ချောင်းဆုံမြို့နယ်တွင် ယခင်ကထက် ယာဉ်အသွားအလာ နှစ်ဆမက မြင့်တက်လာ၍ ဒေသမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး ကြိုတင်စီစဉ်ထားရှိသင့်ကြောင်း ဒေသခံများပြောကြသည်။

“ချောင်းဆုံမြို့နယ်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) တံတားမဖွင့်ခင်ကာလက ဒေသအတွင်းက ယာဉ်တွေလောက်ပဲ  လမ်းတွေမှာ ပြေးဆွဲသွားလာနေတယ်၊ အခုတော့ ယာဉ်တွေကလည်း နှစ်ဆမက   အသွားအလာမြင့်တက်လာတယ် အရင်ကလိုကျောင်းသားတွေလမ်းတွေမှာ ပြန့်ကျဲနေလို့မဖြစ်တော့ဘူး ကျောင်းအတက်အဆင်း ယာဉ်အန္တရာယ်ကင်းဖို့အတွက်ကျေးရွာတွေမှာ အခုအချိန်ထိ ကြိုတင်ပြင်ဆင်မှုတွေမ မြင်သေးဘူး”ဟု ကညှော်ကျေးရွာ ရပ်မိရပ်ဖ ဦးလှထွန်းက ဆိုသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသူ၊ ကျောင်းသားများ အန္တရာယ်ကင်းစွာ လမ်းဖြတ်ကူးနိုင်ရေးအတွက် ကျောင်းများအနီးတွင် လူကူးမျဉ်းကြားများပြုလုပ်ခြင်း၊ အရှိန်လျော့မောင်းနှင်ရန် အမှတ်အသားများကိုလည်း ပြုလုပ်ထားစေလိုကြောင်း သက္ကောကျေးရွာမှ ဦးနိုင်က ဆိုသည်။

ကျောင်းသူ၊ ကျောင်းသားများ ယာဉ်အန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျေးရွာမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘအုပ်ထိန်းသူများ၊ ဆရာဆရာမများ၊ သက်ဆိုင်ရာ အပိုင်ရဲစခန်းများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျောင်းသွား/ကျောင်းပြန် အချိန်များတွင် အလှည့်ကျ ပါဝင်စောင့်ကြပ်စေလိုကြောင်း ချောင်းဆုံမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply