မြန်မာနိုင်ငံအပေါ်ဘက်ဒေသများမှ ကြက်သွန်နီအသစ်များ ထွက်ရှိလာပြီးနောက် မွန်ပြည်နယ်တွင် ကြက်သွန်နီဈေးနှုန်း နှစ်ဆနီပါး ထိုးကျလာပြီးဖြစ်ကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သိရသည်။

ကြက်သွန်စိုက်ရာ ဒေသဖြစ်သည့် ကျောက်ဆည်၊ မြင်းခြံများမှ ကြက်သွန်များ ထွက်လာသဖြင့် ဈေးနှုန်းကျလာခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ပထမအပတ်တွင် ကြက်သွန်နီတစ်ပိဿာ ၁၀ဝ၀ ကျပ်အထိကျဆင်းလာခြင်းဖြစ်ကြောင်း မော်လမြိုင် ပွဲရုံများထံမှ သိရသည်။

“ကြက်သွန်နီဈေးနှုန်း ဒီထက်မက ကျဖို့ရှိတယ်”ဟု ကျွန်းဒီပါပွဲရုံက ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ တတိယအပတ်တွင် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာလျှင်ကျပ် ၃၀ဝ၀ ကျော်ထိရှိလာခဲ့ပြီး၊ လက်ရှိ ကြက်သွန်နီပေါက်ဈေးမှာ မြစ်သားကြက်သွန်နီအကြီး တစ်ပိဿာ ၁၂၀ဝ ကျပ်နှင့် ကြက်သွန်နီအသေး တစ်ပိဿာ ၁၀ဝ၀ ကျပ်ရှိကြောင်းနှင့် မြင်းခြံကြက်သွန်နီအကြီး တစ်ပိဿာ ၁၀ဝ၀ ကျပ်နှင့် ကြက်သွန်နီအသေး တစ်ပိဿာ ၈၀ဝ ကျပ် ဖြစ်နေသည်ဟု ယင်းပွဲရုံထံမှ သိရသည်။
Onian
“မိုးကြက်သွန် ထွက်လာတော့ ဈေးကျလာတာဖြစ်တယ်၊ နွေကြက်သွန်၊ မိုးကြက်သွန် ထွက်လာရင်တော့ ဈေးနှုန်းထပ် ကျလာဦးမယ်၊ ဈေးတက်တုန်းက အရောင်းအဝယ်လုပ်ရတာ အဆင်မပြေဘူး၊ ဝယ်တဲ့သူကလည်း ၅၀ သား၊ ၂၅ ကျပ်သား လောက်ပဲဝယ်ကြတယ်၊ အခုဈေးကျတော့ ကြက်သွန်ပိုရောင်းရတယ်”ဟု ကုန်မျိုးစုံ လက်လီဆိုင်တစ်ဆိုင်မှ ပြောသည်။

လက်ရှိတွင် လက်လီ ရောင်းဈေးသည် မြစ်သားကြက်သွန်နီ တစ်ပိဿာ ၁၄၀ဝ ကျပ်နှင့် မြင်းခြံကြက်သွန်နီ တစ်ပိဿာ ၁၃၀ဝ ကျပ်ဖြစ်နေသဖြင့် ဈေးနှုန်း အတက်အကျကို ကုန်စည်ဒိုင်မှ စုံစမ်းကာ ရောင်းချနေကြကြောင်းနှင့် ကုန်စည်ဒိုင် ဈေးတက်ပါက ဈေးတင် ရောင်းချနေကြခြင်းဖြစ်ကြောင်း ကုန်စုံ ရောင်းသူတစ်ဦးက ပြောခဲ့သည်။

Leave a Reply