November 04, 2020

ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်၍ မြေပြင်တွင် လွဲချော်မှုများစွာရှိနေကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်ကတော့ သူ့အလုပ်သူလုပ်တာပါပဲ။ ကျွန်တော်တို့ကတော့ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေဆိုပြီးတော့ အောက်ခြေမှာ စေ့စပ်ညှိနှိုင်းရေးတွေ လုပ်နေပါတယ်။ ပြိုင်ဘက်အချင်းချင်းလည်း နားလည်မှုရှိရတာပေါ့။ ကော်မရှင်ဘက်ကနေ လွဲချော်မှုတွေကတော့ အမှန်တကယ်ရှိနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ၌ ပြည်သူ့ပါတီကိုကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထင်အောင်ကျော်ထက်က ပြောသည်။

မမှန်ကန်သော ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ ပြောဆိုရေးသား၊ ဖြန့်ချိ၊ ထုတ်လွှင့်ခြင်းနှင့်စပ်လျဉ်း၍ UEC က အသိပေးကြေညာချက်တစ်စောင်ကို နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ အခြေအမြစ်မရှိသော သတင်းအချက်အလက်များကို ပြောဆို၊ ရေးသား၊ ဖြန့်ချိခြင်း၊ ပြုလုပ်ခြင်းသည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ လုပ်ဆောင်ရာရောက်သည့်အတွက် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဃ) တွင် ပြဌာန်းထားချက်နှင့် ငြိစွန်းကြောင်း ဖော်ပြခဲ့သည်။

UEC ၏ အသိပေးကြေညာချက်နှင့်ပတ်သက်၍ မြေပြင်အခြေအနေနှင့် ကွဲလွဲမှုဖြစ်ပေါ်နေပြီး ကြိုတင်မဲများ ကောက်ယူရာတွင် UEC အနေဖြင့် လွဲချော်မှုများ၊ အားနည်းချက်အမှန်တကယ်ပင်ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက တုန့်ပြန်ပြောကြားသည်။

ယခုလို ကြိုတင်မဲပေးခြင်းလုပ်ငန်းများဆောင်ရွက်နေသည့်ကာလတွင် ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲပြောဆိုမှုဆိုရာ၌ အချက်အလက်အတိအကျဖြင့် ပြောဆိုမှုများဖြစ်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် အရေးယူရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများက ထောက်ပြခဲ့သည်။

မွန်ညီညွတ်ရေးပါတီမှ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာဟိန်းပိုင်ထူးချစ်က “ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက်ကြောင့်ဖြစ်လာတဲ့ ကိစ္စရပ်တွေမှာ လူတွေဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကိုတော့ ပြောခွင့်ရှိရမယ်။ အကောင့်တုတွေနဲ့ စွပ်စွဲပြောဆိုတာမျိုးတော့ထားပေါ့။ စွပ်စွဲတယ်ဆိုတဲ့နေရာမှာလည်း အချက်အလက်အတိအကျနဲ့ဆိုရင် သေသေချာချာ အရေးယူဖို့လိုတယ်” ဟု ပြောသည်။

ယခုအခါ ကြိုတင်မဲကောက်ယူရာတွင် ကော်မကပ်ခြင်း၊ စာအိတ်များ ပေါက်ပြဲနေခြင်း၊ တံဆိပ်တုံးအတုများ ဖြစ်နေခြင်း စသည့် ကိစ္စရပ်များမှာ လက်ရှိမြေပြင်တွင်အမှန်တကယ်ဖြစ်ပွားနေသည့် ကိစ္စရပ်များဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။

ထိုသို့ ကြိုတင်မဲနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့်အခက်အခဲများ၊ အဆင်မပြေမှုများနှင့်ပတ်သက်၍ အချို့သော နိုင်ငံရေးပါတီများနှင့် အချို့သော နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် သတင်းအချက်အလက်များကို ပြောကြားခြင်း၊ ရေးသားထုတ်ဝေခြင်းကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ဆောင်လျက်ရှိသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ မိကွန်ချမ်းက “အဓိကသူတို့ရဲ့ရည်ရွယ်ချက်က ပြဿနာဖြစ်ပြီး ပယ်မဲဖြစ်အောင်လုပ်တာ၊ ကြိုတင်မဲအိမ်တွေလိုက်ကောက်ရင် ကြွတ်ကြွတ်အိတ်နဲ့ထည့်ကောက်ခိုင်းတာတို့၊ တံဆိပ်တုံးအတုနဲ့မဲထည့်ခိုင်းတာတို့၊ မဲရုံထဲကို သတင်း ထောက်အယောင်ဆောင်ပြီးအရူးကွက်လုပ်ခိုင်းတာတို့၊ ည ည ဘက် မဲပုံးထားရင် မဲပျောက်အောင်လုပ်မယ်၊ ကြွက်ကိုက်လို့ မဲတွေပျက်စီးသွားမယ်၊ ကြိုဖြတ်သွားလို့မဲတွေထွက်ကြလာမယ်၊ အကြောင်းအရာမျိုးစုံဖြစ်လာ မယ်၊ ရက်ရှည်တော့ စောင့်တဲ့လူတွေ စိတ်မရှည်တော့ဘူး၊စိတ်ပျက်လာမယ်၊ ဒါတွေဟာ ကြိုတင်ကြံစည်ထားတဲ့ ကိစ္စတွေပါ၊ ယခု ကိုဗစ်ကာလကြိုတင်မဲကိုမြို့နယ်ရွေးကော်၊ပြည်နယ်ရွေးကော်တွေကနေ အစဉ်ပြေသလို စီမံခွင့်ပေးထားတယ်လို့ကြားပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုဝင်ဘာ ၂ ရက်က ရေးသားခဲ့သည်။

သို့သော်လည်း UEC ၏ ထုတ်ပြန်ချက်တွင် အခက်အခဲများ၊ အဆင်မပြေမှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များတွင် မှန်ကန်သည့် သတင်းအချက်အလက်များပါရှိသကဲ့သို့ မဟုတ်မမှန်သော သတင်းအချက်အလက်များ ချဲ့ကားထားသော သတင်းအချက်အလက်များ၊ မှန်ကန်သော သတင်းအချက်အလက်များကို ဖုံးကွယ်၍ မဲဆန္ဒရှင်ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေသည့် သတင်းအချက်အလက်များ၊ ကိုယ်တိုင်တိုက်ရိုက်သိရှိခြင်းမရှိဘဲ ထပ်ဆင့်ကြားသိရချက်အပေါ် အခြေပြုထားသော သတင်းအချက်အလက်များ ပါဝင်နေသည်ကို တွေ့ရှိရသည်ဟု ဖော်ပြခဲ့သည်။

လက်ရှိတွင် UEC အနေဖြင့် ရွေးကောက်ပွဲကာလအခက်အခဲများ၊ အဆင်မပြေခြင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေအလိုက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့များထားရှိပြီး ညှိနှိုင်းဖြေရှင်းလျက်ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် ကော်မရှင်က ထုတ်ပေးထားခြင်းမရှိသည့် အမှန်ခြစ်တံဆိပ်တုံးအတု ယူဆောင်ပေးခြင်းတို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် စီးပွားချောင် ကျေးရွားအုပ်စု၊ ရှော်ချောင်းကျေးရွာက အလယ်တန်းပြဆရာမ ဒေါ်မိုးမြတ်သူဇာနှင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှ ပြည်ခိုင်ဖြိုး မဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်းတို့ကို လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ ပါ ပြဌာန်းချက်များနှင့်အညီ အမှုဖွင့်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

===

Leave a Reply