ထားဝယ်၊ ဇူလိုင်
ပြည်ထောင်စုလမ်းကြီးများ၊အများပြည်သူများ အသုံးပြုနေသော နိုင်ငံတော်ပိုင် ခရိုင်/မြို့နယ်/ကျေးလက်ဆက်သွယ်ရေးလမ်းပိုင်းများတွင် ကျွဲ၊ နွားတိရစ္ဆာန်များကို စည်းကမ်းမဲ့လွှတ်ကျောင်းနေမှုအပေါ် မြိတ်မြို့နယ်တွင် စည်းကမ်းမဲ့ ကျွဲ၊နွား၊ တိရစ္ဆာန်များ ဖမ်းဆီးထိန်းသိမ်း အရေးယူဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။
“၁၅.၆.၂၀၁၉ရက်နေ့မှစ၍ (၁) ပတ်လျှင် (၁) ရက် အပတ်တိုင်း (၃)လဆက်တိုက် ဖမ်းဆီးအရေးယူသွားရန် စီစဉ်ထားပြီးဖြစ်ပါတယ်”ဟု ဦးအောင်သူရက ဆိုသည်။
ယင်းကော်မတီတွင် မြို့နယ်လမ်းဦးစီးဌာနမှ ဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ အတွင်းရေးမှူး အဖြစ်တာဝန်ယူကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ၊မီးသတ်တပ်ဖွဲ့နှင့်သက်ဆိုင်ရာ ရပ်ကွက်/ ကျေး
ရွာအုပ်စုအုပ်ချုပ်ရေးမှူးများဖြင့်ဖွဲ့စည်းထားပြီး တိုင်းအတွင်းကျန်ရှိသော မြို့နယ်များတွင်လည်း အဆိုပါကော်မတီကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
အများပြည်သူ အသုံးပြုနေသော နိုင်ငံတော်ပိုင် ခရိုင်၊ မြို့နယ်၊ကျေးလက်ဆက်သွယ်ရေးလမ်းပိုင်းများ၊ အများပြည်သူပိုင်နေရာများတွင် ကျွဲ၊ နွားတိရစ္ဆာန်များကို စည်းကမ်းမဲ့လွှတ်ကျောင်းနေမှုအပေါ် မည်သည့်ဌာနက တည်ဆဲဥပဒေနှင့်အညီ မည်ကဲ့သို့ အရေးယူပြီး စည်းကမ်းထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နေမှု အခြေ အနေနှင့်မည်ကဲ့သို့အသိပညာပေးနေသည့်အခြေအနေကို သိရှိလိုကြောင်း ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သောတနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်ဆွေက မေးမြန်းရာ ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် မြို့ပေါ်ရပ်ကွက်များနှင့်(၄) (ခ)သတ်မှတ်ထားသည့် ကျေးရွာများတွင် စည်းကမ်းမဲ့ ကျွဲ၊ နွား၊တိရစ္ဆာန်များ လွှတ်ကျောင်းမှမရှိစေရေးအတွက် အခါအားလျော်စွာအမိန့်ကြေငြာစာများထုတ်ပြန်၍ အကြောင်းကြားခြင်း၊မွေးမြူရေးခြံပိုင်ရှင်များသို့အကြောင်းကြားခြင်းများကို ပြုလုပ်လျက်ရှိသည်ဟုဦးအောင်သူရက ပြောသည်။
ထို့ပြင် မြို့တွင်းလမ်းများနှင့်ကျေးလက်လမ်းများပေါ်တွင် စည်းကမ်းမဲ့ သွားလာနေသော ကျွဲ၊ နွား တိရစ္ဆာန်များကိုတနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေဖြင့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင် ရွက်လျက်ရှိပါကြောင်း၎င်းက ဆိုသည်။
တရားမဝင် ကျွဲ၊နွား၊ တိရစ္ဆာန်များကို စည်းကမ်းမဲ့ လွှတ်ကျောင်းနေမှုအပေါ် ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ လမ်းဦးစီးဌာန၏ လမ်းမကြီးများဥပဒေ၊ စည်ပင်သာယာရေး အဖွဲ့၏ တနင်္သာရီ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ဥပဒေတို့ဖြင့် ဆောင်ရွက်လျှက်ရှိသည်။
တင့်လွင်