ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပညာရေးဟာ အရမ်းကို နိမ့်ပါးနေတယ်ဆိုတာ လူတိုင်းသိကြပါသည်။ အဓိကအကြောင်းအရင်းကတော့ စာကို သင်ပေးခြင်းရော၊ သင်ယူခြင်းရော နှစ်ခုစလုံးဟာ စာမေးပွဲအောင်ဖို့တစ်ခုတည်းကိုပဲ ဦးတည်နေလို့ပါ။ စာမေးပွဲမှာပါမယ့် ပုစ္ဆာတွေကိုသာ ရွေးချယ်ပြီး အလွတ်ရအောင် ကျက်မှတ်တဲ့ ပညာရေးစနစ်ကြောင့်ဆိုတာလည်း လူတိုင်းသိပြီးသား ဖြစ်ပါတယ်။

ပညာရေးနှင့် ပတ်သက်လျှင် အဓိကဆွေးနွေးစရာ နှစ်ပိုင်းရှိပါတယ်။ ပထမတစ်ပိုင်းက နိုင်ငံအနှံ့အပြားမှာရှိတဲ့ ကလေးငယ်တွေ ပညာသင်ယူခွင့်ရဖို့ ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံ့စီးပွားရေးနှင့် အဓိက သက်ဆိုင်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေတဲ့ မိဘတိုင်းဟာ သူတို့ရဲ့ ကလေးငယ်တွေကို ပညာသင်စေမှာဖြစ်ပါတယ်။ ဒုတိယတစ်ပိုင်းကတော့ ပညာသင်ကြားခွင့်ရတဲ့ နိုင်ငံအနှံ့က ကလေးငယ်တွေ မသိမမြင်နိုင်တဲ့ ကိစ္စတွေရှိနေလို့ပါပဲ။ ဥပမာ – တောင်ပေါ်ဒေသ ကလေးငယ်တွေကို ပညာရည်မြင့်မားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်ဒီစာတမ်းမှာ အဓိက ဆွေးနွေးတင်ပြချင်တာက ပညာရည်ဖွံ့ဖြိုးတိုးတက်ဖို့ဖြစ်ပါတယ်။

ကျွန်တော်လေ့လာကြည့်ရသလောက် ဆရာ၊ ဆရာမ တွေရဲ့ စိတ်နေစိတ်ထား အတွေးအခေါ်တွေမှာ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ ပထမဆုံးပြောချင်တာကတော့ ဆရာ ဆရာမတွေရဲ့ ဘာသာရပ်တွေအပေါ် လေးစားချစ်ခင်မှုပါပဲ။ အခုချိန်မြို့ကြီးတွေက အခြေခံပညာအထက်တန်းကျောင်းတွေမှာ ဝိဇ္ဇာဘာသာတွဲ သင်ကြားပေးတဲ့ အတန်းတွေမရှိတာကို ကြည့်ရင် အဲ့ဒီကိစ္စကို အထင်အရှားတွေ့ရမှာပါ။ တက္ကသိုလ်က ပါမောက္ခတွေ၊ ကထိကတွေကိုယ်တိုင်ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်က မေဂျာကျောင်းသား ကျောင်းသူတွေကို အထင်သေးပြီး အမှိုက်လို့ ယူဆနေတဲ့ စိတ်နေ စိတ်ထားတွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံတည်ဆောက်တဲ့နေရာမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ပဲ တည်ဆောက်လို့မရပါ။ ဆရာ ဆရာမတွေသက်ဆိုင်ရာ ဘာသာရပ်အသီးသီးက တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေရှိမှပဲ နိုင်ငံတစ်နိုင်ငံဟာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှာပဲဖြစ်ပါတယ်။ ပညာရပ်တိုင်းဟာ သူ့နေရာနှင့် သူအရမ်းအရေးကြီးတာမို့လို့ ဘာသာရပ်တွေအပေါ် အသက်မွေးပညာတွေအပေါ် အထင်အမြင် သေးတတ်တဲ့ ပညာတတ်တွေ ပညာရှင်တွေရဲ့ စိတ်ကို အရင်ဆုံးပြုပြင်သင့်ပါသည်။ နောက်ထပ် လေ့လာတွေ့ရှိရတာက ဆရာ ဆရာမတွေကိုယ်တိုင် ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ဆိုတာကို နားလည်မှုအပိုင်းမှာ အားနည်းနေသေးတယ်ဆိုတာကို တစ်ခါကျွန်တော့် သူငယ်ချင်းကျောင်းအုပ်ဆရာတစ်ယောက်နှင့် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်အကြောင်း ဆွေးနွေးကြည့်တော့ အဲဒီသူငယ်ချင်းက ကျွန်တော့်ကို အဲစနစ်နှင့် သင်ကြားလျှင် သင်ခန်းစာတွေပြီးပြတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီစကားကို ကြားတော့ ဆရာတွေကိုယ်တိုင် အဲဒီစနစ်အကြောင်း ကောင်းကောင်းနားမလည်သေးဘူးဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ရတယ်။ ယခင်က ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်နှင့် ဆိုလျှင် ဆရာ ဆရာမတွေဟာ အများကြီး သင်ကြားပေးစရာမလိုဘဲ ဂိုက်လိုင်းကိုပဲ သေသေချာချာ ပေးရတဲ့ စနစ်ဖြစ်ပါတယ်။ အခုချက်ချင်း ကျောင်းတွေမှာ တစ်နိုင်တစ်ပိုင် လုပ်လို့ရတာရှိပါတယ်။ ဥပမာ မူလတန်းကလေးငယ်တွေကို ဆရာ  ဆရာမကပဲ အမြဲတမ်း ပုံပြောပြနေမယ့်အစား တစ်ခါနှစ်ခါလောက် သေချာပြောပြပြိး ကလေးငယ်တွေကို ဇာတ်ကောင်တွေ ရွေးပေးပြီး ကိုယ်တိုင် ဖန်တီးပြောဆိုခိုင်းတာမျိုးတွေလုပ်လို့ရပါတယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ကို ခက်ဆစ်အဓိပ္ပာယ်တွေ ဖတ်ခိုင်းပြီးဖြစ်ဖြစ် သင်ခန်းစာ စာပိုဒ်ကို ကလေးတွေကို ကိုယ်တိုင်ဖတ်ခိုင်းပြီး ဆရာ ဆရာမက တစ်ပိုဒ်လုံး ခြုံငုံမိအောင် မေးခွန်းတွေ မေးတာပဲဖြစ်ဖြစ် သင်ကြားပေးတဲ့စနစ်တွေကို ကျောင်းတွေမှာ အခုချက်ချင်းစတင်လို့ရပါတယ်။

နောက်တစ်ခုက ကျောင်းသင်ခန်းစာတွေကို ကလေးငယ်တွေ လက်တွေ့ အသုံးချခွင့်ရတဲ့ သင်ကြားနည်းစနစ်ကိုလည်း အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဒီသင်ကြားမှုအတွက် ကျောင်းတွေမှာ TV ရှိတဲ့ စာသင်ခန်းတွေ နှစ်ခန်းသုံးခန်းလောက်တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ သင်ခန်းစာတွေဟာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသက ကလေးငယ်တွေကို ကမ်းရိုးတန်းဒေသအကြောင်း သင်ကြားဖို့ဆိုလျှင် ဒီအတိုင်းစာကိုပဲ သင်ပေးတာထက် ကမ်းရိုးတန်းဒေသနှင့် ပတ်သက်တဲ့ video file ကို ပြလိုက်လျှင် သူတို့မျက်လုံးထဲ လက်တွေ့မြင်ရပြိး ပိုစိတ်ဝင်စားမှာ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့သမိုင်းကို သင်တယ်ဆိုလျှင်လည်း အဲ့ဒီသမိုင်းနှင့် ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ဖြစ်၊ သတင်းကားပဲဖြစ်ဖြစ် ပြပေးလိုက်လျှင် ကျောင်းသားတွေအတွက် ပိုနားလည်ပြီး ပိုမှတ်မိကြမှာ ဖြစ်ပါတယ်။

တချို့သချၤာသင်ခန်းစာတွေဆိုလျှင်လည်း game တွေလုပ်ပေးပြီး သင်ကြားလို့ရပါတယ်။ ဥပမာ – ကျပ်၊ ပြားနှင့် ဆိုင်တဲ့ ဈေးကွက် သင်ခန်းစာတွေကို ဈေးရောင်းတန်းကစားတဲ့ game လေးတွေ ဖန်တီးလိုက်လျှင် ကလေးငယ်တွေအတွက် ပိုစိတ်ဝင်စားစရာ ကောင်းမှာဖြစ်ပါတယ်။ နောက်ပြီး လက်မ၊ ပေ၊ စင်တီမီတာ သင်ခန်းစာတွေဆိုရင်လည်း ကျောင်းမှာရှိတဲ့ မြေအကျယ်အဝန်းကို တိုင်းခိုင်းတာမျိုးပဲဖြစ်ဖြစ် စာသင်ခန်းရဲ့ အကျယ်အဝန်းကို တိုင်းခိုင်းတာမျိုးပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။

နောက်တစ်ခုထူးထူးခြားခြား တင်ပြချင်တာကတော့ မြန်မာ့ယဉ်ကျေးမှု စာပေ၊ ဂီတတွေကို ထိန်းသိမ်းဖို့အတွက် အခြေခံကျောင်းတွေကတည်းက စတင်လို့ ရတယ်ဆိုတာပါပဲ။ ကျွန်တော်တို့တတွေ ဘွဲ့ရသွားတဲ့အထိ ကဗျာပေါင်း မြောက်များစွာကို သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လေးလုံးစပ် ကဗျာက ဘယ်လို၊ ရတုက ဘယ်လို၊ တေးထပ်က ဘယ်လိုဆိုတာကို မသိခဲ့ရပါဘူး။ တကယ်တမ်းက နိုင်ငံကျော်အဆိုတော်တွေနဲ့ အသံသွင်းပြီးတော့ ရတုတေးထပ် အစရှိသည်တို့ကို ကျောင်းသားတွေကို ဖွင့်ပြနားထောင်ခိုင်းပြီး ရွတ်ဆိုစေခိုင်းတာမျိုး စာမေးပွဲတွေမှာ နှုတ်ဖြေအနေနဲ့ အဲ့ဒီလို ကဗျာတွေ ရတုတွေ၊ တေးထပ်တွေကို စစ်ဆေးပေးခြင်းအားဖြင့် မြန်မာကလေးငယ်တွေအားလုံးဟာ ငယ်စဉ်ကျောင်းသားအရွယ်မှာကတည်းက မြန်မာ့ယဉ်ကျေးမှု စာပေ ဂီတတွေနဲ့ တစ်သားတည်း ဖြစ်နေမှာ ဖြစ်ပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် အလွန်ကို ထိရောက်မှာဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေဆိုတာ ကျောင်းသား ကျောင်းသူတွေကို အခြေခံသိရမယ့် အသိပညာတွေ အတတ်ပညာတွေ စည်းကမ်းတွေ သင်ကြားလေ့ကျင့်ပေးတဲ့နေရာတစ်ခု ဖြစ်ရမှာဖြစ်ပြီး စာမေးပွဲအောင်ဖို့ တစ်ခုတည်းကို ဦးတည်ပြီး စာတစ်ခုတည်းတတ်ဖို့ သင်ကြားနေတဲ့ နေရာမဟုတ်ရဘူးဆိုတာကို ဆရာ ဆရာမတွေ  သိရှိဖို့ လိုပါတယ်။ ဆွေးနွေးစရာများစွာ ရှိပေမယ့် ဒီမျှလောက်နဲ့တော့ ခြုံငုံသုံးသပ်မိနိုင်မယ်လို့ ထင်ပါတယ်။ အချုပ်အားဖြင့် ပြောချင်တာကတော့ ကျောင်းသား ကျောင်းသူတွေဟာ ဒီအခြေခံကျောင်းမှာ သင်ယူရင်းနဲ့ မိမိရဲ့ တာဝန်မိမိသိတဲ့ ကလေးငယ်တွေ မိမိပတ်ဝန်းကျင်ရဲ့ တာဝန်ကို ယူတတ်တဲ့ ကလေးငယ်တွေ အမှီအခိုကင်းကင်းနဲ့ ရပ်တည်တတ်တဲ့ ကလေးငယ်တွေ အခြေခံပညာကို တကယ် တတ်မြောက်တဲ့ ကလေးငယ်တွေဖြစ်တဲ့အပြင် မြန်မာ့ဓလေ့ထုံးစံကို ပြသတဲ့ ယဉ်ကျေးလိမ္မာပြီး ဂါရဝတရား အလေးထားတဲ့  ကလေးငယ်တွေသာ ဖြစ်လာရင်တော့ ဒါဟာ မြန်မာ့ပညာရေး မြင့်မားလာတာပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် အရေးကြိးတဲ့ ပုဂ္ဂိုလ်တွေကတော့ ဆရာ၊ ဆရာမတွေပဲဖြစ်တာမို့လို့ ဆရာ၊ ဆရာမတွေကို သေချာမွမ်းမံသင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေရဲ့ အခြေအနေတွေ စိတ်နေစိတ်ထားတွေ လိုအပ်ချက်တွေ အမြော်အမြင်တွေကို သိဖို့အတွက်တော့ ဆရာ၊ ဆရာမများ ညီလာခံကိုလည်း တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ လုပ်သင့်ပါတယ်။

Written by – ဂျန်နဝါရီ

Leave a Reply