နှစ်ပေါင်းများစွာ ပြည်ပသို့ တင်ပို့မှု ပိတ်ပင်ထားသော ကျွဲ၊ နွား၊ ဆိတ်နှင့် အသားတင်ပို့မှုကို မကြာခင် ကာလအတွင်း တရားဝင် တင်ပို့ခွင့် ပြုနိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သောင်ရင်းခန်းမတွင် မေလ ၂၈ ရက်က ပြုလုပ်ကျင်းပခဲ့သော နယ်စပ်ကုန်သည်ရေးလုပ်ငန်းနှင့် ဆက်စပ်သည့် ကုန်သည်၊ လုပ်ငန်းရှင်၊ ပြည်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အသားတင်ပို့မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာတော့ ခွင့်ပြုထားပြီး ဖြစ်ပါတယ်၊ အရင်က ကျွဲ၊ နွားတွေကို ဘာလို့ ပိတ်ပင်ခဲ့လဲဆိုတော့ လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ ခိုင်းနွား၊ ခိုင်းကျွဲတွေကို ပြည်ပသို့ တင်ပို့ရင် လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်နိုင်တဲ့အတွက် တင်ပို့ ခွင့်မပြုခဲ့ပါဘူး။ ယခုအခါ ကျွဲ၊ နွား တင်ပို့နဲ့ ပတ်သက်လို့ နှစ်ပိုင်းခွဲ ထားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

ထိုင်းနိုင်ငံဘက်သို့ ကျွဲ၊ နွားများ တရားမဝင် မည်မျှတင်ပို့နေသည်ကို ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း ဖမ်းဆီရမိမှု အနေအထားအရ  ပမာဏများပြားကြောင်း၊ လယ်သမားများ၏ တစ်နိုင်တစ်ပိုင် မွေးမြူးသော ကျွဲ၊ နွား၊ ဆိတ်များအား ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။

နောင်နှစ်နှစ်ကြာလျှင် မြန်မာနွား၊ ကျွဲများကို ထိုင်းဘက်က ဝယ်ယူတော့မည် မဟုတ်ဘဲ ယခုမှ တရားဝင် တင်ပို့ခွင့်ပြုရန် ဆောင်ရွက်နေခြင်းမှာ များစွာနောက်ကျနေပြီဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တာ့ခရိုင်အတွင်း အသားစားနွားများကို စနစ်တကျ မွေးမြူးနေပြီဖြစ်ကြောင်း မြဝတီနယ်စပ်ကုန်သည်များအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ပြောကြားခဲ့သည်။

written by – ဆုလာဘ်

Leave a Reply