Advertisements

ချောင်းဆုံ ဇူလိုင်

ချောင်းဆုံမြို့နယ် ကညှော်- ကော့မုပွန်ကျေးရွာချင်းဆက် ကျွန်းသာယာလမ်းမှာ ယိုယွင်းပျက်စီးနေ၍ ပြုပြင်ပေးရန် လိုလားကြောင်း နယ်မြေခံတို့ကပြောသည်။

“လမ်းအရှည်က ၃ မိုင်နဲ့ ၇ဖာလုံနီးပါးရှိပါတယ် ။ ကတ္တရာလမ်းဆိုပေမယ့်လမ်းမှာချိုင့်ခွက်တွေကများနေတယ်။ တချို့ လမ်းပိုင်းဆိုရင်အတော်လေးကိုပျက်စီးနေတယ်အတွက် ကား၊ ဆိုင်ကယ်တွေသွားလာဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် ပြုပြင်စေချင်ပါတယ်” ဟု ကော့မုပွန်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်က ဆိုသည်။

ယင်းလမ်းပိုင်းကိုပြုပြင်ပေးနိုင်ရေး သက်ဆိုင်ရာဌာနသို့အသိပေး တင်ပြထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါလမ်းပိုင်းရှိ မခိုင်ခံ့တော့သည့်သစ်သားတံတားငယ်တစ်ခုကိုလည်း ပြုပြင်ရန် လိုအပ်နေကြောင်း ၎င်းကဆက်လက်ပြောသည်။

“အခုလိုမိုးကာလနဲ့ချိုင့်ခွက်တွေမှာရေဝပ်နေတဲ့အတွက်မပြုပြင်တာကြာလေပိုပြီးပျက်စီးလေဖြစ်လာနိုင်တယ်” ဟု ကော့မုပွန်ကျေးရွာအုပ်ချုပ်ရေးမှူးက ဖြည့်စွက်ပြောသည်။

ယင်းလမ်းပိုင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို လွန်ခဲ့သော ၅ နှစ်ကျော် ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သောလမ်းများဖြစ်ကြောင်း ဒေသခံများကလည်း ပြောသည်။

ဗိုလ်ချုပ် အောင်ဆန်းတံတား(ဘီလူးကျွန်း)ကို မဖွင့်ခင်အချိန်အထိ ပြင်ပဒေသနဲ့ချိတ်ဆက်သွားလာရာမှာ မော်လမြိုင်မြို့နဲ့ အချိန်တိုအတွင်းဆက်သွယ်သွားလာနိုင်တဲ့အတွက်   တစ်ကျွန်းလုံးက ဒေသခံတွေ အသုံးပြုခဲ့တဲ့အရေးပါတဲ့လမ်းတစ်ခု ဖြစ်ခဲ့တယ်။ အခုဒီလမ်းပိုင်း ပျက်စီးနေတယ်။သွားလာရေး အဆင်မပြေတဲ့အတွက် အချိန် တိုအတွင်းသွားလာရမယ့်အစားကော့မုပွန်- ဒေါင်းရပ်အရှေ့ –    ဒေါင်းရပ် အနောက် – မုဒွန်း –  ကညှော်ကျေးရွာချင်းဆက်လမ်းပိုင်းကို အချိန်ယူပြီး ကျောင်းတက်နေရတဲ့ကျောင်းသူ/ကျောင်းသားတွေ၊ဝန်ထမ်းတွေလည်း ရှိတယ်”ဟု ကော့မုပွန်ကျေးရွာ ဒေသခံဦးစိုးက ဆိုသည်။

ကညှော်-ကော့မုပွန်ကျေးရွာချင်းဆက် ကျွန်းသာယာလမ်းကို လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင်ပြုပြင်ရန် လျာထားပြီးဖြစ်ကြောင်း၊  ချောင်းဆုံမြို့နယ် ကျေးလက်လမ်းဦးစီးမှူး ဒေါ်အိအိခိုင်က ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply