ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ် ရှမ်းတဲကြီးကျေးရွာရှိ ကြက်နှင့်ငါးတွဲဖက်မွေးမြူရေးခြံတစ်ခြံကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now)

ကြက်နှင့်ငါးတွဲမွေးသည့်စနစ်ကို နိုင်ငံအတော်များများက စွန့်ပယ်လာကြ သော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ကျင့်သုံးနေသည်။ စီးပွားရေးအရတွက်ခြေကိုက်သော်လည်း တစ်ဖက်က ကျန်းမာရေးစိုးရိမ်မှုများ ရှိနေသည့် ထိုစနစ်ကြောင့် ပြည်ပဈေးကွက်ထိခိုက်မည်ကို ပို့ကုန်သမားများက စိုးရိမ်ကြသည်။

ဇော်ရဲသွေး/Myanmar Now

အသားဓာတ် (ပရိုတိန်း) လည်းကြွယ်ဝ၊ အဆီပါဝင်မှုလည်းနည်းသည်ဟု လက်ခံထားကြသည့် ငါးကို သင်ဟာ ပုံမှန်စားသုံးသူဆိုပါက သင့်ဟင်းပန်ကန်ထဲရှိ ငါးများသည် ကြက်၏မစင်ကိုစားသုံးပြီး ကြီးထွားလာသော ငါးများ ဖြစ်သည်ဆိုလျှင် ဆက်လက်စားချင်စိတ်ရှိပါဦးမည်လော။

မြန်မာအပါအဝင် အာရှ၊ အာဖရိကနှင့် တောင်အမေရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ကြက်နှင့်ငါးတွဲဖက်မွေးမြူသည့် စနစ်ကိုကျင့်သုံးကြသည်မှာ ဆယ်စုနှစ်များနှင့်ချီခဲ့ပြီဖြစ်သည်။ ငါးကန်ပေါ်တွင် ကြက်ခြံဆောက်ကာ ကြက်ရော ငါးပါ တွဲဖက်မွေးခြင်းဖြင့် အချိန်၊ လူအင်အားနှင့် ကုန်ကျစရိတ်သက်သာသည်။ ကြက်ကိုသာအစာကျွေးပြီး ကြက်များက အပေါ်မှစွန့်ပစ်သည့် မစင်ကို ငါးများအား စားစေခြင်းဖြင့် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်သောနည်းဖြစ်သည်။ ကြက်အပြင် ဘဲ၊ ဝက်တို့နှင့် ငါးကို အလားတူ တွဲမွေးသောလုပ်ငန်းများလည်း ရှိသည်။

သို့ရာတွင် ငါးသီးသန့်မွေးသောငါးကို ကြက်နှင့်တွဲမွေးသောငါး (ကြက်ချေးစားငါးဟု အလွယ်ခေါ်ကြသည်) နှင့် ခွဲ၍မရနိုင်ပါ။ ဈေးထဲရောက်သွားလျှင်တော့ ငါးသည် ငါးသာဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်မှစပြီး ကြက်နှင့်ငါးတွဲဖက်မွေးမြူသောစနစ်ကို နိုင်ငံအတော်များများက ပိတ်ပင် လာကြသည်။ ထိုစနစ်ဖြင့်မွေးသောငါးဆိုလျှင်လည်း တင်သွင်းခွင့်ပိတ်သည်။ အကြောင်းက ထိုငါးများတွင် ရောဂါ ပိုးမွှားများနှင့် အဆိပ်အတောက်ဖြစ်စေနိုင်သော ဒြပ်သတ္တုများပါဝင်နိုင်သည်ဆိုသော အချက်ကြောင့်ဖြစ်သည်။ ထိုသို့ ပိတ်ပင်သည့်နိုင်ငံများထဲမှာတော့ မြန်မာနိုင်ငံ မပါဝင်သေးပါ။

ပိတ်ပင်သောနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ မပါဝင်ရသေးခြင်းမှာ နိုင်ငံ၏လူမှုစီးပွားအခြေအနေ အရပ်ရပ်နှင့် ချိတ်ဆက်နေပါသည်။ လုပ်ငန်းရှင်များဘက်က ကြည့်လျှင် ကြက်နှင့်ငါး ပူးတွဲမွေးခြင်းဖြင့် ငါးစာစရိတ် သက်သာ သည်။ ငါးတစ်ကြိမ်လျှင် ကြက်ခြောက်ကြိမ် နှုန်းဖြင့် ထုတ်ရောင်းနိုင်သဖြင့် နှစ်မျိုးစလုံးမှ ဝင်ငွေရသည်။

သို့သော် မကြာမီနှစ်များအတွင်း ငါးတင်ပို့ရောင်းချသူများဘက်က ထိုစနစ်ကို ပိတ်ပင်စေချင်လာကြသည်။ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (Good Aquaculture Practice – GAqP) အယူအဆ တွင်ကျယ်လာခြင်းနှင့်အတူ နိုင်ငံတကာက အစားအစာဘေးကင်းရေးကို အထူးဂရုစိုက် လာချိန်တွင် မြန်မာနိုင်ငံမှ တင်ပို့သည့်ငါးများထဲ ကြက်ချေးစားငါးများ ပါသွားပါက ပြည်ပငါးပို့ကုန်ဈေးကွက် ထိခိုက်မှာကို စိုးရိမ်ကြသည်။

ကြက်နှင့်ငါး တွဲဖက်မွေးသည့်စနစ်ကို ပိတ်ပင်သည့်အမိန့်ထုတ်ပေးဖို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ခေါင်းဆောင်များက မနှစ် အောက်တိုဘာလအတွင်း ဒုသမ္မတဦးမြင့်ဆွေကို တိုက်တွန်းခဲ့သေးသည်။

ငါးကန်လုပ်ငန်းရှင်များကမူ အဆိုပါစနစ်ကို မကန့်သတ်စေချင်ကြပါ။ ထိုစနစ်ကြောင့် စားသုံးသူတို့ ဘေးအန္တရာယ်ဖြစ်သည်ဟု သက်သေမပြနိုင်သလို အခြေခံလူတန်းစားဝင်များ လက်လှမ်းမီပြီး ဈေးသက်သာသော ကြက်သား နှင့် ငါး တို့ကို ရစေသည်ဟု ၎င်းတို့ကဆိုကြသည်။ ထိုအချက်ကိုလည်း ၎င်းတို့က ဒုသမ္မတဦးမြင့်ဆွေထံသို့ပင် ရေးသားတင်ပြကာ မပိတ်ပင်ဖို့တောင်းဆိုထားကြသည်။

အစိုးရဘက်ကတော့ ယခုအထိ မည်သည့်အမိန့်မျှမထုတ်ပြန်သေးပါ။

ပစ်ရမှာလည်း အဆီတဝင်းဝင်း

ကြက်နှင့်ငါး တွဲဖက်မွေးမြူသည့်စနစ်သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံ၌ တွင်ကျယ်လာခဲ့သော်လည်း စစ်အစိုးရလက်ထက်ကတည်းက အစပြုနေခဲ့သလို မွေးမြူရေးတက္ကသိုလ်သင်ခန်းစာများမှာပင် ထည့်သွင်း သင်ကြားစေခဲ့သော စနစ်ဖြစ်သည်။ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ထိုစနစ်ဖြင့် ငါးမြစ်ချင်း ကိုအဓိက မွေးမြူပြီး ငါးတန်၊ ငါးသိုင်းခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငါးတန်နှင့် ငါးမုတ် တို့ကိုလည်း မွေးကြသည်ဟု မွေးမြူရေးအဖွဲ့ချုပ်၏ ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ ဦးမြင့်အောင်က ဆိုသည်။

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၁၉ ခုနှစ်အတွင်း ခန့်မှန်းတွက်ချက်မှုအရ တစ်နိုင်ငံလုံးတွင် ကြက်နှင့်ငါး တွဲမွေးသည့်လုပ်ငန်းပေါင်း ၂,၀၀၀ ခန့်ရှိနေပြီး ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေး စသည့် တိုင်းဒေသကြီးများတွင် အများဆုံး မွေးမြူကြသည်ဟုဆိုသည်။

ကြက်နှင့်တွဲမွေးထားသည့် ငါးကန်များက နေ့စဉ် ဈေးကွက်အတွင်း ရောင်းချနေသည့် မွေးမြူရေးငါး အားလုံး၏ ထက်ဝက်ကျော်နှင့်ညီသော ငါးပိဿာချိန် သုံးသိန်းခွဲခန့် ထုတ်လုပ်နေသည်ဟု လည်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကဆိုပြီး ပြည်တွင်းဈေးကွက်တွင် တစ်ရက်လျှင် မွေးမြူရေးငါး ပိဿာချိန် ခြောက်သိန်းကျော် ဝင်ရောက်နေသည်ဟုလည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ခန့်မှန်းသည်။

ပြည်ပနိုင်ငံများကမူ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ကြက်နှင့်တွဲမွေးထားသည့် ငါးများကို မမှာတော့ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ဦးဝင်းကြိုင်က နိုင်ငံပိုင်သတင်းဌာနများမှတစ်ဆင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်အရ မြန်မာသည် ကမ္ဘာပေါ်တွင် ငါးမြစ်ချင်းအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပြီး မွေးမြူရေးငါး ပြည်ပတင်ပို့ရောင်းချမှုမှ နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၁၀၀ ကျော်ခန့်ရရှိသည်ဟုဆိုသည်။

စားရမှာလည်းသဲတရှပ်ရှပ်

စိုးရိမ်သူများကတော့ အတူယှဉ်တွဲမွေးထားသည့် တိရစ္ဆာန်များတွင် ဖြစ်ပွားသည့်ရောဂါများ ငါးမှတစ်ဆင့် လူဆီသို့ကူးစက်လာမည်ကို စိုးရိမ်နေကြသည်။ ဘေးကင်းသည့်အစားအစာ ဖြစ်ရမည်ဆိုသည့် ရည်မှန်းချက်ဖြင့် ကြက်အပါအဝင် မည်သည့်တိရစ္ဆာန်နှင့်မှ မတွဲဘဲ ငါးကိုသာ သီးသန့်မွေးမြူရန် နိုင်ငံအတော်များများတွင် အမိန့်ထုတ်ထားကြောင်း ဦးဝင်းကြိုင်ကဆိုသည်။

ကြက်နှင့် တွဲမွေးသည့် ငါးတွင်တွေ့ရနိုင်သည့် ‘ဆယ်မိုနဲလား (’salmonella spp.) ဆိုသည့် ရောဂါပိုးက လူတို့၏အသက် အန္တရာယ်ကို ခြိမ်းခြောက်သည် အထိဖြစ်လာနိုင်ကြောင်း ဆေးပညာရှင်များက ထောက်ပြကြသည်။

‘ဆယ်မိုနဲလား’ ရောဂါပိုးရှိနေသည့် ကြက်၏မစင်ကို စိုက်ပျိုးရေးတွင် အသုံးပြုပါက သီးနှံများတွင် အဆိုပါ ရောဂါပိုးကပ်ငြိနေနိုင်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)၏ ညွန်ကြားရေးမှူး ဒေါက်တာ ဝင်းမော်ထွန်း ကပြောသည်။ အလားတူ ကြက်၏မစင်ကို အစာအဖြစ်စားသုံးနေရသည့် ငါးများတွင်လည်း ယင်းဖြစ်ရပ်မျိုး ဖြစ်နိုင်သည်ဟု သူကသတိပေးသည်။

‘ဆယ်မိုနဲလား’ သည် အစာအဆိပ်သင့်စေသည့် ရောဂါပိုးတစ်မျိုးဖြစ်ပြီး လူ၏အူနံရံများသို့ ရောက်ရှိသွားပါက ဝမ်းလျှောခြင်း၊ ပြင်းထန်စွာဗိုက်နာခြင်း၊ အော့အန်ခြင်း နှင့် အဖျားတက်ခြင်း စသည့်ဝေဒနာများ ခံစားရနိုင်သည် ဟုလည်း သူကဆိုသည်။

“နည်းနည်းဆိုးလာရင် ပိုးက အူကနေတစ်ဆင့် သွေးထဲရောက်သွားလို့ရှိရင် သွေးထဲမှာ ဗက်တီးရီးယားပိုးရောက်တဲ့ အဆင့်အထိ ဖြစ်နိုင်တယ်။ တစ်ခါတလေ ရာခိုင်နှုန်းအနည်းအကျဉ်း အသက်အန္တရာယ်တောင်ရှိတတ်ပါတယ်” ဟု ၎င်းကပြောသည်။

သို့ရာတွင် ဆယ်မိုနဲလားသည် ကြက်၏မစင်ကပေးနိုင်သော အကြီးဆုံးအန္တရာယ်မဟုတ်နိုင်သေးပါ။ ၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် သိပ္ပံသုတေသနစာတမ်း ‘Heavy Metal Risks in Integrated Chicken-fish Farming’ အရ ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးစနစ်၏အဓိကစိုးရိမ်စရာမှာ ကြက်စာတွင်ပါဝင်သည့် heavy metal ခေါ် အလေးဆ မြင့်သည့် ဒြပ်စင်များ (အာဆင်းနစ်၊ ကြေးနီ၊ သွပ်၊ ခဲ၊ ပြဒါး စသည်) က ပေးနိုင်သည့် ရောဂါအန္တရာယ် ဖြစ်သည်။

ထိုဒြပ်စင်တို့သည် သတ်မှတ်ပမာဏထက်ပိုများပါက မကြေပျက်နိုင်သောအဆိပ်အတောက်အဖြစ် ကိုယ်ခန္ဓာထဲ ကျန်နေမည်ဖြစ်ပြီး လူတွင် ကျောက်ကပ်နှင့် အသည်းပျက်စီးစေသလို၊ ဦးနှောက်နှင့် ဗဟိုအာရုံကြောစနစ်ဆိုင်ရာ ရောဂါများ၊ မျိုးဆက်ပွားရောဂါများ၊ ကင်ဆာရောဂါအန္တရာယ်များ ရှိနိုင်ကြောင်း အဆိုပါစာတမ်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပပို့သည့် ငါးများမှာ ကြက်၊ ဝက်တို့နှင့် တွဲမွေးသည့် ငါးများ မဟုတ်ဘဲ ငါးသီးသန့် မွေးမြူရေးကန်များမှ ထွက်သည့်ငါးများသာဖြစ်သည်ဟု ရေလုပ်ငန်းရှင်များက ဆိုသည်။ ဦးဝင်းကြိုင်ကမူ ကြက်နှင့်တွဲမွေးသည့် ငါးများကို နိုင်ငံခြားသို့ တင်ပို့ခဲ့ပါက မြန်မာ့ရေထွက်ကုန်ဈေးကွက် နာမည်ပျက်ကိန်းဆိုက် မည်ကို စိုးရိမ်နေသည်။

“‘ကြက်နဲ့ငါးနဲ့ တွဲမွေးတဲ့ဆီက ငါးက ဘေးကင်းပါတယ်ဗျာ’ ဆိုပြီး ပါးစပ်နဲ့ ရမ်းပြီး အာမမခံနဲ့ဗျ။ ထိုင်းမှာမလုပ်တော့ဘူး၊ ဗီယက်နမ်မှာမလုပ်တော့ဘူး၊ တရုတ်မှာမလုပ်တော့ဘူး။ အမိန့်ထုတ်ပြီး ကန့်သတ်ထားတယ်။ ဒါကို မျက်စိမှိတ်ပြီး မငြင်းနဲ့။ ငြင်းလို့မရဘူး။ တိုးတက်တဲ့နိုင်ငံတွေမှာ လုပ်သေးရင် လိုက်လုပ်လို့ ရတယ်။ ကျွန်တော်တို့ သုတေသနတောင် လုပ်စရာမလိုဘူး” ဟု ၎င်းက ပြောသည်။

ကြက်နှင့်ငါး တွဲမွေးခြင်းကို တရုတ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်ကတည်းက တားမြစ်ထားပြီး အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ် တို့တွင်လည်း အလားတူကန့်သတ်ထားသည်ဟု ဦးဝင်းကြိုင်ကပြောသည်။

ဥရောပသမဂ္ဂနှင့် ဆော်ဒီအာရေဗျ စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသည် အစားအစာဘေးကင်းရေးကို အထူးအလေးထားသောကြောင့် ကြက်နှင့်တွဲမွေးထားသည့် ငါးများကို မတင်ပို့သော်လည်း ပြည်တွင်း စားသုံးသူများအား အဆိုပါ ငါးများ စားသုံးခိုင်းသည်က မသင့်တော်ဟု မြန်မာ့ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း (MPEA) အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်က ပြောသည်။

“… (နိုင်ငံခြားက) လူတွေစားဖို့ကျတော့ သေချာသန့်ရှင်းအောင်လုပ်ပြီး ကျွန်တော်တို့ပြည်တွင်းကလူတွေ စားတဲ့ ငါးကျတော့ (ကြက်) ချေး ကျွေးတဲ့ငါးတွေ ကျွေးဟာ၊ စားချင်တာစားဆိုတာမျိုးတော့ မဖြစ်သင့်ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါစနစ်ကို အခြားနိုင်ငံများတွင်လည်း မကျင့်သုံးတော့သဖြင့် ဖျက်သိမ်းသင့်သော်လည်း လုပ်ငန်းရှင်များ နစ်နာမှုမရှိအောင် အချိန်ပေးဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန (ရန်ကုန်တိုင်း) ၏ ညွှန်ကြားရေးမှူးဟောင်း ဦးလှဝင်းက မှတ်ချက်ပြုသည်။

“ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ စားဖို့မသင့်ဘူးပေါ့။ ကြက်စာကနေ ဆေးတွေလည်း ပါနိုင်တယ်လေ။ ကြက်ချေးအောက်ကို ကျတယ်ဆိုရင်တော့ ငါးကပြေးစားမှာပဲလေ” ဟု ဦးလှဝင်းကပြောသည်။

‘ကုန်ဈေးနှုန်းတက်လာရင်ဘယ်သူတာဝန်ယူမလဲ’

သို့သော်မွေးမြူရေးလုပ်ငန်းရှင်များဘက်ကမူ ကြက်နှင့်ငါး တွဲမွေးခြင်းက လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချထားသည်။ ကြက်ချေးကျွေးထားသော ငါးများက လူကို အန္တရာယ်ပေးကြောင်း ဓာတ်ခွဲစမ်းသပ်ထုတ်ဖော်ခြင်းမျိုး “တစ်ကမ္ဘာလုံး ဘယ်နိုင်ငံမှာမှ မရှိဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

“အိန္ဒိယဆိုရင် ဖိအားပေးပြီးတော့ ကြက်နဲ့ငါးတွဲမွေးဖို့ ဆိုပြီးတော့ ထပ်ပြီးတော့ တိုက်တွန်းနေတာ” ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ကလည်း သုတေသနမလုပ်ဘဲ မဝေဖန် သင့်ဟု ဆိုသလို ထိုစနစ်ဖြင့်မွေးသောငါးကြောင့် ထိခိုက်မှုလည်း ယခုအထိမရှိဟု ပြောသည်။

 “FAO (ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့) တို့လို ဝက်ဘ်ဆိုက်တွေမှာလည်း ဝင်ကြည့်နိုင်တယ်။ ခြုံပြောမယ်ဆိုရင် လက်ရှိအထိ ထိခိုက်တာ ဘာတစ်ခုမှမရှိထားဘူး” ဟု ၎င်းကပြောသည်။

ကြက်နှင့်ငါး တွဲမွေးခြင်းကြောင့် ကြက်သားနှင့်ကြက်ဥများကို သင့်တင့်သောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနိုင်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ၂၀၁၉ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် စာစောင်တွင်ရေးသားထားသည်။ ဒုသမ္မတ ဦးမြင့်ဆွေထံသို့လည်း တင်ပြထားသည်ဟု ဆိုသည်။

အဆိုပါစနစ်တွင် အသားစားကြက် ၁ ဒသမ ၃ သန်းကျော်၊ ဥစားကြက် ၂ ဒသမ ၉ သန်း နှင့် ဆီမီးဘရွိုင်လာဟု ခေါ်သည့် ဒံပေါက်နှင့်တွဲဖက်စားသည့်ကြက် ၁ ဒသမ ၄ သန်း မွေးမြူထားပြီး ရန်ကုန်တိုင်းတစ်တိုင်းအတွင်း ကြက်နှင့်ငါး တွဲဖက်မွေးမြူရေး လုပ်ငန်းရှင်ပေါင်း ၂၅၀ ကျော်က လူ ၆,၀၀၀ ကျော်အား အလုပ်ပေးထား ကြောင်းလည်း ဦးမြင့်အောင်က ဆိုသည်။

ရုတ်တရက် ရပ်တန့်လိုက်ပါက ပြည်သူလူထု၏စားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်နိုင်သလို ယင်းလုပ်ငန်းမှ အလုပ်သမားများကို မှီခိုနေသူ လူ ၃၈၀,၀၀၀ ခန့်၏ စားဝတ်နေရေးလည်း ထိခိုက်နိုင်သည်ဟု ထောက်ပြခဲ့သည်။

“ဒီစနစ်ကို ဖျက်လိုက်လို့ … ကုန်ဈေးနှုန်းမြင့်တက်လာရင် ဘယ်သူတာဝန်ယူမလဲ” ဟု ဦးမြင့်အောင်က ပြောသည်။

ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးတွင် လူအများထင်ထားသကဲ့သို့ ကန်ထဲကငါးများက ကြက်၏ချေးကို စားသုံးခြင်းမဟုတ်ဘဲ ငါးကန်အတွင်းရေဩဇာအတွက် အထောက်အကူ ပြုနေခြင်းသာြဖစ်သည်ဟုလည်း ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးလုပ်ငန်းရှင်များက ခုခံကြသည်။

“အပေါ်မှာ ကြက်မမွေးဘူးဆိုရင် ရေဩဇာအတွက် နွားချေးတွေ၊ ကြက်ချေးတွေ ရှာထည့်ရတာ။ အခုက အပေါ်မှာ ကြက်မွေးလိုက်တော့ ပတ်ဝန်းကျင်လည်း မနံတော့ဘူး။ ပိုပြီးတော့ လတ်လတ်ဆတ်ဆတ်နဲ့ ကြက်ချေးကို ငါးကန်ထဲမှာ စုပေးထားတဲ့အတွက် ငါးအတွက် ရေဩဇာ ပိုကောင်းတာပေါ့။ ပြောနေကြသလို ငါးက ကြက်ချေးမစားဘူး။ ကြက်ချေးကနေ ပေါက်တဲ့ ရေဩဇာတွေကို စားတာ” ဟု ဦးမြင့်အောင်ကပြောသည်။

ရေကန်ပေါ်ရှိ ကြက်များအစာကျွေးရန် ကြက်ခြံများကို သန့်ရှင်းရေးလုပ်ချိန်တွင် ရေထဲသို့ကျလာသော အရာဝတ္ထုများကို ငါးများ လုယက်ထိုးဟပ် စားသောက်နေသည်ကို ရန်ကုန်တိုင်း လှည်းကူးနှင့် မင်္ဂလာဒုံမြို့နယ် တို့ရှိ ကြက်နှင့်တွဲမွေးသောငါးကန် ခြောက်ကန်သို့ Myanmar Now က သွားရောက်လေ့လာစဉ်တွင် တွေ့ရှိခဲ့ရသည်။

အင်တာနက်ပေါ်တွင် လွှင့်တင်ထားသည့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကြက်ငါးတွဲဖက်မွေးမြူရေးကန် တစ်ကန်၏ ရုပ်သံဖိုင်တွင်လည်း အပေါ်ကြက်ခြံများမှ ကျလာသည့် မစင်နှင့်အခြားအစာများကို ငါးများ တိုးဝှေ့စားသောက်ကြ သည်ကို မြင်ရသည်။

ယခုစနစ်ကိုအားပေးလိုသူများဘက်မှာလည်း ထောက်ပြချက်တွေ ရှိသည်။ ယခင်က ကြက်နှင့် ငါး တွဲမွေးသည့် စနစ်တွင် ငါးစာသီးသန့်မကျွေးသဖြင့် ဈေးကွက်သို့ ထုတ်လုပ်ရောင်းချရန် အချိန်ကြာမြင့်စွာမွေးမြူရပြီး ယခုတွင် အချို့ လုပ်ငန်းရှင်များက ငါးစာ သီးသန့်ထည့်ကျွေးလာကြသဖြင့် ငါး၏ အလေးချိန်၊ အရည်အသွေးအပါအဝင် ထုတ်လုပ်ချိန် ပိုမြန်လာသည်ဟု ဒေါက်တာကျော်ထင်ကပြောသည်။

ကြက်နှင့်ငါးတွဲမွေးသည့်စနစ်ကို အလျင်စလို ဖျက်သိမ်းလိုက်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများခံစားရမည်ကို ဒေါက်တာကျော်ထင်က စိုးရိမ်နေသည်။

“ငါးလုပ်ငန်းရှင်တွေ ဘက်က တင်ပြသလို ချက်ချင်း ဝုန်းဒိုင်း ဖျက်သိမ်း ရပ်ဆိုင်းဖို့ မရဘူး။ စီးပွားရေးတွေ အကုန်ပြိုလဲသွားမယ်။ စားနပ်ရိက္ခာ ဖူလုံရေးကိုပါ ထိခိုက်လာမယ်။ ဒါကြောင့်မို့လို့ ဒီစနစ်ကို တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ဆိုပြီး ဒုသမ္မတ (၁) (ဦးမြင့်ဆွေ) ကို တင်ပြခဲ့တယ်။ ပြီးတော့ သုတေသန လုပ်ဖို့လည်းလိုတယ်။ အချို့ကိစ္စတွေက ရမ်းပြီးပြောနေလို့မရဘူး” ဟု ၎င်းကပြောသည်။

သက်ဆိုင်ရာဝန်ကြီးဌာနဘက်ကတော့ ပြည်တွင်းပြည်ပဈေးကွက် နှစ်ခုစလုံးအတွက် GAqP နှင့်အညီသာ မြန်မာနိုင်ငံကသွားရန်ကြိုးစားနေကြောင်း ထပ်လောင်း အတည်ပြုသည်။ ပြည်တွင်းရေထွက်ကုန် မွေးမြူထုတ်လုပ်သူများဘက်က GAqP နှင့်အညီ ထုတ်လုပ်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာအောင်သူကလည်း ဇန်နဝါရီလက နေပြည်တော်အစည်းအဝေးတစ်ခု၌ တိုက်တွန်းခဲ့သည်။

၎င်းဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနကလည်း ကြက်နှင့်တွဲမွေးသောငါးများ၏ ကျန်းမာရေး အဆင့်အတန်းကို လျစ်လျူရှုမထားပါဟု ပြောသည်။ ကြက်ချေးများတွင်ပါသည့် ပစ္စည်းများကို သုတေသန လုပ်နိုင်သည့် ISO-17025 လက်မှတ်ရ ဓာတ်ခွဲခန်းလည်း ဌာနမှာ ရှိသလို လုပ်လည်းလုပ်နေပါသည်ဟု ဒုညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောသည်။

သို့သော် ဓာတ်ခွဲစမ်းသပ်နေသည့်အဖြေနှင့် ပတ်သက်၍မူ “နောက်ဆုံး ဓာတ်ခွဲအဖြေက မသိရသေးပါဘူးတဲ့ ခင်ဗျာ” ဟုသာ ဖြေကြားသည်။

စားသုံးသူများဘက်ကတော့ ရွေးချယ်ခွင့် သိပ်မရှိလှ။ ဈေးဗန်းထဲရောက်လာသည့် ငါးက ကျန်းမာရေးနှင့် ညီညွတ်၊ မညီညွတ် ဝေခွဲနိုင်စွမ်းမရှိဟုဆိုကြသည်။ Myanmar Now က ပန်းဘဲတန်းမြို့နယ်အတွင်း ကျပန်းမေးမြန်းခဲ့သည့် ရန်ကုန်ဒေသခံ လူ ၁၀ ဦးက သူတို့စားသုံးနေသည့် ငါးများသည် ကြက်နှင့်တွဲမွေးထားသည့်ငါးများ ဟုတ်မဟုတ် နှင့် တွဲမွေးပါက စားသုံးရန် သင့်မသင့်ကိုလည်း မဝေခွဲနိုင်ဟု ဆိုကြသည်။

ထို့အတူ ကြက်သားနှင့် ငါးဈေးနှုန်းကိုလည်း လက်ရှိထက် ဈေးမတက်စေလိုဟုဆိုကြသည်။

“(ကြက်နဲ့တွဲမွေးတဲ့ငါးမှန်း) သိရင်တော့မစားဘူးပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

ဇော်ရဲသွေး/Myanmar Now

Leave a Reply