စစ်ရေးသည် နိုင်ငံရေး၏ အဆက်ဖြစ် ကြောင်း ဂျာမန်စစ်ပါရဂူ ကလော့ဝစ်ကပြော တာဖတ်ဖူးသည်။ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရခြင်း စစ်တိုက်နေရခြင်းသည် နိုင်ငံရေး ရည်မှန်းချက်ကြောင့်ဖြစ်သည်။ ကျွန်တော်တို့၏ မွေးရာပါ အခွင့်အရေးများဖြစ်သော အခြေခံ လူအခွင့်အရေးများအတွက် ဒီမိုကရေ စီရေး ခုခံစစ်ကို ဆင်နွဲနေကြခြင်း ဖြစ်သည်။ အ မှန်တိုင်း ဝန်ခံရလျှင် ကျွန်တော်တို့ခေတ်ကျောင်း သား သူပုန်အများစုသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိတ်ကို အားကျကြ သည်။ ရဲဘော်သုံးကျိတ်ကဲ့သို့ပင် ဂျပန်သွား ဟိုင်နန် ထိုင်ဝမ်ကျွန်း တွင် စစ်ပညာသင်သကဲ့သို့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းထံတွင် စစ်ပညာသင် လက်နက်တပ်ဆင်ပြီးလျှင် မြို့ သိမ်းတိုက်ပွဲများ ဆင်နွဲကြမည်ဟု စိတ်ကူးယဉ် ခဲ့ကြသည်။

တကယ်တော့ တော်လှန်စစ် ခရီး သည် ရေရှည်စစ်ဖြစ်သည်။ မိမိတပ်ကို မိမိတည် ဆောက်ရသည်။ လူထုကို စည်းရုံးရသည်။ လူထုကို ထောက်ခံလာအောင် စည်းရုံးရသည်မှာ မခက်ခဲ။ လက်နက်ကိုင် တိုက်ပွဲထဲကို ပြည်သူများကိုယ်တိုင်ကိုယ်ကျ ပါဝင်လာဖို့တော့ခက်ခဲလွန်းသည်။ပြည်သူက လူထုက ကျွန်တော်တို့သနား ကရုဏာစိတ်ဖြင့် ထောက်ခံပြီး ဖြစ်သည်။ အမိုးများက ကျွန်တော်တို့ပြောသည့် ဖိုးခွားတို့ ဘာလို့ စစ်တိုက်နေမလဲ နေဝင်းတို့၊ စောမောင် တို့၊ သန်းရွှေတို့က အသက်ကြီးပြီ သူအလိုလိုသေ သွားလိမ့်မယ် ဖိုးခွားတို့ဘာလို့ အပင်ပန်းခံနေလဲ အမိုးတို့နဲ့ နေဟု ပြောဆိုမှုများပင်ရှိသည်။ ကျွန် တော်ဆိုလိုသည်မှာ မြို့ပြလူထုကော နယ်စပ် တောင်တန်းဒေသက လူထုကပါ ကျွန်တော်တို့ ရှစ်ဆယ်ရှစ် ကျောင်းသားများကို ထောက်ခံခဲ့ကြ သည်။

ကျွန်တော်၏ အဓိက ပြဿနာမှာလက် နက်ကိုင် တော်လှန်ရေးအတွင်းသို့ ပြည်သူလူထု ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာရန် ခက်ခဲနေသည်။ အထူးသဖြင့် ကျွန်တော်တို့တွင် လူအင်အားနှင့် စိတ်ဓါတ်အင်အား ရှိသော်လည်း လက်နက်တပ် ဆင်ရန် ခက်ခဲနေသည်။ အထူးသဖြင့် News World Order ကမ္ဘာနိုင်ငံ အနေအထားသည် ပြောင်းလဲသွားသည်။ ဘာလင်တံတိုင်း ပြိုကျ သွားသည်။ လက်နက်အသင့် ငြိမ်းချမ်းသော စစ်အေးခေတ် ကုန်ဆုံးသွားသည်။ အနောက် အုပ်စုနှင့် အရှေ့အုပ်စုက အပြိုင်အဆိုင်လက်နက် ထောက်ပံမှုများ မရှိနိုင်တော့ပေ။ အီရန်ကွန်ထ ရာ အရှုပ်တော်ပုံသည် နောက်ဆုံးဖြစ်မည်ဟု ထင်သည်။

ဆိုသည်မှာ ကျွန်တော်တို့ အတွက် စစ်သင်တန်း တက်ပြီးလျှင်တောင် လက်နက်ရ ရှိဖို့ခက်ခဲနေသည်။ အထူးသဖြင့် တော်လှန်စစ် ခရီးစဉ်သည် ရေရှည်စစ်ဟုကျွန်တော်တို့ နားမ လည် သဘောမပေါက်သေးသဖြင့် စစ်သင်တန်း တက် လက်နက်တပ်ဆင်ပြီး တိုက်ပွဲဝင်မည့် စိတ်ကူးကို တိုင်းရင်းသားများက မယုံကြည်ရေ ရှည်စစ်အမြင် မရှိသဖြင့်ကျွန်တော်တို့ သောင်း ဂဏန်းနှင့် ချီသောလူအုပ်ကြီးသည် တဖြည်း ဖြည်း လျှော့သွားရသည်။

ရေရှည်စစ်ဆိုသည် ကို စစ်ပွဲများသည် တာမရှည်သင့်ဟု မြင်သူများ ရပ်ခံဆွေးနွေးသူများလည်းရှိသည်။ တကယ် တော့ တော်လှန်ရေးသည် ကြွေတလှည့် ကြက် တခုန်ကိစ္စမဟုတ် မိမိတပ်ကို မိမိတည်ဆောက်ရ သည်။ အရေအတွက်မှ အရည်အချင်းသို့ ကူး ပြောင်းသည့် သဘာဝအတိုင်း သောင်းနှင့်ချီ သော လူအရေအတွက်သည် လျှော့ကျလာ သည်။ တော်လှန်ရေး၏ ပင်ပန်းဆင်းရဲမှုဒဏ်၊ ရေရှည်ရှင်သန် ရပ်တည်ရေး သည်ခက်ခဲလာ သည်ဒဏ်၊ အထူးသဖြင့် သားသမီးများ၏ ကျန်း မာရေးပညာရေး စဉ်းစားလာကြသည်။ ကျွန် တော်တို့ အများစုအတွက် ဒေသခံတိုင်းရင်း သားများကဲ့သို့ တောင်ယာခုတ်မျှစ်ချိုး၊ ဝဥတု တူးရှင်သန်ရန် လက်တွေ့မကျ။ လူထုကိုစည်းရုံး ရသည်။ လူထုစည်းရုံးရေး ခက်ခဲသည်။အထူးသ ဖြင့် ကျွန်တော်တို့နှင့် တိုက်နေသော ရန်သူသည် ကိုယ့် အမျိုးသားချင်းဖြစ်သည်။ ကုလားဖြူ ကုလားမဲ ဗြိတိသျှများကို တိုက်ထုတ်သလိုမရ၊ ဖက်ဆစ်ဂျပန်များ တိုကျိုပြန်လုပ်လို့မရ။ ထို့အ တူရန်သူကလည်း ကျွန်တော်တို့၏ အခိုင်အမာ မော်ဖိုးကေ၊ ဖလူး၊ ဝမ်းခါ၊ မာနယ်ပလောကဲ့သို့ အခိုင်အမာစခန်းများ သိမ်းပိုက်နိုင်ခဲ့သော်လည်း နှစ်ပေါင်း ၅၀နီးပါအထိ အပြုတ်မတိုက်နိုင်။ နှိုင်း ယှဉ်ချက်အရဆိုလျှင် ကျွန်တော်တို့ဘက်ကလက် နက်ချအညံခံသူအရေအတွက် သူတို့ဘက်ကူး ပြောင်းလာသူကို နှိုင်းယှဉ်ကြည့်လျှင် သူတို့ ဘက်က ကူးပြောင်းလာသူ ပိုများသည်။ တစ် နည်းအားဖြင့် ဖိနှိပ်မှုကြီးလေလေ ဆန့်ကျင့် တော်လှန်သူ များလေလေဖြစ်လာသည်။

တကယ်တန်း နိုင်ငံရေးပြဿနာအခြေခံကို ဆွေး နွေး ညှိနှိုင်းရမည့်အစား စစ်တိုက်နေရခြင်းသည် အမိန့်ပေးဖို့ ခက်လာသည်။ စကားပြောဆွေးနွေး ပွဲတက်ရန် စစ်ရေးနည်းလမ်းဖြင့် ဖိအားပေးနေ ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် ရေရှည်တွင် ခက်ခဲသည်။အထူးသဖြင့် စခန်း များကုန်းများကို အသက်စွန့် တိုက်ယူပြီးသော် လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အမြစ်မပြတ် ပိုအားကောင်းလာသည်။ နိုင်ငံရေး အရ သိက္ခာတက်လာသည်။

၈၈တွင် အာဏာ သိမ်းခဲ့သောအစိုးရသည် ငွေအား၊ လက်နက်၊ လူအင်အားကြောင့် လမ်းဖောက် တံတား ဆောက် ဆည်ဖို့လုပ်ငန်းများကို လုပ်ကိုင်နိုင် သော်လည်း ပြည်သူလူထု၏ ယုံကြည်ထောက် ခံမှုမရသလို နိုင်ငံတကာ၏ ယုံကြည်ထောက်ခံမှု မရဘဲ စီးပွားရေးပိတ်ဆို့ခြင်းကဲ့သို့ ပြစ်ဒဏ်ခံ ခြင်း ရှုပ်ချခြင်းသာ ခံနေရသည်။ Legitimacy မရှိသည့် အစိုးရဖြစ်သည်။ စစ်အစိုးရကနိုင်ငံရေး အရ အားနည်းနေသော်လည်း ကျွန်တော်တို့ အနေဖြင့် BIA ခေတ်ကကဲ့သို့ မြို့သိမ်းတိုက်ပွဲ များဆင်နွဲရန် မဖြစ်နိုင်တော့ခြေ ဆုတ်ပေးရင်း ဆုတ်ပေးရင်းဖြင့် ထိုင်းနိုင်ငံထဲ ရောက်နေပြီ။ ထို့အတွက် နိုင်ငံရေး တိုက်ပွဲများအတွက်ပြင် ဆင်ကြသည်။ ကျွန်တော်တို့ ကျောင်းသားတပ်မ တော်၏ အားကောင်းချက် တစ်ခုမှာ ညီလာခံ ခေါ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်နိုင်ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောင်းလဲလာသော နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်းအခြေအနေ ပေါ်မူတည်ပြီး ကျွန်တော်တို့၏ ရှေ့ဆက်သွားမည့် နိုင်ငံရေး လုပ်ငန်းစဉ်များ ချမှတ်နိုင်ကြခြင်းဖြစ် သည်။ ပြောင်းလွယ် ပြင်လွယ်ရှိသည်။ ညီလာခံ ၏ ဆုံးဖြတ်ချက် အတော်တော်များများသည် ဒီမိုကရေစီ နည်းလမ်းကျသဖြင့် အဖွဲ့အစည်း သည် နှစ်ပေါင်း ၃၀ နီးပါ ရေရှည်စစ်ပွဲဆင်နွဲနိုင် ခြင်းဖြစ်သည်။ ကျွန်တော်တို့ထက် လူအင်အား၊ လက်နက်အင်အား၊ အဆများစွာသာလွန်သော စစ်အစိုးရကို ၂၅နှစ်ကျော် ဘက်ပြိုင်အံတုနိုင် ခြင်းမှာ လူထု ထောက်ခံမှုကြောင့်ဖြစ်သည်။

ကျွန်တော်တို့ကို ပြည်တွင်းလူထုကသာမကနိုင်ငံ တကာမိသားစုကလည်း ထောက်ခံသည်။ Over sea Burmeseဆိုသည့် နိုင်ငံခြားသို့အကြောင်း မျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာများက လည်း ထောက်ပံကူညီသည်။ ကျွန်တော်တို့ကို ကူညီ စေချင်သည့်အကြောင်းတွင် နိုင်ငံရေးအရ မှန်ကန်၍ဖြစ်သည်။ ကိုယ်ကျိုးမဖက်၍ဖြစ်သည်။ ကျွန်တော်တို့သည် လစာမရှိ၊ ကွန်တိုင်းမရှိ၊ ရာရှင်မရှိဘဲ နှစ်ပေါင်းများစွာ ရပ်တည်နေနိုင်ခဲ့ သည်။ တချို့က တတိယနိုင်ငံများသို့ ထွက် သွားသော်လည်း ကျွန်တော် ရပ်ခံနေခြင်းမှာ နိုင်ငံရေး အသိကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ တွင် အပြောင်းအလဲ ဖြစ်ပေါ်ရမည်ဆိုသော ယုံကြည်ချက် ဖြစ်သည်။ အထူးသဖြင့် ကျွန် တော်တို့ တော်လှန်စစ်သည် ပြောက်ကျားစစ် ဖြစ်သည်။ ရေသောက်မြစ် သုံးသွယ်ပင်မသ ဘောတရားအရ အရာရာသည် ပြောင်းလဲနေ သည်။ ယင်းသို့ ပြောင်းလဲရာတွင် အရေအ တွက်မှ အရည်အချင်းသို့ ပြောင်းလဲသည်။ ပြောင်းလဲမှုတိုင်းသည် အတွင်း ပဋိပက္ခကြောင့် ဖြစ်သည်ဟု လေ့လာဖူးသည်။ ကျွန်တော်နှင့် အတူနေ ရဲဘော်များကိုလည်း ကျွန်တော်လေ့ လာမိသလောက် ရှင်းပြလေ့ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးခါစ တောစခိုချိန်တွင် ကျွန် တော်တို့၏ တောခိုသူသောင်းနှင့်ချီသည်။ စစ် အစိုးရ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုကြောင့် ပြန်သွား သူများ နောက်ပိုင်း တတိယနိုင်ငံများသို့ရောက်သွားသူများလည်း ရှိသည်။ ကျွန်တော်တို့တွင် လူအင်အား လျှော့ကျလာသည်။ ကျွန်တေ်ာက တော့ အရေအတွက်မှ အရည်အချင်းသို့ပြောင်း လဲနေသည်ဟု မြင်သည်။ မက္ကဆီကိုတွင်ရဲဘော် ရှစ်ကျိတ် စစ်ပညာသင်ခဲ့သော ကက်စရိုတို့၏ ကျူးဘား တော်လှန်ရေးတွင် ကျူးဘားကမ်းအ ရောက် လူ ၇၀ ခန့်ချေမှုန်းခံပြီး ရဲဘော် ၁၂ ယောက်သာ ကျန်ပြီး ရိုင်ဖယ်က ၁၂ လက်သာ ကျန်သည်။ လူဆယ်နှစ်ယောက် ရိုင်ဖယ် ၁၂ လက်ဖြင့် ယုံကြည်ချက်အပြည့်ဖြင့်တော်လှန်ရာ ဘာတာစတာ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင် ကာ အောင်ပွဲခံခဲ့သည်။ ကျွန်တော်တို့ ကျောင်း သားသူပုန် အများစုသည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိတ်ကို အားကျသ လို ကစ္စထရိုတို့ ချေဂွေဗာရားတို့ကိုလည်း အား ကျသည်။ ကျွန်တော်တို့က ချေဂွေဗားရား၏ ပြောက်ကျား စစ်ကိုလည်း လေ့လာရေးစာစဉ် အဖြစ်စစ်ရုံးက ထုတ်ဝေခဲ့သေးသည်။ ထို့ပြင် အမိမြေလွတ်မြောက်ရေးအတွက်ဘဝတစ်လျှောက် လုံးစွန့်လွတ်စွန့်စားခဲ့သော ဦးလေးဟိုခေါ် ဟိုချီ မင်းကိုလည်း ကျွန်တော်တို့က အားကျသည်။

ဆိုလိုသည်မှာ ကျွန်တော်တို့သည် ဆူပူလိုသူ သောင်းကျန်းသူများမဟုတ် နိုင်ငံရေးခံယူချက် ဖြစ်သည့် ခေတ်စနစ်ကို ပြောင်းလဲလိုသူ များဖြစ်သည်။ ကျွန်တော်သည် ဓားကိုဓားချင်း လှံကိုလှံချင်း ရင်ဆိုင်လိုသူများဖြစ်သည်။ ကျွန် တော်တို့သည် စစ်သွေးကြွများ မဟုတ်ပါ။ ကျွန် တော်တို့၏ မွေးရာပါအခွင့်အရေးများ မောင်း ပြန်သေနတ်များဖြင့် လုယူ ဖိနှိပ်ခံရသဖြင့်မောင်း ပြန်သေနတ်များဖြင့် ခုခံသူများဖြစ်သည်။ ကျွန် တော်တို့ကို radical များဟု သတ်မှတ်တံဆိပ် ကပ်သူများလည်း ရှိသည်။ radical၏ အဓိပ္ပါယ် သည် အရင်းအမြစ်မှ တော်လှန်ပြောင်းလဲသူ များဖြစ်သည်ဟု ကျွန်တော် နားလည်သည်။ ကျွန်တော်တို့ လိုချင်သည်မှာ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ဖြစ်သည်။ ကျွန်တော်တို့ တိုက်ခိုက် နေသည်မှာ ကိုယ့်အမျိုးသားချင်းဖြစ်သည် သို့ သော် စစ်အာဏာရှင်များဖြစ်သည်။ စစ်အာဏာ ရှင်စနစ်၏ သဘောသဘာဝမှာ စစ်တပ်၊ စစ်ဗျုရို ကရေစီယန္တရားနှင့် စစ်ထောက်လှန်ရေးကို အ ခြေခံထားသည်။ စစ်တပ်သည် အထက်မှ အောက်သို့ အမိန့်စီဆင်းမှုနှင့် သွားသည့် အ ထက်မှ အမိန့်ကိုသာနာခံဖို့ဖြစ်သည်။ ဒီမိုကရေစီ က အောက်မှအထက်သို့ သွားသည်။ အောက် ခြေပြည်သူ လူထု၏ ဆန္ဒဖြင့် ခေါင်းဆောင်များ ကို တင်မြောက်သည်။ ဒီမိုကရေစီနှင့် စစ်အာ ဏာရှင်စနစ်သည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင့် တော်လှန်နေခြင်းဖြစ်သည်။ သို့သော် စစ်အာဏာရှင်များသည် ကိုယ့်အမျိုး သားခြင်း ဖြစ်နေပြန်သည်။ ထို့အတွက် အမျိုး သား ပြန်လည်သင့်မြတ်ရေးသည် မလွဲမသွေလို အပ်သည်။

လက်နက်အင်အားနှင့်အာဏာ လက်ရှိအစိုးရသည် အမျိုးသား ပြန်လည်သင့် မြတ်ရေးအတွက် အလွယ်တကူ ဆွေးနွေးမည်မ ဟုတ်။ သူဆွေးနွေးဘက် ဖြစ်လာအောင် ကျွန်တော်တို့တွင် အားရှိဖို့လိုသည်။ ဖိအားပေးနိုင်ဖို့လိုသည်။ ထို့အတွက် ကျွန်တော်တို့က တော်လှန်စစ်ခရီးကို ရေရှည်စစ်ဟု ခေါ်ခြင်းဖြစ်သည်။ ဓမ္မနှင့် အဓမ္မအားပြိုင်ရာတွင်ရေတိုအရမသိ သာနိုင်ပေ။ ကျွန်တော်တို့ နိုင်ငံရေးယုံကြည်ချက် မှန်ကန်သဖြင့် စစ်အုပ်စုသည် တဖြည်းဖြည်း အထီးကျန်လာသည်။ နောက်ဆုံး တွေ့ဆုံဆွေး နွေးလာရသည်။ ကျွန်တော်တို့တွင် လက်နက် အင်အား မပြည်စုံသော်လည်း နိုင်ငံရေးအရ တရားအရ မှန်ကန်သဖြင့် လူထုထောက်ခံမှုရှိ သည်။ လူထုက ဒီမိုကရေစီ လိုလားကြောင်း ၈၈တွင် ပြသသည်။ ၁၉၉၀ ပြည်ရွေးကောက်ပွဲ တွင် ပြသသည်။

၂၀၀၇ ရွှေဝါရောင် တော်လှန် ရေးတွင် ပြသည်။ ဘယ်သူ စပြောမှန်းမသိ မြန်မာနိုင်ငံရေးတွင် လူပြောများသည် သားသုံး သား အယူအဆဖြစ်သည်။ ၈၈တွင် သြဂုတ်လ တွင် ကျောင်းသားများက စသည်။ ၂၀၀၇တွင် စက်တင်ဘာတွင် ဘုရားသား သံဃာတော်များ က ရွှေဝါရောင်တော်လှန်ရေးစသည်။ နောက် ဆုံး ကျန်သည်မှာစစ်သားများ ကျန်သည်ဆိုသော အယူအဆဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် စစ်တပ်ပြိုကွဲမည်ကိုမလိုလား စစ်တပ်ပြု ပြင်ပြောင်းလဲရေးကိုသာ လိုလားသည်။ စစ်ရေး တိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲများ ကြောင့် စစ်အစိုးရသည် ပြောင်းလဲရသည်။ အ ထူးသဖြင့် ပြည်သူလူထုသည် စစ်ရေးတိုက်ပွဲ အတွင်း ကိုယ်တိုင်ကိုယ်ကျ မပါဝင်သော်လည်း ၂၀၁၅ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ၈၈၏ လိုလား တောင်းတခဲ့သော ဒီမိုကရေစီရေးအ တွက် NLD ပါတီကို ပြတ်ပြတ်သားသား ထောက်ခံပြခဲ့သည်။

စစ်အစိုးအရသည် စစ်အာ ဏာစနစ် တည်မြဲရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ ဖြင့် ရပ်ခံထားဆဲဖြစ်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောဖို့ ဆိုလျှင် တိုင်းရင်းသား ပြည်သူအပေါင်း လိုလားတောင်းတနေသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ဖို့ ဖြစ်သည်။ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်း သားများနှင့်ရော ဒီမိုကရေစီ အင်အားစုများ နှင့်ပါ သင်မြတ်ရေး ညီညွတ်ရေးတည်ဆောက်မှ ရပေလိမ့်မည်။ ကျွန်တော်တို့ကျောင်းသားများသည် အမိမြေလွတ်မြောက်ဖို့ အရိုးတွေတောင်လိုပုံရမည်ဆိုလျှင် ကျောင်းသားများ၏အရိုးသည် အောက်ဆုံးအလွှွှာမှာရှိနေလိမ့်မည်ဆိုသော ကို လိုနီခေတ် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်း မှုကာလ ကျောင်းသားခေါင်းဆောင် ကိုလှရွှေ ပြောခဲ့သည့်အတိုင်း စွန့်လွတ်အနစ်ခံဖို့ အသင့်ရှိ နေပါသည်။ အာဏာမလို တစ်မျိုးသား လုံးလွတ် မြောက်ဖို့လိုပါသည်။ တိုင်းရင်းသားများနှင့် နှစ် ပေါင်း ၃၀ နီးပါး အတူနေထိုင်ခဲ့သည့် ကျွန်တော်တို့သည် အပြောင်းအလဲသည် ကိုယ်တိုင်စတင်ရသည်။ ဥစ္စာလိုရင်ဥစ္စာခဲဆိုသည့်အတိုင်း မိမိတို့ လွတ်မြောက်ရေးအတွက် မိမိတို့ကိုယ် တိုင်အားထုတ်မှရမည်။ ပြည်သူသည် အခရာ ပြည်သူကသာ အရာရာဆုံးဖြတ်သည်။ ။

Leave a Reply