Photo Credit - MRTV

ကူးစက်နှုန်းမြင့်ဒေသ ရခိုင်ပြည်နယ်ရောက် သူနာပြုဆရာမ ဒေါ်အိဇင်ခိုင်နှင့် အင်တာဗျူး

၂၀၂၀ ဩဂုတ် ၃၀

ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လတ်တလော မြင့်တက်နေသည့် ရခိုင်ပြည်နယ် COVID-19 အရေး တာဝန်အရမဟုတ်ဘဲ မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ တစ်သုတ်ပြီး တစ်သုတ် သွားရောက်လျက် ရှိသည်။ တတိယအသုတ်မှာ ဩဂုတ် ၂၇ ညနေတွင် စစ်တွေမြို့သို့ ဆေး၊ ဆေးပစ္စည်းကိရိယာများနှင့်အတူ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။

အဆိုပါ “COVID-19 ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team)” နှင့် ကျန်းမာရေးဝန်ထမ်းများမှာ နေပြည်တော်၊ ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးများမှ ဖြစ်ကြသည်။

ညွှန်ကြားရေးမှူး တစ်ဦး၊ဒုတိယညွှန်ကြားရေးမှူး တစ်ဦး၊လက်ထောက်ဆရာဝန် ခြောက်ဦး၊ အထက်တန်းသူနာပြု ငါးဦး၊ လက်ထောက်ကျန်းမာရေးမှူး တစ်ဦး၊ဆေးဘက်ကျွမ်းကျင် သုံးဦး၊ သူနာပြု ၂၀ ဦးနှင့် သားဖွားဆရာမ သုံးဦးတို့ ပါဝင်သည်။

ကပ်ရောဂါကူးစက်မှုနှုန်း မြင့်တက်နေရာဒေသသို့ တာဝန်အရ မဟုတ်ဘဲ စေတနာနှင့် ယုံကြည်ချက်အရ တာဝန်ထမ်းရန် ရောက်သူများအနက် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်အိဇင်ခိုင်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

ကူးစက်နှုန်းမြင့်ဒေသ ရခိုင်ပြည်နယ်ရောက် သူနာပြုဆရာမ ဒေါ်အိဇင်ခိုင်

ဟင်္သာမီဒီယာ – ဆရာမအနေနဲ့ ရခိုင်ပြည်နယ်မှာ ခုလို လာရောက် တာဝန်မျှဝေထမ်းဆောင်ဖို့ ဘယ်လိုမျိုး စိတ်ကူးစိတ်သန်း ရလာတာပါလဲ။

သူနာပြုဆရာမ – သတင်းတွေကလည်း တက်တယ်ပေါ့နော်၊ ရခိုင်မှာ ပျံ့နှံ့မှုက တအား များနေတယ်၊ မနိုင်ဘူးပေါ့။ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေ Volunteer တွေ ခေါ်နေတယ်၊ စသဖြင့် လိုင်းပေါ်မှာလည်း တွေ့တယ်။ ပထမဦးဆုံး တွေ့တာက ကျွန်မရဲ့ သူငယ်ချင်း မြင်းခြံဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့၊ ကျွန်မတို့ရဲ့ အပတ်စဥ်တူ ဆင်းတဲ့ သူငယ်ချင်းတွေကလည်း လိုက်မယ်၊ ကျွန်မလည်း လိုက်ချင်တယ်၊ ကျွန်မတို့ဆေးရုံကိုလည်း စာ မဝင်လာသေးဘူး၊ ဘယ်လို လိုက်လို့ရမလဲဆိုတာ စုံစမ်းနေတဲ့ အချိန်မှာပဲ ကျွန်မတို့ဆေးရုံက မာမီ(သူနာပြုအုပ်)ဆီကို ဖုန်းဝင်လာတယ်၊ တိုင်းရုံးကပေါ့၊ Volunteer လိုက်ချင်တဲ့သူတွေ ဖိတ်ခေါ်တာနဲ့ မာမီကလည်း ပြောလာတဲ့အခါ ကျွန်မ လိုက်ချင်ပါတယ်ဆိုပြီး စာရင်းပေးလိုက်တာ။

ဟင်္သာမီဒီယာ – ဆရာမရဲ့ ရွေးချယ်မှုအပေါ် မိဘအသိုင်းအဝိုင်းကရော ဘယ်လို တုန့်ပြန်ပါသလဲ။ ထောက်ခံတာ၊ ကန့်ကွက်တာ၊ သတိပေးတာမျိုးကို ဆိုလိုတာပါ။

သူနာပြုဆရာမ – မာမီ့ကို စာရင်းပေးလိုက်တော့ မာမီက ‘သမီး၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် လုပ်ဖို့အတွက် မိဘတွေဆီ ခွင့်ပြုချက် တောင်းရမယ်ပေါ့၊ အဲဒီတုန်းက ကျွန်မက ဆေးရုံ(မိခင်ဌာန)မှာ ဂျူတီဆင်းနေတာ။ အမေ့ကို ဖုန်းလှမ်းဆက်လိုက်တယ်၊ ‘အမေ၊ ဒီလိုဒီလိုပေါ့၊ ရခိုင်ကို သွားဖို့အတွက် Volunteer ခေါ်နေတယ်။ သမီးလိုက်ချင်တယ်၊ စာရင်းပေးလိုက်ပြီပေါ့’ လို့ ပြောတော့ အမေက ‘ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်၊ ယုံကြည်တယ်ဆိုရင်၊ ငါ့သမီးမှ စိတ်အားထက်သန်နေတယ်ဆိုရင် လိုက်သွား’လို့ပြောတယ်။ အစ်မတွေ၊ အဒေါ်တွေကလည်း ‘လိုက်ချင်တယ်ဆိုရင် လိုက်သွားပေါ့၊ စိတ်တော့မချဘူး’ပေါ့။ မိဘတွေနဲ့ကရော၊ အစ်မတွေ၊ အဒေါ်တွေကပါ ဘုရားတရား မမေ့ဖို့ပဲ မှာတာပါ။ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်နေ၊ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ကာကွယ်ပြီးမှ လူနာတွေကို ပြုစုနိုင်မှာ။ ကိုယ်ကကျန်းမာနေမှ ပြန်ပြုစုနိုင်မယ်။ အထပ်ထပ်မှာပါတယ်။

ဟင်္သာမီဒီယာ – ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ရမယ်ဆိုရင် ကြုံလာရနိုင်ခြေရှိတဲ့ အခက်အခဲတွေအတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်လာခဲ့ပါသလဲ။

သူနာပြုဆရာမ – ဒီ(ရခိုင်ပြည်နယ်)မှာ ကူးစက်နေတဲ့ ဌာန၊ Positive တွေ အများကြီး ထွက်နေတဲ့ နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ကို မကူးဘူးလို့တော့ အာမခံလို့ မရနိုင်ဘူးပေါ့။ ကိုယ့်ကိုလည်း ထိခိုက်လာနိုင်တယ်။ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင်၊ Safeဖြစ်အောင် နေမယ်ပေါ့။ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ နေမယ်၊ နောက်ဆုံးအဆင့် ဒီလိုမျိုး ကာကွယ်နေလျက်သားနဲ့ တကယ်လို့ ကူးလာခဲ့မယ်ဆိုရင်လည်း ဒီရောဂါက ကုသလို့ မပျောက်တာလည်း မဟုတ်ဘူး။ ကူးတာနဲ့ သေမယ်ဆိုတဲ့ အနေအထား မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ပြန်ပြီးတော့ နေလို့ရတယ်။ အဲဒီအတွက် စိတ်ဓာတ်မ ကျရဘူးပေါ့။ ကူးလာခဲ့ရင်လည်း ဒီရောဂါကို ငါနိုင်အောင် တိုက်မယ် ဆိုတဲ့စိတ်ပေါ့။ ဒီ ရခိုင်ကို မလာခင် ဆေးရုံက လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်က မှာတယ်။ ‘ညီမလေး၊ ကိုယ့်ကိုယ်ကိုယ် safeဖြစ်အောင် နေရမယ်။ မကူးရအောင် နေမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထား။ စိတ်ဓာတ်ကို ခိုင်ခိုင်ထား။ အကယ်၍ ကူးလာခဲ့ရင်လည်း ငါ ဒီရောဂါကို အောင်နိုင်အောင် တိုက်မယ်၊ ငါ့နယ်ကို ငါ ကျန်းကျန်းမာမာနဲ့ ပြန်လာနိုင်ရမယ် ဆိုတဲ့စိတ် မွေးရမယ်’ လို့ အစ်မကြီးက မှာလိုက်တယ်ရှင့်။

ဟင်္သာမီဒီယာ – ရခိုင်ပြည်နယ်ကို ဩဂုတ် ၂၇ ရက်နေ့က ရောက်လာတယ်ပေါ့။ ဒီ ရက်ပိုင်း (ဩဂုတ် ၃၀) အတွင်း ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေက ဘယ်လို ရှိပါသလဲ။

သူနာပြုဆရာမ – စစ်တွေလေဆိပ်ကို သုံးနာရီမှာ ရောက်တယ်။ ဒီ ပြည်နယ်က ဆေးရုံအုပ်တွေ၊ တာဝန်ရှိသူတွေနဲ့ စကားပြောတယ််။ ကျွန်မတို့ တည်းတဲ့ ဌာနတွေ၊ ဘယ်သူတွေက ဘယ်ဌာနမှာ တည်းပေါ့နော်။ တည်းခိုရမယ့် နေရာတွေကိုလည်း အဆင်ပြေအောင် စီစဥ်ပေးတယ်။ အဆင်ပြေပါတယ်။ သူတို့ စီစဥ်ပေးတာ အားလုံး အဆင်ပြေတယ်။ အခုနေတဲ့ နေရာဆိုရင် လုံးချင်းတိုက်လေးတွေမှာ ခြောက်ယောက်ပဲ နေရတယ်။ စားရေးသောက်ရေးအတွက်လည်း အဆင်ပြေပါတယ်။ ပုံမှန် လာပြီးပို့ပေးတယ်။

ဟင်္သာမီဒီယာ – ဆရာမရဲ့ မိခင်ဌာန၊ နွားထိုးကြီးမြို့ဆေးရုံကရော ဆရာမ ခုလို တာဝန်ထမ်းဆောင်ဖို့ လာတဲ့အပေါ် ဘယ်လို သဘောထားရှိပါသလဲ။

သူနာပြုဆရာမ – မိခင်ဌာနက စီနီယာ အစ်မတွေအားလုံးရော မာမီ(သူနာပြုအုပ်)ကအစပေါ့၊ အနောက်ကနေ ပံ့ပိုးမှုတွေ ပေးပါတယ်။ စိတ်ဓာတ်ရေးရာက အစ အကုန်လုံးပေါ့နော်။ မိခင်ဌာနက နယ်ဆေးရုံလေး၊ မြို့နယ်ဆေးရုံလေးဆိုတော့ မိသားစုဆန်ပါတယ်။ စိတ်ပူကြတယ်ပေါ့နော်။ ဖုန်းတွေလည်း တချိန်လုံး ဆက်သွယ်ပါတယ်။ အဆင်ပြေရဲ့လား၊ Mask တွေ အမြဲတမ်း တပ်နော်၊ မပေါ့နဲ့၊ ပျာယာမခတ်နဲ့။ အဆင်ပြေအောင်လုပ်၊ မပျာနဲ့။ သေသေချာချာ စည်းစနစ်တကျ လုပ်။ ကိုယ့်ကိုယ်ကိုယ် ဘာမှ မဖြစ်အောင် အရင်နေ၊ ကိုယ် ဘာမှ မဖြစ်မှ လူနာတွေကို ပြုစုနိုင်မှာ။ အဲဒီအတွက်ကြောင့်မို့ အမြဲတမ်း safe ဖြစ်အောင်နေ၊ လက်ကို ခဏခဏ ဆေး၊ ဒီ ကျန်းမာရေးဝန်ထမ်းတွေအတွက် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ပေါ့၊ အကုန်လုံး မှာပါတယ်။ စိတ်ပူနေကြပါတယ်။ သူတို့လည်း စိတ်မချဘူး၊ လွှတ်လိုက်ရတဲ့အတွက်ပေါ့။ အကြီးတွေအနေနဲ့ နောက်ကနေ ပံ့ပိုးမှုတွေ အများကြီးပေးပါတယ်။

ဟင်္သာမီဒီယာ – ဆရာမနဲ့ တာဝန်ထမ်းဆောင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုရော ဘာများ ပြောချင်ပါသလဲ။

သူနာပြုဆရာမ – ဒီကို Volunteer အနေနဲ့ စာရင်းပေး လာခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေအကုန်လုံးကလည်း ဒီကို လာဖို့ ဆုံးဖြတ်ပြီးကတည်းက စိတ်ဓာတ်ရေးရာ အကုန်လုံး ပြင်ဆင်လာပြီးသားပါ။ ကျွန်မတို့ အတူတူ လာခဲ့ကြတယ်။ လူနာတွေကို အတူတူ တက်ညီလက်ညီနဲ့ ကူညီမယ်၊ ပြုစုမယ်။ ပြီးရင် ကျန်းကျန်းမာမာနဲ့ ကိုယ့်မိခင်ဌာန၊ ကိုယ့်ရဲ့ နယ်မြေကို အတူတူ ပြန်ကြမယ်ပေါ့နော်​​။

ဟင်္သာမီဒီယာ – ကိုဗစ် – ၁၉ နဲ့ ပတ်သက်လို့ စိုးရိမ်မှုမြင့်တက်နေတဲ့ ပြည်သူတွေကိုရော လုပ်ဖော်ကိုင်ဖက်တွေကိုယ်စား ဘာများပြောချင်ပါသေးလဲ။

သူနာပြုဆရာမ – ကျန်းမာရေးဌာနက ချမှတ်ထားတဲ့အတိုင်း နေမယ်ဆိုရင်တော့ အကုန်လုံးက ကျန်းကျန်းမာမာနဲ့ နေနိုင်မှာပါ။ ဒီရောဂါက ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်လည်း ကုသလို့ မပျောက်တဲ့ ရောဂါမျိုး မဟုတ်ဘူး၊ အဓိကက စိတ်ဓာတ်ပေါ့နော်။ ဖြစ်လာရင်လည်း စိတ်ဓာတ်မကျဖို့၊ မဖြစ်ခင်လည်း ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ နည်းလမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးအတူတူ လိုက်နာကြမယ်ဆိုရင် ဒီရောဂါကို မကြာခင်ပဲ တွန်းလှန်နိုင်မယ်လို့ ယူဆပါတယ်ရှင့်။

<><><><><><><>

Leave a Reply