မော်လမြိုင်၊ ဇူလိုင်
နိုင်ငံရေးအရ ကြိုတင်ညှိနှိုင်းခြင်းမလုပ်ဘဲ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်မည်မဟုတ်ကြောင်း မွန်ညီညွတ်ရေး ပါတီအတွင်းရေးမှူး (၁) နိုင်လယီတမက ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဗီတို အာဏာရရှိထားသောတပ်မတော်နှင့် တစ်စုံတရာသဘောတူညီချက်မရှိဘဲ အခြေခံဥပဒပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အရာမရောက်ကြောင်းလည်း နိုင်လယီတမကထပ်လောင်းပြောကြားသည်။
“၄၅ဦးကော်မတီနဲ့ လွှတ်တော်လမ်းကြောင်းက ပြင်ဆင်နေတဲ့ အနေအထားက ကျွန်တော်အနေနဲ့ သိပ်ပြီးတော့ မျှော်လင့်ချက်သိပ်မထားဘူး ” ဟု နိုင်လယီတမကဆိုသည်။
ဇူလိုင်လ ၁၅ရက်နေ့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်သည့်အချက်ပေါင်း ၃၇၆၅ချက်ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည်။
ထိုပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ်တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ၇၈ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၂၅ ဦးဆွေးနွေးရန် လွှတ်တော်တွင်တင်ပြထားသည်။
အဆိုပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကို ၂၀၁၉ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အရေးကြီးအဆိုတင်ကာဖွဲ့စည်းထားခြင်းဖြစ်ပြီးယင်းအဆိုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ ကကန့်ကွက်ခဲ့ကြသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ထောက်ခံပွဲများ၊ကန့်ကွက်ပွဲများကို တစ်နိုင်ငံလုံးရှိမြို့ကြီးများတွင် ပြုလုပ်နေကြသည်။
ရန်လင်းအောင်