Advertisements

ကျွန်တော်တို့ သူပုန်လုပ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဖိနှိပ်ရက်စက်မှုများကြောင့် ဖြစ်သည်။ အထူးသဖြင့် အာဏာရှင် စနစ်ဆိုး စစ်အာဏာရှင်စနစ်ဆိုးတွင် နိုင်ငံရေးအရ လွတ် လပ်ခွင့်မရှိဘဲ ဂုဏ်သိက္ခာကင်းမဲ့စွာ နေထိုင်ခဲ့ကြ ရသည်။ တရားမျှတမှုမရှိ အဓမ္မ ဖိနှိပ်ခံရခဲ့သည်။ အများပြည်သူကောင်းကျိုးအတွက် မိမိယုံကြည် ရာ ထုတ်ဖော်ပြောဆိုသူများကို စစ်ထောက် လှမ်းရေး၏ ဖမ်းဆီးထောင်ချမှုများရှိသည်။ ဖမ်းဆီးထောင်ချရုံတင်သာမက ရေကြည်အိုင်ကဲ့ သို့ စစ်ကြောရေးစခန်းများတွင် လူမဆန်စွာ နှိပ် စက်သည်။ အထူးသဖြင့် ဦးသန့်အရေး၊ အလုပ် သမားအရေးများတွင် ဦးနေဝင်းအစိုးရက မိမိ လူမျိုး အချင်းချင်းပင်လျှင် နိုင်ငံရေး ယုံကြည် ချက်များ ဦးကျိုးသွားအောင် တိုက်ပိတ်ခြင်း၊ ကိုကိုးကျွန်း ပို့ခြင်းကဲ့သို့ လူမဆန်စွာ နှိပ်စက်ခဲ့ သည်။ ကျွန်တော်တို့ တောထဲရောက်ချိန်တွင် ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း၊ ကိုကိုးကျွန်းပြန် ကိုမောင်မောင်တိတ်နှင့် တွေ့ဆုံ ရသည်။

ကိုဌေးအောင်၊ ဗဒိုမန်းငြိမ်းမောင်တို့ကဲ့သို့ လူပုဂ္ဂိုလ်များဖြစ်သည်။ သူတို့တွင် စစ်ကြောရေး ဝင်စဉ်နှင့် ထောင်တွင်းဖိနှိပ် နှိပ်စက်မှုများ ကြောင့် Trauma ခေါ် စိတ်ဒဏ်ရာများရှိသည်။ ဗဒိုမန်းငြိမ်းမောင်ဆိုလျှင် တပ်မဟာ ၆ တွင် DAB စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့သေးသည်။

သူ၏စိတ်လှုပ်ရှားမှုများကြောင့် သူကို ဂေါက် နေသည်ဟုထင်ကြသည်။ သူ ကိုင်တာက ရှား ရှားပါးပါး ဒင်ခေါက်ကာဘိုင် ဖြစ်သည်။ သူကို ဂေါက်ကာဘိုင်ဟု ကွယ်ရာတွင် နောက်ပြောင် ကြသည်။ လောခွါးလူဗဟိုတွင် နေဝန်းနီနီသီချင်း အခွေအတွက် အသံသွင်းစဉ်က ဗဒိုမန်းငြိမ်းမောင် ရောက်လာကာ အတိတ်က ထောင်တွင်းအ ကြောင်းအရာများကိုပြန်သတိရကာ တော်တော် လေး စိတ်ထိခိုက်သွားသဖြင့် ဦးအောင်ထူးက ခုံတန်းတစ်ခုမှာ ခဏအနားယူခိုင်းခဲ့ရသည်။ ထို့ အတူ ကျွန်တော်တို့နှင့် အနီးကပ်နေထိုင်ခဲ့သူ သံ လွင်ဖခင်ကြီး ကိုတိတ်ဆိုလျှင်လည်း ရိုးသား တက်ကြွသလောက် စိတ်လှုပ်ရှားတတ်သည်။ စိတ်ဆိုး ဒေါသထွက်လွယ်သည်။ သူတို့မှာ စိတ်ဒဏ်ရာများ ရှိနေသည်။ ကျွန်တော်၊ ကျော် ကြီး၊ ဟန်ကြီး၊ ခေါ်ကြီး ကြီးသုံးကြီးကို သား သမီးလိုချစ်ခင်စောင့်ရှောက်ခဲ့သူ ဆရာဦးတင်ရွှေ (ဗဟိုတရား သူကြီးဥက္ကဋ္ဌ) ဆိုလျှင်လည်း ၇၀ ခုနှစ်ကမော်လမြိုင်ထောင်တွင် ထောင်ကျခဲ့ သည်။ စစ်ကြောရေးခံခဲ့ရသည်။ ဆရာဦးတင်ရွှေ သည် ငယ်စဉ်ကတည်းက မျက်မှန်တပ်ရသူ ဖြစ်သည်။ စစ်ထောက်လှမ်းရေးများ မျက်မှန် ကျွတ်ကျအောင်ကို ရိုက်နှက်ခံခဲ့ရသည် ဆရာ တင်ရွှေတွင်လည်း စိတ်ဒဏ်ရာများရှိသည်ကို သတိထားမိသည်။

နိုင်ငံတစ်နိုင်ငံတွင် စနစ်ဆိုးတစ်ခု အမြစ် တွယ်ရှင်သန်နေချိန်တွင် ပခုံးနှစ်ဖက်ကြား ခေါင်း ပေါက်သည့် လူသားချင်း လူမဆန်စွာ ဖိနှိပ်ရက် စက်မှုများ ရှိတတ်သည်မှာ နိယာမဖြစ်သည်။ ထို ဒဏ်ကို မျိုးဆက်နှင့်ချီပြီးခံရတတ်သည်။ ကျွန် တော်တို့ တောခိုမည်ဆိုကတည်းက သေမင်းနှုတ် ခမ်း လမ်းလျှောက်ရခြင်းဖြစ်သည်။ ကျွန်တော့် အဖိုးသည် သူမသေခင်ကတည်းကသူဘာသာသူ သရဏဂုဏ် တင်သွားသည်။ ကျွန်တော်လည်း တောခိုကတည်းက ကိုယ့်ကိုယ်ကိုယ် သရဏ ဂုဏ်တင်ထားလိုက်သည်။ ကျွန်တော်တို့တောထဲ ရောက်ခါစတွင် ကေအင်ယူခေါင်းဆောင်တစ်ဦး က တောထဲမှာ ထောင်တော့ မရှိဘူး၊ ထောင်းပဲရှိ တယ်ဟု လက်ကလည်း သေနတ်ပစ်သည့်ပုံစံနှင့် ပြောပြသည်။ ဆိုလိုသည်မှာ မဟာမိတ်များသတ် ၍ သေသူများရှိသလို ကိုယ်အချင်းချင်းသတ်လို့ သေသူများလည်းရှိသည်။ တိုက်ပွဲကျသွားသူ များလည်းရှိသည်။ လှေမှောက်၊ သစ်ပင်ပိ၊ မိုင်းထိသေသူများလည်းရှိ၊ ထိုင်းတပ်က သတ်လို့ သေသူများလည်းရှိသည်။ တောခိုသူပုန် လုပ်သူ များအတွက် သေခြင်းတရားသည် နီးနီးကပ်ကပ် ရှိသည်။ ကျွန်တော်တို့သည် ခေတ်စနစ်ကိုပြောင်း လဲဖို့ကြိုးစားရင်း ခေတ်၏ သားကောင်းများဖြစ် အောင်ကြိုးစားရင်း ခေတ်စနစ်၏ သားကောင် များ ဖြစ်ခဲ့ရသူများ ရှိသည်။ ကျွန်တော်သည် တောင်ဘက်စစ်ကြောရေးစခန်း တွင် တာဝန်ယူ ခဲ့ရသည်။ ကျွန်တော်က အရေးပါချင်လို့ထင် ပေါ်ချင်လို့ ယင်းတာဝန်ကို ယူခဲ့ခြင်းမဟုတ်။ ကျွန်တော်ကိုယုံကြည်၍ တာဝန်ပေးခြင်း ဖြစ် သည်ဟု ခံယူ၍ တာဝန်ကျေပွန်အောင် ထမ်းခဲ့ သည်။ ကိုစိုးလင်းတို့၊ ကိုနေဝင်းအောင်တို့ကို တာဝန်ယူထိန်းသိမ်းရသည်။ စစ်ကြောရသည် စစ်ကြောရေးဝင်ချိန်တွင် သူတို့ရိုက်နှက်ခဲ့သည်။ ကျွန်တော် ခေတ်က သင်ကြားပေးသည့် ကြား ဖူးနားဝနည်းလမ်းများ အသုံးပြုခဲ့သည်။ မြေ တိုက်ထဲ ပိတ်လှောင်ခဲ့သည်။ စစ်ကြောစဉ် ထမင်းလျှော့ကြွေးသည်။ အမှန်တော့သူတို့နှင့် ပုဂ္ဂိုလ်ရေး ပြဿနာဟူ၍ မြူမှုန်မျှပင်မရှိ သစ္စာ ဆိုလို့ရသည်။ ကိုနေဝင်းအောင်နှင့်ဆို ခင်မင် ရင်းနှီးသည်။ ပုဂ္ဂိုလ်ရေးအရ အပြန်အလှန် သံ ယောဇဉ်ရှိသည်။

သူတို့ကိုကျွန်တော်တို့ ဖမ်းဆီး ခြင်းသည် သံသယအရ ဖမ်းဆီးခြင်းမဟုတ်ဘဲ ယုံကြည်လောက်သည့် ကွင်းဆက် ဆက်စပ်ဖော် ထုတ်ချက်အရသာ ဖမ်းဆီးခြင်းဖြစ်သည်။ ကိုစိုး လင်းတို့၊ ကိုနေဝင်းအောင်တို့သည် ကျွန်တော် ပြိုင်ဘက်လည်းမဟုတ် မနာလိုစရာမရှိ၊ နေရာ လုစရာ အာဏာလုစရာမလိုပေ။ ကိုနေဝင်း အောင်ကို ရိုက်နက်ရသည်မှာ ကျွန်တော့်အတွက် ခက်ခဲလွန်းပါသည်။ ဘာကြောင့် ရိုက်သလဲဟု မေးလျှင် လိမ်လို့ရိုက်မိသည်ကို ပြန်မှတ်မိသည်။ သူ၏ဇနီးသည်ကို ကိုနေဝင်းအောင်၏ ပြောဆို ထွက်ချက်များ ချိန်ညှိချိန်ကိုက်စစ်ဆေးရာတွင် အဲဒီအချိန်တုန်းက ကိုနေဝင်းအောင်ကို လိမ် သူဟု ကောက်ချက်ချထားမိသည်။ တကယ် တော့ သူဇနီးလည်းမေ့နေနိုင်သည်ဟု မတွေးမိခဲ့။ အဲဒီအတွက် လိမ်စရာမဟုတ်တာကို လိမ်သည် ဟုဆိုကာ ရိုက်နက်ခြင်းဖြစ်သည်။

တကယ်တော့ မြောက်ပိုင်းကိစ္စအပါအဝင် ကျွန်တော်တို့အဖွဲ့တွင်း ဖြစ်ပျက်ခဲ့သည့် ပဉ္စမတပ် သားကိစ္စများသည် သဘာဝကျကျ ရှိနေနိုင်ပါ သည်။ ကျွန်တော်တစ်ဦးတည်းအနေဖြင့် အ ထက်ပါဆိုခဲ့သလို သူတ့ိုကိုလူပုဂ္ဂိုလ်အရ ပြဿ နာမရှိသလို အဂတိတရားလေးပါးဖြစ်သော ဒေါသဂတိ၊ မောဟဂတိ၊ ဆန္ဒဂတိ၊ ဘယာဂတိ လေးပါးကင်းခဲ့ပါသည်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရ လျှင်တော့ တပ်တည်ဆောက်ရေး ပျက်စီးမှာ၊ တော်လှန်ရေးပြိုပျက်မှာ စိုးရိမ်သည့် ဘယာဂ တိသာရှိပါသည်။ ကျွန်တော့်တွင် ခံယူချက်တစ်ခု တော့ရှိသည်။ ရန်သူကိုအနိုင်လိုချင်လျှင် ရန်သူ ထက်သာသည့် အတွေးအခေါ်လုပ်ဟန်များဖြင့် အနိုင်ယူရမည်ဆိုသော ခံယူချက် ဖြစ်ပါသည်။ ရန်သူက သဘောထားသေးလျှင် ကိုယ်က သဘောထားကြီးရမည်။ ရန်သူကရိုင်းလျှင် ကိုယ် က ယဉ်ကျေးရမည်။ ရန်သူက ခက်ထန်လျှင် ကိုယ်က သိမ်မွေ့ရမည်ဟု ခံယူကျင့်သုံးခဲ့ပါသည်။ အထူးသဖြင့် ကျွန်တော်တို့၏ ကျောင်းသားသူ ပုန်ဘ၀ အတွေ့အကြုံများသည် ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုခက်ခဲ ကြမ်းတမ်းပါသည်။ ရိုင်းစိုင်းခက်ထန်ပါသည်။ စိတ်ပင်မကူးဘူးသော အခက်အခဲများကို အခြေခံ စစ်သင်တန်းတက်စဉ် ကပင်ကြုံတွေ့ခဲ့ရပါသည်။ ကျွန်တော်တို့ အများစု သည် တာဝန်ပေးလျှင် လုပ်ကြရပါသည်။

ဒီမိုကရေစီ ကျင့်စဉ်အရ အောက်ခြေမှ ဗဟိုကော်မတီ၊ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ စစ်ကော်မရှင် အဆင့်ဆင့်အထိ တာဝန်ခံမှု တာ ဝန်ယူမှုရှိအောင် အဖွဲ့အစည်းကို တည်ဆောက် ထားခြင်းဖြစ်၍ ပေးအပ်သည့်တာဝန်ကို ရှောင် လွှဲမရပါ။ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရာတွင် အားနည်းချက်များ ရှိနိုင် ပါသည်။ ယင်းအားနည်းချက်များသည် အတွေ့ အကြုံနည်း၍ မကျွမ်းကျင်၍သာဖြစ်ပြီး စိတ် ယုတ် စိတ်ပုတ်များကြောင့်မဟုတ်ဟု နားလည်မိ ပါသည်။ အထူးသဖြင့် မြောက်ပိုင်းကိစ္စသည် ကျွန်တော်တို့ တစ်ဖွဲ့လုံးအတွက် စိတ်ထိခိုက်စရာ စိတ်ဒဏ်ရာ ကြီးကြီးမားမားရစေခဲ့ပါသည်။ မိ သားစုလိုက်ကို စိတ်ဒဏ်ရာများ နှစ်ပေါင်းများစွာ ရှိနိုင်သည့် ဖြစ်စဉ်ကြီးဖြစ်ပါသည်။ ကျဆုံးသွား သူများရော ကျန်ရစ်သူများပါ ဘဝပျက်ခဲ့ကြရပါ သည်။ အမှန်တကယ် ဘာဖြစ်ခဲ့သည်ကိုတော့ နားလည်ဖို့ တောတွင်းဖြတ်သန်းမှုမရှိဘဲ နား လည် သဘောပေါက်ဖို့ခက်ပါသည်။ အထူးသဖြင့် စနစ်ဆိုးတစ်ခု ကြီးစိုးချိန်တွင် နစ်နာဆုံးရှုံးဆုံးမှုများရှိပါသည်။ သူနစ်နာသည် ငါနစ်နာသည်။ သူတို့နစ်နာသည် ငါတို့နစ်နာသည် ဆိုတာထက် တိုင်းပြည်က ပိုနစ်နာပါသည်။

ကျွန်တော် တစ်ဦး တည်းအတွက် ကျွန်တော့်ခေတ်တွင် လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့သည်။ ထို့အတွက် ရင် ဆိုင်စရာ ရှိသည်များကို ရင်ဆိုင်သွားနိုင်ပါသည်။ တော်လှန်ရေးသမား တစ်ဦး၏ တြိသီလတရား သုံးပါးဖြစ်သော ငွေ၊ အာဏာ၊ ကျော်ကြားမှုများ အတွက် လုပ်ခဲ့တာ တစ်ခုမှမရှိပါ။ ထိုအတွက် လည်း ကျွန်တော်တို့ မကဒတ အနေဖြင့် အမှန် တရားနှင့် ပြန်လည်သင့်မြတ်ရေးဆိုသည့် အယူ အဆနှင့်လုပ်ဟန်ကို နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ လေ့လာ သင်ယူစေခဲ့ပါသည်။

အထူးသဖြင့် တောင်အာဖရိကနိုင်ငံ အသွင် ကူးပြောင်းရေးကာလတရားမျှတမှုနှင့် အမှန် တရား ဖော်ထုတ်ရေးအကြောင်းကို လေ့လာ သင်ယူစေခဲ့ပါသည်။ တောင်အာဖရိကနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် အမှန်တရားဖော် ထုတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကော်မရှင် ၏အခန်းကဏ္ဍကို အဓိကကျသည်ဟုထင်ပါ သည်။ ယင်းကော်မရှင်သည် တောင်အာဖရိက နိုင်ငံမှာ လူဖြူများ၏ အသားအရောင် ခွဲခြား ဆက်ဆံသည့်စနစ် Apartheid ကို တရားဝင် ဖျက်သိမ်းပြီးနောက်ပိုင်း ၁၉၉၅ ခုနှစ်မှာ ပြဋ္ဌာန်း ခဲ့သည့် အမျိုးသားညီညွတ်ရေးနှင့် ပြန်လည်ရင် ကြားစေ့ရေးအက်ဥပဒေ နံပါတ် ၃၄ အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကော်မရှင်အောက်တွင် ကော်မတီ ၃ ခု၏ ဆောင်ရွက်ချက်များမှတစ်ဆင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည်။ ယင်းကော်မတီများမှာ ၁။ လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာကော်မတီ ၁၉၆၀ခုနှစ် နဲ့ ၁၉၉၄ ခုနှစ်ကြား ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုများ စုံစမ်းစစ်ဆေးတဲ့ကော်မတီ၊ ၂။ ပြန်လည်ပြုပြင်ရေးနှင့် ပြန်လည်ပြုစုပျိုးထောင် ရေးကော်မတီ လူ့အခွင့်အရေးချိုးဖောက်ခံရသူ များ၏ဂုဏ်သိက္ခာကို ပြန်ဆည်ပေးရန်နှင့် သူတို့ ဘ၀ ပြန်လည်ထူထောင်ရေးမှာ အကူအညီ ပေးရန် အဆိုပြုချက်များကို ရေးဆွဲချမှတ်ပေးတာ ကိုဆောင်ရွက်သည့်ကော်မတီ၊ ၃။ လွတ်ငြိမ်းချမ်း သာခွင့်ကော်မတီ ပြဋ္ဌာန်းထားသည့် အက်ဥပဒေ အရ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူ တစ်ယောက်ချင်း ၏လျှောက်ထားချက်ကိုဆုံးဖြတ်ပေးသည့် ကော် မတီတို့ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာကော်မတီနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကော် မတီတို့သည် တစ်နိုင်ငံလုံးအနှံ့ မြို့ကြီးများမှာ သာမက ကျေးလက်များမှာပါ လူထုကြားနာမှု များ လုပ်ခဲ့ကြသည်။

ဤကဲ့သို့လူထုကြားနာမှု များကို သတင်းမီဒီယာများကတစ်ဆင့် လူထုကြီး ပါ သိလာအောင် သတင်းမီဒီယာများကို ထုတ် လွှင့်ခွင့်ပြုရေးအတွက်လည်း အစိုးရမဟုတ်သည့် အဖွဲ့အစည်း NGO ၂၃ ဖွဲ့က တောင်းဆိုစည်းရုံး လှုပ်ရှားခဲ့ရသည်။ တရားဝင် စာရင်းအရ လူ့အ ခွင့်အရေးချိုးဖောက်ခံခဲ့ရသူ ၂၂၀၀၀ ကျော်သည် သူတို့၏ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရမှုနှင့် ပတ်သက်သည့် တင်ပြချက်များကို အမှန်တရား ဖော်ထုတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးကော် မရှင်ကို တင်ပြခဲ့ကြသည်ဟု သိရသည်။

လူထုကြားနာမှုများမှာ နိုင်ငံရေး ရည်ရွယ် ချက်နှင့်လုပ်ခဲ့သည့် ဆိုးရွားသောရာဇဝတ်မှုများ ကို ကျူးလွန်ခဲ့သူက သူကျူးလွန်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး အပြည့်အစုံ ဖော်ထုတ်ဝန်ခံရပါ သည်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ် နေသည့် မြန်မာနိုင်ငံအတွက်လည်း သင်ခန်းစာ ယူဖို့ကောင်းပါသည်။ တောင်အာဖရိကနိုင်ငံကဲ့သို့ ပင် လိုင်ဘေးရီးယားနိုင်ငံ၊ ဆီရာလီယွန်းနိုင်ငံ၊ ဂါနာနိုင်ငံ၊ ပီရူးနိုင်ငံ၊ အရှေ့တီမောနိုင်ငံနှင့် သီရိ လင်္ကာနိုင်ငံများမှာလည်း အမှန်တရားဖော်ထုတ် ရေးနှင့်ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်များ ဖွဲ့စည်းပြီး အတိတ်က အာဏာရှင်အစိုးရလက် အောက် လူ့အခွင့်အရေး ချိုးဖောက်ခံရ၍ ကျန် ရစ်ခံစားနေရသည့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာ ဒဏ်ရာဒဏ်ချက်များကို အတတ်နိုင်ဆုံး ကုစားပေးရန်၊ ပြန်လည်ပြုစုပျိုးထောင်နိုင်ရန် လုပ်ခဲ့ကြသည်။ အထူးသဖြင့် ကျွန်တော်တို့ မြောက်ပိုင်းကိစ္စ အပါအဝင် ကျွန်တော်တို့ ကျောင်းသားသူပုန်ဘ၀ နိုင်ငံရေးအတွေ့အကြုံ များမှာ သိမ့်မွေသည့်ပြဿနာဖြစ်ပါသည်။ အ ထူးသဖြင့် နစ်နာသူများ၊ ဘဝပျက်ခဲ့သူများ အသက်ရှုံးခဲ့သူများရှိသဖြင့် အပေါ်ယံ တစ်စွန်း တစ်စဖြင့် နိဂုံးမချုပ်သင့်ပဲ သေသေချာချာလေ့ လာပြီး သင်ခန်းစာယူနိုင်လျှင် နောင်လာ နောင် သားများအတွက် ပိုကောင်းမည်ဟုထင်ပါသည်။

Written by – မာန်လုငယ်

Advertisements
<

Leave a Reply