ထားဝယ် နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီးတွင် ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းရန် ပြင်ဆင်နေသည့် ဒေသ ၁၉ ခုအနက် တစ်ခုကို ယခုဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကျန်ဒေသများအတွက် ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း သစ်တောဦးစီးဌာန တိုင်းရုံးထံမှ သိရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ မြေဧက ၁၆၀ အကျယ်အဝန်းရှိ အစ်အစ်ဒီရေတောကို ယခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့မှစ၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့်က ထုတ်ပြန်ကြေညာခဲ့သည်။ ဆက်လက်၍ ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခုရှိ သစ်တောဖုံးလွှမ်းဧရိယာနေရာ ၁၉ခု (မြေ ဧက နှစ်သိန်းနှစ်သောင်းကျော်)ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“ကျန်တဲ့ဟာတွေကတော့ ကြေးတိုင်ပုံစံ တင်ထားပြီးတော့ ကက်ဘိနက်တင်ဖို့ စောင့်နေတာ၊ တချို့ဟာတွေလည်း အခုမှ ကွင်းထဲဆင်းပြီးတော့ သက်ဆိုင်ရာ ဒေသခံပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးအစိုးရရဲ့သဘောထားမှတ်ချက်တွေ ယူနေတယ်”ဟု တိုင်း သစ်တောရုံး ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

အဆိုပါဧရိယာတွင် ဒေသခံပြည်သူများက ထိန်းသိမ်းခြင်း လုပ်ဆောင်နေသကဲ့သို့ သစ်တောဦးစီးဌာနဖက်ကလည်း သစ်တောဥပဒေ၊ နည်းဥပဒေအရ ကာကွယ်ပေးထားကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် FLEGT (Forest Law Enforcement and Governance Trade) တနင်္သာရီတိုင်းဒေသကြီး အမျိုးသားအဆင့်ကိုယ်စားလှယ်၊ ထားဝယ်သုတေသနအသင်း(DRA) ဥက္ကဌ ဦးဇော်သူရက“ပြည်သူကတော့ ဘာမှမသိတဲ့အတွက် အစိုးရက လုပ်ရင် ငါတို့ ဘာမှ လုပ်လို့ မရတော့ဘူး ဆိုတဲ့ဟာမျိုးပေါ့နော်၊ စိုးရိမ်ပူပန်မှုတွေ အများကြီး ရှိပါတယ်။ ပြည်သူလူထု လက်ခံလာအောင် ရှင်းလင်း ဆွေးနွေးပြီးမှ အကောင်အထည်ဖော်စေချင်တယ်” ဟု မှတ်ချက်ပြုသည်။

အစ်အစ် ဒီရေတောကို ကြိုးပြင်ကာကွယ်တောအဖြစ် ယင်းသို့ ကြေညာပြီးနောက် ၎င်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက် အခြေချနေထိုင်ခြင်း၊ အိမ်မွေးတိရစ ္ဆာန်မွေးမြူခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို ခွင့်ပြုမိန့်မရရှိဘဲ စားကျက်ချခြင်း၊ ဝင်ရောက်စေခြင်း၊ ခွင့်ပြုချက်မဲ့ ခုတ်ထွင်ရှင်းလင်းခြင်း၊ တူးဆွခြင်း စသည့် မူလအနေအထား ယိုယွင်းစေခြင်း၊ ရေစီးရေလာ ပျက်စီးစေခြင်းမပြုလုပ်ရန် ဝန်ကြီးဌာနက တားမြစ်လိုက်သည်။ ပျက်ကွက်ပါက သစ်တောဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။

တိုင်းအတွင်း သစ်တောဦးစီးဌာနက စီမံခွင့်ရှိသည့် သစ်တောကြိုးဝိုင်း ၂၉ခု၊ ကြိုးပြင်ကာကွယ်တော ၁၆ခု၊ သဘာဝထိန်းသိမ်းနယ်မြေ သုံးခုရှိပြီး စုစုပေါင်းမြေအကျယ်အဝန်းမှာ ဧက သုံးသိန်းခွဲနီးပါးရှိသည်ဟု သိရသည်။

တင့်လွင်

Leave a Reply