မော်လမြိုင်၊ ဧပြီ ၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာအပါအဝင် အနီးအနားဝန်းကျင်ကျေးရွာရှိ ထိုင်းငံနိုင်ငံမှ ပြန်လာပြီး (၁၄) ရက်စောင့်ကြည့်ရေးစခန်းထားရှိရာနေရာအချို့တွင် ကျန်းမာရေးပစ္စည်းများ အခက်အခဲဖြစ်ပေါ်နေကြောင်း (၁၄) စောင့်ကြည့်ရေးစခန်းကော်မတီများက ပြောသည်။

“ဌာနကနေ ဘာပစ္စည်းမှ မရောက်ဘူး။ Mask တစ်ခုတောင်မရဘူး။ ပစ္စည်းက ဒေါက်တာအောင်နိုင်ဦး လာလှူတာ ပထမဆုံးပဲ။ ဒီရောဂါက အရေးကြီးတယ်။ ကာကွယ်ရမယ့်နည်းလမ်းတွေ မသိထားတော့ အခက်အခဲဖြစ်တယ်”ဟု တောင်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းထွန်းက ပြောသည်။

အဆိုပါကျေးရွာတွင် နိုင်ငံခြားမှ ပြန်ရောက်လာသူများနှင့် ရန်ကုန်၊ မန္တလေးစသည့်နယ်ဝေးက ပြန်လာသည့်သူများလည်း (၁၄) ရက်စောင့်ကြည့်ရေးစခန်းတွင် နေထိုင်ရနိုင်ရေးနှင့် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လက်ရှိမှာတော့ (၁၄)ရက်စောင့်ကြည့်ရေးစခန်းမှာ Mask တွေဘာတွေကျန်းမာရေးပစ္စည်းတွေ ဘာမရှိသေးဘူး။ ပိုးသတ်ဆေးကအစ ရောဂါကာကွယ်ဖို့ ဘာမှမရှိသေးဘူး”ဟု မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ဒုတိယ ကျန်းမာရေးတာဝန်ခံ မင်းလရီစွမ်းက ပြောသည်။

အစိုးရသက်ဆိုင်ရာဌာနမှ ကျန်းမာရေးပစ္စည်းနှင့်ပတ်သက်၍ မိမိတို့ မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာကို ပံ့ပိုးပေးခြင်းမရှိသော်လည်း အစိုးရကျန်းမာရေးဌာနမှ လက်လှမ်းမမှီသည့်ကျေးရွာများကို မိမိတို့ ကျန်းမာရေးဌာနက ကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆိုသည််။

“ကျွန်တော်ဒီဆောင်ရွက်နေတာ ဘယ်အဖွဲ့အစည်းကမှ ကျန်းမာရေးပစ္စည်းပံ့ပိုးပေးတာမရှိသေးဘူး။ မွန်လွှတ်တော် ဒုဥက္ကဌတစ်ယောက်ပဲ လာရောက်ပြီး ပစ္စည်းအချို့လှူဒါန်ပေးတယ်”ဟု (၁၄)ရက် စောင့်ကြည့်စခန်း ကူညီဆောင်ရွက်ပေးနေသူ နိုင်ဇာတိနိုင်က ပြောသည်။

မိမိတို့ကူညီဆောင်ရွက်ပေးနေသည့်ကျေးရွာပေါင်း ၄၀ ရွာရှိပြီး ထိုင်းနိုင်ငံမှ ပြန်လာသူ စုစုပေါင်း ၃၇၀ ဦးရှိသော်လည်း COVID-19 ရောဂါနှင့်ပတ်သက်၍ လက္ခဏာတစ်စုံတစ်ရာပြလာခြင်းမရှိသေးကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအာင်နိုင်ဦးက ပြည်တွင်းပြည်ပ အလှူရှင်များကိုယ်စား တောင်ပေါက်ကျေးရွာအပါအဝင် အနီးအနားဝန်းကျင်ရှိ ကျေးရွာများအတွက် ကလိုရင်းပိုးတ်ဆေး၊ Mask ၊ PPE ဝတ်စုံနှင့် အခြားသောပစ္စည်းများကို လှူဒါန်းပေးခဲ့သည်။


shwe yoe

Leave a Reply