ဘားအံ၊ မတ်လ ၂၂

ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအပြီး၌ ကြီးကြပ်ရေးကော်မတီတွင် ပါဝင်ခဲ့သည့် NLD ပါတီ တာဝန်ရှိသူများက ဘက်လိုက်ကာ မဲအနိုင်ရသူ ဦးငြိမ်းချမ်း၏ မဲရလဒ်ကို အတည်ပြုမပေးခဲ့ကြောင်း၊ ၎င်းကို ခန့်အပ်ပေးရန် ကျေးရွာဒေသခံများမှ ဆန္ဒထုတ်ဖော်မည့်အပေါ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနက ခွင့်မပြုခဲ့ကြောင်း၊ ယင်းသို့ ဘက်လိုက်ခဲ့မှုများကို ဖော်ထုတ်အရေးယူနိုင်စေရန် ကျေးရွာလူထုထံမှ ဆန္ဒပြုလက်မှတ်ကောက်ခံကာ ပြည်နယ်အစိုးရနှင့် နိုင်ငံတော်အစိုးရသို့ တင်ပြတိုင်ကြားသွားမည်ကြောင်း ယင်းနေ့က ရွေးချယ်ခံရသူ ဦးငြိမ်းချမ်းက ပြောသည်။

“မဲ အနိုင်ရလို့ အားလုံးလည်း လက်မှတ်ထိုးပြီး အသိအမှတ်ပြုပြီးပြီ။ ၂ရက်ကြာမှ သူတို့ တင်ချင်တဲ့သူ ရှုံးတာကို မကျေနပ်လို့ တိုင်တာပါ။ ၅ဦးကော်မတီမှာလည်း သူတို့ NLD ပါတီက ၃ယောက်တောင် ထည့်ဖွဲ့ထားတယ်။ ဒါပေမယ့် ဒီပွဲကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ရွေးချယ်အတည်ပြုပြီးတာကို ကျနော်တို့ရွာသားတွေကတော့ နောက်တစ်ခါ ထပ်မရွေးနိုင်ဘူး။ ကျနော်က ရွာက လူငယ်ခေါင်းဆောင် ပါ။ အခုခွင့်ပြုမိန့် တင်တယ်၊ ခွင့်မပြုဘူး၊ ညှိနှိုင်းပါတဲ့။ ကျနော်တို့တော့ ညှိနှိုင်းစရာ မရှိဘူး။ သူတို့ ဘာဆွေးနွေးမလဲ စောင့်ကြည့်နေသလို သူတို့ မသမာ ဘက်လိုက်တာကိုလည်း ပြည်နယ်အစိုးရလူကြီးတွေဆီကို ကျနော့်ကို ထောက်ခံတဲ့ ရွာသားတွေ အကုန်လုံး လက်မှတ်ထိုးပြီး တိုင်စာတင်ပြ တောင်းဆိုသွားမယ် ” ဟု ဦးငြိမ်းချမ်းက ဆိုသည်။

ယင်းရွေးချယ်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ကျေးရွာရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ရွေးချယ်ရေးကော်မတီဝင်(၅)ဦး ရှေ့မှောက်၌ ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ဦးငြိမ်းချမ်းက ပြိုင်ဘက် အုပ်ချုပ်ရေးမှူးလောင်းကို (၃၁)မဲအသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂ရက်အကြာတွင် မဲရလဒ်ကို အတည်မပြုနိုင်ဟု ဆိုကာ ကြီးကြပ်ရေးကော်မတီတွင် ပါဝင်သူ NLD ရပ်ကျေး တာဝန်ရှိသူက ဘားအံမြို့နယ်ထွေ/အုပ်ရုံးသို့တိုင်ကြားခဲ့ကြောင်း၊ တိုင်ကြားစာအရ ကော်မတီဝင် (၅)ဦးကို ခေါ်ယူမေးမြန်းခဲ့ရာ (၃)ဦးက တိုင်ကြားစာအတိုင်း မဲမှားယွင်းမှုရှိခဲ့သည်ဟု ဖြေကြားခဲ့ကြောင်း၊ သို့ဖြစ်၍ အုပ်ချုပ်ရေးမှူးကိစ္စ ပြန်လည်ညှိနှိုင်းကြရန် မြို့နယ်ထွေ/အုပ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံသိရှိရသည်။ ထုံးအိုင်စံပြကျေးရွာမှာ ရပ်ကွက် ၉ခု၊ အိမ်ထောင်စု ၂၁၀၀၊ အိမ်ခြေ ၁၈၅၃အိမ်ရှိပြီး ကျေးရွာအုပ်စုဝင် ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် မြို့အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများသာ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အစဉ်အဆက် ရွေးချယ်တင်မြှောက်ကာ အုပ်ချုပ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအပြင် ယခု အစိုးရသစ်လက်ထက်၌ အုပ်ချုပ်ရေးမှုးရွေးချယ်ရာတွင်လည်း NLD ပါတီ ရပ်ကျေး ဥက္ကဌ နှင့်အဖွဲ့များက အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ၅ ဦးကော်မတီတွင် NLDပါတီဘက်မှ ၃ဦးပါဝင်ကြီးကြပ်ခဲ့ကြောင်း၊ ရွေးချယ်ပွဲပြီးမှ မဲမသမာမှုများ ရှိနေကြောင်း ကော်မတီက တိုင်ကြားခဲ့သည့်အတွက် ပြန်လည်ရွေးချယ်ရန် မတ်လ ၁၄ရက်က ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကျေးရွာသူရွာသားများအကြား ဝေဖန်မှုများ မြင့်တက်နေကြောင်း ဒေသခံများက ထပ်မံပြောသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက”အဲဒီကိစ္စ ၅ဦးကော်မတီမှာ ပါတဲ့ ၃ယောက်က မဲမှားယွင်းတာ တွေ့ရှိကြောင်း ဝန်ခံတယ်။ နှစ်ယောက်က ပြန်ရွေးဖို့ကိစ္စကို လက်မခံဘူး ။ ပြိုင်တဲ့အချိန်တုန်းက နိုင်ခဲ့တဲ့သူက ၃၁မဲအသာနဲ့ နိုင်ခဲ့တယ်။ ဒါကို အမှားအယွင်းရှိတယ်လို့ တိုင်တော့ အခု မဲတွေကို စစ်တဲ့အခါ အမှားအယွင်းဖြစ်နေတာ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့က အနိုင်ရသူတွေဘက်ကို ၅ဦးကော်မတီအဖွဲ့နဲ့ ပြန်ပြီး ပြေလည်အောင် ညှိနှိုင်းကြပါ ဆိုပြီး ပြောထားတယ်။ ဆန္ဒပြခွင့်တင်တာ ဘုန်းကြီးစာပြန်ပွဲရယ်၊ တက္ကသိုလ်ဝင်စာမေးပွဲရယ် ရှိနေလို့ ခွင့်မပြုနိုင်ဘူးဆိုတာ ပြောထားတယ်” ဟု ဆိုသည်။

ဘားအံမြို့နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများတွင် မသမာမှုများ၊ ဘက်လိုက်မှုများ၊ လုပ်ထုံးလုပ်နည်းမှားယွင်းမှုများကြောင့် တိုင်ကြားခြင်းများကို မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်နေကြရကြောင်း၊ လက်ရှိ၌ ကျေးရွာ ၄ရွာနှင့် မြို့ပေါ်ရပ်ကွက် ၁ ခုတွင် ပြန်လည်စိစစ်ရွေးချယ်ရန် စာထုတ်အကြောင်းကြားထားကြောင်း မြို့နယ်အုပ်ချုပ်ရေးဌာနမှတဆင့် သိရသည်။

Written by ရာဟု(ဖားအံ)

Leave a Reply