မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် တစ်မြို့နယ်လျှင် ကျပ်သိန်း ၃၀၀၀ စီ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

“ဒီငွေတွေက ကျေးလက်တွေရဲ့ လမ်း၊ တံတားတွေမှာ အသုံးပြုဖို့အတွက် ဖြစ်တယ်၊ ကျေးလက်ဒေသကို ဦးစားပေးမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ထိုကျပ်သုံးဘီလီယံကျော်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာ ဌာနများအနေဖြင့် လုပ်ငန်းစဉ်ကို ပြည်နယ်အစိုးရထံ လာရောက်တင်ပြရန် လိုကြောင်း ၎င်းက ပြောဆိုသည်။

လုပ်ငန်းစဉ် တင်ပြမှုကို ပြည်နယ်အစိုးရ ကက်ဘိနက် အစည်းအဝေးတွင် ပြန်လည် စိစစ်၍ လိုအပ်ချက် ရှိနေသည့် ဒေသများကို ဦးစားပေးအဖြစ် သတ်မှတ် ချမှတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖွံ့ဖြိုးမှု အားနည်းနေသည့် ကျေးလက်ဒေသများ ရှိနေသေးသည့်အတွက် နှစ်အလိုက်ရရှိသည့် ဘတ်ဂျက် အပေါ် မူတည်ပြီး ဘတ်ဂျက် ချမှတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ရွာတွေမှာဆို အခုအချိန်အထိ ကိုယ်ထူကိုယ်ထ လုပ်နေရသေးတယ်၊ ဘတ်ဂျက်က ကျတိုင်း ကျွန်တော်တို့ ဘက်က သိပ်မပါဘူး”ဟု ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှ ဒေသခံ တစ်ဦးက ပြောဆိုသည်။

ခွဲဝေပေးမည့် ကျပ် သုံးဘီလီယံသည် ပြည်နယ်အစိုးရ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြစ်သည့် ငါးဘီလီယံထဲမှ ခွဲဝေပေးခြင်းဖြစ်ပြီး ကျန် နှစ်ဘီလီယံကို အရေးပေါ် အခြေအနေများတွင် သုံးစွဲရန် လျာထားကြောင်း ဦးထွန်းဌေးက ပြောကြားသည်။

Written by – ဇော်ထိုက်

Leave a Reply