ကျွန်းသုံးကျွန်းနှင့် ကမ်းခြေတစ်ခုတွင် မြေလျှောက်ထားမှု ဒေသခံ၊ ခရီးသွားလုပ်ငန်းရှင်အသင်းနှင့် ပါတီတို့ ကန့်ကွက်

ထားဝယ် ဇန်နဝါရီ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကျွန်းသုံးကျွန်းနှင့် ကမ်းခြေတစ်ခုတွင် ဟိုတယ်နှင့်အပန်းဖြေစခန်းဆောက်လုပ်ရန် ကုမ္ပဏီ၄ခုက မြေလွတ်၊ မြေလပ်၊ မြေရိုင်း ၂၉၇ ဧကကျော် လုပ်ကိုင်ခွင့်လျှောက်ထားခြင်းအပေါ် ဒေသခံများ၊ထားဝယ် ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့်ထားဝယ်တိုင်းရင်းသားများပါတီတို့က ဇန်နဝါရီ ၂ ရက်နှင့် ၃ရက်တို့တွင် ကန့်ကွက်ခဲ့ကြသည်။

“ထားဝယ်ဒေသမှာ ကျွန်း နည်းနည်းပဲရှိတဲ့အတွက် အများပြည်သူ ပိုင်နေရာအဖြစ်သတ်မှတ်ထားဖို့လိုတယ်၊ တိုးတက်မှုလိုချင် ပေမယ့် ဒေသခံတွေနစ်နာမှာတော့ မလိုချင်ဘူး”ဟု ကန့်ကွက်စာပေးပို့သူ ထားဝယ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါ်မိုးသူက ဆိုသည်။

ယင်းမြို့နယ် တောကျဲ၊ ပညစ်၊ စမ်းလှမ်းနှင့် ကျောင်းတွင်း ကျေးရွာများရှိ ကျွန်းနှင့်ပင်လယ်ကမ်းခြေမှ မြေလွတ်၊မြေလပ်၊မြေရိုင်းကို ကုမ္ပဏီ ၄ခုမှ မန်နေဂျင်းဒါရိုက်တာ ၂ဦးက လုပ်ကိုင်ခွင့် လျှောက်ထားသည့်ကိစ္စ ဇန်နဝါရီ ၅ရက်နေ့နောက် ဆုံးထား၍ကန့်ကွက်နိုင်ကြောင်း လောင်းလုံးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက ဒီဇင်ဘာလ ၇ရက်နေ့တွင် အသိပေးထားသည်။

ပဲ့စင်ကျွန်းတွင် မြေယာလျှောက်ထားမှုကို ရမ္မဇူ ၊ထောင့်နတ်၊ တီဇစ်စသောဒေသများတွင် နေထိုင်သော ဒေသခံရေလုပ်သား၇၁ဦးက လောင်းလုံးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနထံ ဇန်နဝါရီ ၃ရက်တွင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း အောက်ရေဖြူကျေးရွာမှ ဒေသခံ ဦးအေးက ပြောသည်။

အလားတူ တီဇစ်ကျေးရွာမှ ရေလုပ်သားများနှင့်ဒေသခံ ၃၈၅ဦးကလည်း ပဲ့စင်ကျွန်းသည် ဒေသခံများ အသက်မွေးဝမ်းကျောင်းအရ အမှီပြုရာဖြစ်၍ ကန့်ကွက်ကြောင်း ဇန်နဝါရီ ၂ရက်တွင် စုပေါင်းလက် မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

“ခွင့်ပြုပေးလိုက်ရင် ဒေသခံများ အရင်ကလို လွတ်လပ်စွာ လုပ်ကိုင်စားသောက်ဖို့မလွယ်တော့ဘူး”ဟု ဒေသခံ ဦးခင်မောင်သိန်းကဆိုသည်။

မြေစာရင်းလုပ်ထုံးလုပ်နည်းအရ လျှောက်ထားသောမြေနှင့်ပတ်သက်၍ တိုင်းအဆင့် မြေလွတ်၊မြေလပ်၊မြေရိုင်းစီမံခန့်ခွဲရေးကော်မတီသို့ကန့်ကွက်စာတက်လာလျှင်သီးခြားအဖွဲ့(အခြားမြို့နယ်မှအဖွဲ့)ကိုသွားရောက်စစ်ဆေးစေပြီး ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ဗဟိုကော်မတီသို့ဆက်လက်တင်ပြရကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်စန်းက ပြောသည်။

လုပ်ကိုင်ခွင့်ပြုခြင်း၊မပြုခြင်းကို ဗဟိုကော်မတီမှ ဆုံးဖြတ်ကြောင်း၊ ယင်းကော်မတီကလည်း ထပ်မံစစ်ဆေးရန် ကိုယ်စားပြုအထူးအဖွဲ့ကို ဖွဲ့စည်း၍ စိစစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးထံမှ သိရသည်။

ယခုကန့်ကွက်နေကြသော မြေနေရာတွင် လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရတနာစိုင်းကောင်း မြတ်ကျော်သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်နှင့် Excellent Fortune Development Group Co.,Ltd မန်နေဂျင်းဒါရိုက်တာဦးစိုင်းမျိုးဝင်းကလည်းကောင်း၊ စိုးနိုင်ဖြိုးကုမ္ပဏီလိမီတက်နှင့် FIRST GOLDEN DRAGON CONSTRUCTION Co.,LTDမန်နေဂျင်း ဒါရိုက်တာဒေါ်နန်းခင်မြင့်ရီကလည်းကောင်း လျှောက်ထားခဲ့ကြကြောင်း သိရသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.