ချောင်းဆုံ ၊ ဧပြီ

ချောင်းဆုံမြို့နယ် ကလွီကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို မတ်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ရာ ဦးအေးနိုင်က မဲအရေအတွက် ၁၄၀ ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ယင်းနေ့ညနေ ၆ နာရီအချိန်ခန့်တွင် ဆောင်းဘောက် ၊ အသံချဲ့စက်များတပ်ဆင်ထားသောကားဖြင့် ကျေးရွာအတွင်းသို့ အပေါင်းပါများဖြင့် လှည့်လည်အောင်ပွဲခံစဉ် အချင်းများ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှသိရသည်။

“ဆောင်းဘောက်အသံချဲ့စက်တွေ တပ်ဆင်ထားတဲ့ကားနဲ့ အုပ်ချုပ်ရေးမှူးရွေးချယ်ခံခဲ့ရတဲ့ ဦးအေးနိုင်ကိုယ်တိုင် ကားခေါင်းပေါ်မှာထိုင်ပြီး အပေါင်းအပါတွေနဲ့ ကျေးရွာအတွင်းကို လှည့်လည်ခဲ့တယ်။ ရွာလည်ပိုင်း ဦးကျော်ဦး နေအိမ် လ္ဘက်ရည်ဆိုင်ရှေ့အရောက်မှာ ရပ်ကွက် ၁၁ ရာအိမ်မှူးဖြစ်သူ ဦးကျော်မြင့်က ဒီလိုလှည့်တာမကောင်းဘူး၊ ငါတို့အပိုင်းကိုမသွားပါနဲ့တော့၊ ပြဿနာဖြစ်မှာစိုးလို့ ဆိုကာ ကားကိုတားပြီး ပြောဆိုခဲ့တယ်”ဟု ကလွီကျေးရွာမှ ဦးစိန်သန်းဦးက ဆိုသည်။

ဦးကျော်မြင့်ပြောဆိုခြင်းကို ရွာအတွင်းလှည့်လည်သည့်အဖွဲ့က လက်မခံဘဲ “ငါတို့နိုင်ထားတာ ငါတို့ကြိုက် သလိုလုပ်မယ်”ပြောဆိုပြီး ဦးကျော်မြင့်ကိုဝင်ရောက်ထိုးကြိတ်ခဲ့ကြောင်း၊ လ္ဘက်ရည်ဆိုင် ပိုင်ရှင်ဒေါ်သန်းဝင်းမှာ အခင်းဖြစ်ရပ်ကိုတွေ့မြင်ပြီး လဲကျမေ့မျောသွား၍ ကညှော်တိုက်နယ်ဆေးရုံသို့ပို့ဆောင်က ာအတွင်းလူနာ အဖြစ်ဆေးကုသမှုခံယူနေရကြောင်း ၎င်း ကဆက်လက်ပြောဆိုသည်။

“အုုပ်ချုပ်ရေးမှူးကိုမမြင်ချင်ဘူး။ မလာနဲ့ ။ ဒီလိုလုုပ်တာမကောင်းဘူး။ ဒီအကြောင်းတွေကို ဆက်မကြားချင်ဘူး။ ပြောလည်းမပြောချင်ဘူး ”ဟု ဆေးကုသမှုခံယူနေရသောဒေါ်သန်းဝင်းကဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခံခဲ့ရ၍ ကျေးရွာအတွင်းသို့လှည့်လည်အောင်ပွဲခံခြင်းကို ချောင်းဆုံမြို့နယ်တွင် မကြားဖူးကြောင်း၊ ယင်းသို့လှည့်လည်ခြင်းမှာ ကျေးရွာစည်းလုံးညီညွတ်မှုကိုပျက်ပြားစေနိုင်ပြီးပြဿနာ များဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံများကဝေဖန်ပြောဆိုမှုများ ရှိနေသည်။

“အခုမှသူလည်း ဒီလိုလုပ်မိတာ မှားသွားတယ်လို့ပြောတယ် ။မလုပ်သင့်တာ ကိုလုပ်တော့ မဖြစ်သင့်တာတွေဖြစ် ရတယ် ။ကျေးရွာမှာလူကြီးလုပ်မဲ့လူတွေက သူ့ရပ်ကွက်ငါ့ရပ်ကွက်သဘောမထားဖို့ ၊ သူ့လူငါ့လူ ၊ သူ့အုပ်စု ငါ့အုပ်စုသဘော မထားဖို့လိုတယ်။ ဒါမှလည်း စည်းလုံးညီညွတ်မှုရှိမယ်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်မယ်”ဟု ကလွီကျေးရွာက ဒေါ်ပပက အကြံပြုပြောဆိုသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply