Advertisements

ၾမော်လမြိုင် ဖေဖော်ဝါရီ

မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာတွင် တည်ဆောက်ထားသော ကြာအင်း တန်ဖိုးသင့် အိမ်ရာကို ရောင်းချရန် မူဝါဒ မချမှတ်ရသေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

“ဒီတန်ဖိုးသင့် အိမ်ရာနဲ့ ပတ်သက်ပြီး နောက်အစည်းအဝေးအထိတောင် ဘယ်လို ရောင်းချမယ့် မူဝါဒတောင် မချမှတ်နိုင်သေးဘူး၊ ရောင်းချဖို့က မဖြစ်နိုင်သေးဘူး”ဟု ၎င်းက ပြောသည်။

ရောင်းချရာတွင် ငွေးပေးပေးယူမည့် ကိစ္စရပ်၊ မည်သည့်ဘဏ်နှင့် ချိတ်ဆက်မည့်အပိုင်း ၊ မည်သည့်နှစ်အထိ အကျေဆပ်ရမည်ကို မလုပ်ဆောင်ရသေးကြောင်း၊ ဝန်ထမ်း ဦးစားပေးမည့် ကိစ္စကိုပါ ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ယခုအခါ ယင်းအိမ်ရာ၏ ဆောက်လုပ်မှုမှာ ၉၉ ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီး ကြံ့ခိုင်မှု စစ်ဆေးရန်သာ ရှိတော့ကြောင်း၊ ထိုသို့ စစ်ဆေးပြီးပါက ပြည်နယ်အစိုးရမှ လွှဲပြောင်းရယူမည်ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ပြောသည်။

အစိုးရအနေဖြင့် လွှဲပြောင်း ရယူပြီးပါက ထိန်းသိမ်းရန်နှင့် ရောင်းချမည့် ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် အနည်းဆုံး နောက် နှစ် လမှသာ ရောင်းချနိုင်မည်ဟု ၎င်းက ခန့်မှန်းသည်။

“ဒီအိမ်ရာကို ပင်စင်သမားတွေဆိုရင်လည်း လိုချင်ကြတာပဲ၊ နောက်ပြီး အိမ်ပိုင်မရှိတဲ့ ဝန်ထမ်းတွေ၊ အခြေခံလူတန်းစားတွေလည်း လိုချင်ကြတာပဲ၊ ပိုက်ဆံစပြီးသွင်းတဲ့ အချိန်မှာ လျှော့ပေးပြီး အရစ်ကျသွင်းတဲ့အခါကျရင် နည်းနည်းတိုးပြီး နှစ်ရှည်စောင့်ပေးနိုင်ရင် ပိုကောင်းတယ်”ဟု မော်လမြိုင်မြို့ခံ ဦးကျော်မြင့်က ဆိုသည်။

လက်ရှိတွင် ယင်း အိမ်ရာကို သူဌေးများက ဝယ်ယူရန် စုံစမ်းနေပြီး လျှောက်လွှာများ ဝယ်ယူရန် စီစဉ်နေကြပြီဟု ၎င်းက ပြောဆိုသည်။

လျှောက်လွှာ ရောင်းချနေသည်ဟု သတင်းထွက်ပေါ်မှုကို ဦးမင်းကျော်လွင်က “လျှောက်လွှာ ရောင်းချမှုက မရှိပါဘူး၊ ဘယ်သူ့ကိုမှလည်း မရောင်းသေးပါဘူး၊ အပြင်မှာကတော့ လျှောက်လွှာ တစ်စုံကို ဘယ်လောက်ဆိုပြီး ကြားနေရတယ်၊ ပွဲစားနဲ့တောင် လုပ်နေကြတယ်လို့ ကြားနေရတယ်”ဟု ဆိုသည်။

ကြာအင်း အိမ်ရာ စီမံကိန်းကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၅ ဘီလီယံ ကျော် ကုန်ကျခံ တည်ဆောက်ထားသည်။ အိမ်ရာတွင် ၁၆ ခန်းပါ လေးထပ်တိုက် ၁၆ လုံး အခန်းပေါင်း ၂၅၆ ခန်း ပါဝင်သည်။

အိမ်ရာ၏ ဈေးနှုန်းကို အစိုးရအဖွဲ့မှ မြေညီထပ် သိန်း ၂၃ဝ ကျပ်၊ ပထမထပ် သိန်း ၂၁ဝ ကျပ်၊ ဒုတိယထပ်တွင် သိန်း ၂ဝဝ ကျပ်နှင့် အပေါ်ဆုံးထပ်သည် သိန်း ၁၈ဝ ကျပ် သတ်မှတ်ထားသည်။

ပြီးခဲ့သော အစိုးရလက်ထက်က မော်လမြိုင်မြို့ သီရီ မင်္ဂလာ ရပ်ကွက်တွင် တည်ဆောက်သော တန်ဖိုးနည်း အိမ်ရာ၏ ရောင်းချမှုမှာ လျှောက်လွှာခေါ်ယူသည့်နေ့၌ ကျပ် ၂၅သိန်း အရင်ပေးသွင်းခဲ့ရကြောင်း သိရသည်။

လျှောက်လွှာတင်သူများသောကြောင့် မဲနှိုက်ရွေးကာ မဲပေါက်သူက ၂ပတ်အတွင်း ကျပ် ၂၅သိန်း ထပ်မံသွင်းရပြီး၊ စုစုပေါင်း သိန်း ၅ဝသွင်းပြီးပါက အခန်းမဲနှိုက်ကာ မဲပေါက်သောအခန်းကို ယူရသော စနစ်ကို ကျင့်သုံးခဲ့သည်။

ပေးဆောင်ရန်ကျန်ရှိသည့် ငွေများကို ၅နှစ်အတွင်း အရစ်ကျစနစ်ဖြင့် ပေးချေခဲ့ရသည်။

ဗဟိန်း

Advertisements
<

Leave a Reply