By ထွန်းခိုင်
Via Myanmar Now
13/06/2019

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်သည် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်ကြောင်း ရွေးကောက်ပွဲပြိုင်ဘက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD – ကျားခေါင်းပါတီ) ၏ အမတ်လောင်းက တိုင်ကြားမှုကို ရွေးကောက်ပွဲကော်မရှင်က ယနေ့ ပယ်ချလိုက်သည်။

၂၀၁၈ နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအားလုံး၏ ၄၀ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာသည့် NLD ပါတီမှ ဦးစိုင်းပန်းဆိုင်အား SNLD မှ အမတ်လောင်း ဒေါ်နန်းထွေးမှုံက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်နန်းထွေးမှုံ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၆ လကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ဦးစိုင်းပန်းဆိုင်အား အနိုင်ပေးရန် ကော်မရှင်က ယနေ့ဆုံးဖြတ်လိုက်ကြောင်း ဦးစိုင်းပန်းဆိုင်၏ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒေါ်နန်းထွေးမှုံအား တရားစားရိတ် ၂ သိန်းကျပ် ကို ကန့်ကွက်ခံရသည့် ဦးစိုင်းပန်းဆိုင်ထံ ပေးရန်လည်း အမိန့်ချခဲ့သည်။

ဒေါ်နန်းထွေးမှုံသည် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအားလုံး၏ ၂၆ ရာခိုင်နှုန်းကျော် ရခဲ့ပြီး ဦးစိုင်းပန်းဆိုင်အား ကန့်ကွက်မှု အောင်မြင်ခဲ့ပါက ဝန်ကြီးနေရာ ရရှိမည်ဖြစ်သော်လည်း သူ၏ ကန့်ကွက်မှုသည် မအောင်မမြင်ဖြစ်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ ဝန်ကြီး ဦးစိုင်းကျော်ဇော (၆၈ နှစ်) သည် ၂၀၁၈ အစောပိုင်းတွင် ကွယ်လွန်သွားခဲ့သည့် အတွက် လစ်လပ်နေသည့် ဝန်ကြီးနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ လစ်လပ်နေရာအတွက် ဦးစိုင်းပန်းဆိုင်၊ ဒေါ်နန်းထွေးမှုံ တို့နှင့်အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် တစ်သီးပုဂ္ဂလ အမတ်လောင်းတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ယနေ့ဆုံးဖြတ်ချက်အပေါ် ဒေါ်နန်းထွေးမှုံသည် အယူခံ တက်ခွင့်ရှိသည်။

ပြီးခဲ့သည့်လအတွင်းကလည်း ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် (၂) နေရာအတွက် အငြင်းပွားမှုတွင် အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးနေမျိုးအောင်၏ မဲဆွယ်လှုပ်ရှားမှုတချို့မှာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲခုံရုံးက ဆုံးဖြတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်အား အနိုင်ပေးခဲ့သည်။

Leave a Reply