်ငွေ တစ်သိန်း နှစ်သောင်းလောက်ရှိတယ်။

ဟင်္သာမီဒီယာ ။ ။ လက်ရှိမှရော ကျောင်းသား၊ ကျောင်းသူတွေ တောင်းဆိုတဲ့အရာတွေကို ဆရာ/ ဆရာမတွေက လုပ်ပေးတဲ့အခါကြတော့ အဆင်မပြေမှုတွေရှိလား။
မနှင်းဝေးသူ ။ ။ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေတောင်းဆိုသမျှကို ဆရာ/ ဆရာမတွေက လုပ်ပေးတယ်။ အနည်းဆုံး ညှိပေးတယ်။ ဘယ်လိုလုပ်စေချင်လဲဆိုတာကို တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ပေးတယ်။ အဆင်မပြေတွေကတော့ မရှိသေးဘူး။

ဟင်္သာမီဒီယာ ။ ။ ညီမအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ သိရှိစေချင်တဲ့ စကားများရှိရင် ပြောပြပေးခဲ့ဦး။
မနှင်းဝေးသူ ။ ။ သမဂ္ဂအဖွဲ့ဆိုတာက ကျောင်းသား၊ ကျောင်းသူတွေအတွက် ရှိနေတာပါ။ ကျောင်းသားတွေ အခက်အခဲရှိရင်သမဂ္ဂကို လာပြောလို့ရတယ်။ ဒါပေမယ့် ကျောင်းသားကျောင်းသူတွေလည်း တတ်နိုင်သမျှတော့ ပူးပေါင်းပါဝင် ပေးစေချင်တယ်။ ဒီကျောင်းသားတွေ တောင်းဆိုထားတဲ့ ကိစ္စလေးတွေကိစ္စရှိတယ်။

သူတို့ လာတောင်းဆိုသမျှ ဖြစ်နိုင်တဲ့ ကိစ္စမှန်သမျှကို သမဂ္ဂအဖွဲ့အနေနဲ့ လုပ်ပေးနေပါတယ်။ အခု လတ်တလော လုပ်နေတာတစ်ခုရှိတယ်။ ကျောင်းမှာ ကျောင်းသား ကျောင်းသူ တော်တော်များများက ယာဉ်မောင်းလိုင်စင်မရှိဘဲနဲ့ ဆိုင်ကယ်မောင်း နေတဲ့လူတွေများတယ်။ ၁၈ နှစ်ပြည့်ရင် ယာဉ်မောင်းလိုင်စင်လုပ်ပေးဖို့(က.ည.န) ရုံးနဲ့ ညှိနှိုင်းနေတယ်။ ATM စက်တစ်လုံးကို ထားဖို့စီစဉ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျောင်းအနီးနားမှာ ရှိနေတဲ့ ATM ငွေထုတ်စက်အဟောင်းက ပိုက်ဆံကုန်နေတာနဲ့ ဓာတ်ခဏခဏ လိုက်နေတယ်ဆိုတော့ အဆင်မပြေဘူး။ အဲဒါကြောင့်အသစ်တစ်လုံး တပ်ဆင်ပေးနိုင်ဖို့ ပါချုပ်လည်း ခွင့်ပြုတယ်။

ဘဏ်နဲ့လည်း တွေ့ထားပြီးပါပြီ။ နောက်တစ်ခု ဖေဖော်ဝါရီလအတွင်းကျရင် နှစ်စဉ်လုပ်နေကျ ကျောင်းသား၊ ကျောင်းသူအတွက် ပျော်ပွဲရွှင်ပွဲ လုပ်ပေးဖို့လည်း ရှိတယ်။ အခက်အခဲကတော့အမှိုက်ပဲ။ အမှိုက်သိမ်းတဲ့စနစ်လည်း သဘာဝမကျဘူး။ အမှိုက်ပုံကလည်း နည်းသွားတယ်။ ကျောင်းသား၊ ကျောင်းသူတွေကိုယ်တိုင်လည်း စည်းကမ်းထိန်းသိမ်းဖို့လိုအပ်နေတယ်လို့ ပြောချင်ပါတယ်။

Written by ခင်နန်းဌေး၊ ခေတ်မင်း

Advertisements
<

Leave a Reply